မဟာဗျူဟာ နှင့် နည်းဗျူဟာ နျူလက်နက် ကွာခြားချက်များ

Knowledge Military

မဟာဗျူဟာမြောက် နျူလက်နက်ဆိုတာ

နျူကလီးယား စစ်ပွဲလို့ ပြောလိုက်တာနဲ့ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များကို လူတိုင်း ပြေးမြင်မိမှာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်က ဂျပန်နိုင်ငံ နာကာဆာကီ နှင့် ဟီရိုရှီးမားကို ကြဲချခဲ့သည့် Fat Man နှင့် Little Boy တို့ဟာ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များ ဖြစ်ပါတယ်။

မဟာဗျူဟာမြောက် နျူလက်နက်များဟာ မဟာဗျူဟာမြောက် အရေးပါသည့် ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာပါ။

၎င်းတို့ဟာ နည်းဗျူဟာမြောက် နျူလက်နက်များထက် ဖျက်အားများစွာ ပြင်းထန်ပြီး နည်းဗျူဟာမြောက် နျူလက်နက်များဟာ အဓိကအားဖြင့် စစ်မြေပြင်များတွင် အသုံးပြုဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

RT-2PM2 Topol-M တိုက်ချင်းပစ် ဒုံး

ဒါကြောင့် အဆိုပါ လက်နက်များဟာ မဟာဗျူဟာမြောက် လက်နက်များထက် အရပ်သားထိခိုက်မှုကို ပိုမို လျှော့ချ နိုင်ပါတယ်။

အဓိပ္ပါယ်အားဖြင့် မဟာဗျူဟာမြောက် “Strategic nuclear weapons” များဟာ အမြင့် တခုမှ သို့မဟုတ် တိုက်ကြီး တတိုက်နှင့် တတိုက် အကွာအဝေးမှ တိုက်ခိုက်နိုင်တဲ့ လက်နက်များကို ခေါ်ဆိုတာပါ။

၎င်းတို့ဟာ ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေမှ မဟာဗျူဟာမြောက်တယ် ဆိုပေမယ့် သေးငယ်ရင်တောင်မှ မိုင် ထောင်ပေါင်းများစွာ အထိ ပစ်လွှတ် နိုင်လျှင် မဟာဗျူဟာမြောက် လက်နက်လို့ သတ်မှတ် နိုင်ပါတယ်။

၎င်းတို့ကို ပုံစံအားဖြင့် Intercontinental ballistic missile (ICBM) လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးပျံများ၊ နျူကလီးယား စွမ်း အင်သုံး ရေငုပ်သင်္ဘောမှ တာဝေး ပဲ့ထိန်းဒုံးများ၊ ရေဒါ ပျောက် B-2 နှင့် B-52 ကဲ့သို့ တာဝေးဗုံးကြဲလေယာဉ်ကြီးများနှင့် တွဲဖက်သည့် လက်နက်များ အဖြစ် တွေ့ရတတ်ပါတယ်။

ယခင် Minuteman ICBM

နည်းဗျူဟာမြောက် နျူလက်နက်ဆိုတာ

Tactical nuclear weapon လို့ခေါ်တဲ့ နည်းဗျူဟာမြောက် နျူလက်နက်များဟာ ရုရှားနှင့် အမေရိကန်တို့ ပိုင်ဆိုင်တဲ့ နျူလက်နက်များ၏ ၃၀ မှာ ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။

၎င်းတို့ကို တာတို တိုက်ခိုက်နိုင်အောင်သာ ဒီဇိုင်းဆွဲထားပြီး လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်မှ ပစ်လွှတ်နိုင်ပါတယ်။

ပြင်သစ်ကတော့ ၎င်းတွင် ရှိသမျှ နျူလက်နက်များကို မဟာဗျူဟာမြောက်အဖြစ် သတ်မှတ်ထားတဲ့အတွက် အသုံးအနှုန်း အနေဖြင့် ကွဲပြားနိုင်ပါတယ်။

ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ နည်းဗျူဟာမြောက် နျူလက်နက်များဟာ မဟာဗျူဟာမြောက် လက်နက်များ ထက် သေးငယ်ပြီး စစ်မြေပြင်နှင့် ပစ်မှတ်အသေးစားများကို ချေမှုန်းဖို့ပါ။

အဓိကအားဖြင့် တာတိုသာ ပစ်လွှတ်နိုင်တဲ့အတွက် ၎င်းတို့ဟာ နျူစစ်ပွဲကြီးမျိုး ဖြစ်ဖို့ ရည်ရွယ်မထားဘူးဆိုတာ မြင်သာပါတယ်။

၎င်းတို့ကို ပုံစံအားဖြင့် တာတို ဒုံးကျည်၊ မြေမြှပ်မိုင်းများ၊ အမြှောက်ဆံများ၊ ရေအောက်အနက်တွင် ရေငုပ်သင်္ဘောများအား တိုက်ခိုက်မှုများ နှင့် တော်ပီဒိုများ အဖြစ် တွေ့ရတတ်ပါတယ်။

နည်းဗျူဟာ နျူလက်နက် အရေအတွက်၊ စွမ်းအားများ လျှော့ချရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှားတို့ အကြား သ ဘောတူညီမှုတွေ ရရှိခဲ့ပေမယ့် ထင်သလောက်ကြီးတော့ လျော့ကျမလာခဲ့ပါဘူး။

“အချို့ကဏ္ဍများတွင် နည်းဗျူဟာ နျူလက်နက်များဟာ မဟာဗျူဟာမြောက် လက်နက်များထက် ပိုပြီး အန္တရာယ်ကြီးတယ်” လို့ Nuclear Threat Initiative အတွက် အပိုင်းတပိုင်း ရေးသားပေးခဲ့ဖူးသူ Nikolai Sokov က ဆိုပါတယ်။

“သူတို့ဟာ သေးငယ်တို့အတွက် ခိုးယူခံရနိုင်ပြီး အသုံးပြုလို့ ရတဲ့အတွက် ဒီလို နည်းဗျူဟာလက်နက်တွေ ရှိတာဟာ ကမ္ဘာ့လုံခြုံရေးကို အန္တရာယ် ဖြစ်စေပါတယ်”

“အကြောင်းအမျိုးမျိုးကြောင့် ရုရှားနှင့် အမေရိကန်တို့၏ နျူကလီးယား လက်နက်များ အသုံးပြုနိုင်မှု အပေါ် ခံယူချက် အသစ်တခုခု ဖြစ်လာပါက အခြား နိုင်ငံများအတွက် အန္တရာယ်ရှိသည့် စံနမူနာ တခုကို ဖန်တီးနိုင်တယ်” လို့ Sokov က ပြောပါတယ်။

တကယ်လည်း ယူကရိန်း-ရုရှား အရေးတွင် နျူကလီးယား လက်နက်ဟူသည့် အသံဟာ ကမ္ဘာကို တုန်လှုပ်စေခဲ့တာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.