MPA ကင်းလှည့် လေယာဉ်ကြီးများ
ခေတ်သစ် ပင်လယ်ပြင် ကင်းလှည့်လေယာဉ်ကြီးများဟာ နှေးကွေးတယ်လို့ ထင်ရပေမယ့် သင့်မျက်လုံးနှင့် မမြင်နိုင်တဲ့ အရာတွေကို ထောက်လှမ်းနိုင်ပါတယ်။
Maritime Patrol Aircraft (MPA) လေယာဉ်များဟာ အမေရိကန်၏ တောင်တရုတ် ပင်လယ်ပြင်အတွင်း မဟာဗျူဟာမြောက် အစီအမံတခုဖြစ်ပြီး အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ယူထားပါတယ်။
ရေတပ်ဟာ ပင်လယ်ပြင်တွင် ကင်းလှည့်ရာတွင် သင်္ဘောများထက် ပိုမို လျှင်မြန်စွာ ရွေ့လျှားနိုင်ကာ အမြင့်မှ စောင့်ကြည့်နိုင်သည့် အားသာချက်များကြောင့် MPA လေယာဉ်ကြီးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
၎င်းတွင် မျက်စိနှင့် မြင်နိုင်ဖို့ ခဲယဉ်းသည့် နေရာများအထိ တွေ့ရှိနိုင်သည့် Magnetic Anomaly Detectors (MADs) များကို တပ်ဆင်ထားပြီး ရေငုပ်သင်္ဘောများကို ကောင်းစွာ ထောက်လှမ်းနိုင်သလို အခြား သင်္ဘောများကိုလည်း သိရှိနိုင်သည့် ရေဒါတွေ ပါဝင်ပါသေးတယ်။
ဒါ့အပြင် ညပိုင်းတွင် အလုပ် လုပ်နိုင်သည့် အနီအောက်ရောင်ခြည်၊ အပူလှိုင်းပုံဖော် ကင်မရာများ တပ်ဆင် ထားသည့် အ တွက် နေ့ရောညပါ တာဝန်ထမ်းဆောင်နိုင်စွမ်း ရှိပါတယ်။

လေယာဉ်ဟာ အသံလှိုင်းများကို အာရုံခံနိုင်သည့် sonar စနစ်များ ရေအောက်တွင် ချိတ်ဆွဲထားသည့် sonobouy လို့ခေါ်တဲ့ ဘောကွင်းများကိုပါ ပစ်ချနိုင်သည့်အတွက် ရေငုပ်သင်္ဘောများကို အလွယ်တကူ အာရုံခံနိုင်ပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေး ရေဒီယိုလှိုင်း မဟုတ်သည့် ရေဒါမှ ပါသည့် လှိုင်းများကို တိုင်းတာ နိုင်သည့် အီလက်ထရွန်းနစ် ထောက်လှမ်းရေး အာရုံခံကိရိယာဖြစ်သည့် ELINT စနစ်များကိုလည်း တပ်ဆင်ထားပါသေးတယ်။
ထိုစနစ်များဟာ တရုတ်နိုင်ငံ၏ ရေဒါစနစ်များမှ ထွက်လာသည့် လှိုင်းများကို သိရှိနိုင်သည့်အတွက် ၎င်းတို့၏ ရေဒါများဟာ ဘယ်လောက်အထိ ထောက်လှမ်းနိုင်သလဲ ဆိုတာကိုပါ သိရှိနိုင်ပါတယ်။
ဒီလို အားကောင်းပြီး ပြီးပြည့်စုံသည့် အာရုံခံ ကိရိယာများကြောင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးအတွက် MPA ၏ အရေး ကြီး သည့် ကဏ္ဍမှာ အထူးပေါ်လွင်နေပါတယ်။
ရေဒါကို ပုန်းကွယ်နိုင်သည့် ရေငုပ်သင်္ဘောများနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး နည်းပညာများဟာ အပြန်အလှန် ပြိုင်ဆိုင်နေရပြီး ခေတ်သစ်စစ်ပွဲများအတွက် လွန်စွာ အရေးပါပါတယ်။
အထူးသဖြင့် အကွာအဝေး အလွန်နီးကပ်သည့် ဂျပန်နှင့် ထိုင်ဝမ် တဝိုက် တရုတ်နိုင်ငံ၏ သင်္ဘောများ အခြေစိုက်စခန်း တခုမှ တခုသို့ ရွေ့လျားမှုကို ခြေရာခံနိုင်ဖို့ အတော်လေး အရေးကြီးပါတယ်။

Seaspray 5000 ကဲ့သို့ MPA တွင် တပ်ဆင်ထားသည့် ရေဒါများဟာ အကွာအဝေး ရေမိုင် ၂၀၀ လောက်အထိ ထောက် လှမ်း နိုင်စွမ်း ရှိပါတယ်။
ဂျပန်နှင့် ထိုင်ဝမ်တို့၏ P-3C MPA လေယာဉ်များတွင် ပိုမို ကောင်းမွန်သည့် AN/APS-115 နှင့် AN/APS-137D(V)5s ကဲ့ သို့ ရေဒါများ တပ်ဆင်ထားသဖြင့် ထိုထက် ပိုမို ဝေးကွာသည့် နေရာများကို စောင့်ကြည့်နိုင်မှာ အသေအချာပါပဲ။
ရေ မိုင် ၂၀၀ ဆိုရင်တောင် အရှေ့တရုတ် ပင်လယ်ပြင်ပေါ် ပျံသန်းနေသည့် MPA တစင်းအတွက် တရုတ်ကမ်းရိုးတန်း တလျှောက်ရှိ သင်္ဘောများကို စောင့်ကြည့်နိုင်ဖို့ လုံလောက်ပါတယ်။
သို့ပေမဲ့ MPA များဟာ လူများမှ မောင်းနှင်ကာ လေယာဉ်ပေါ်တွင် လိုက်ပါသည့် အဖွဲ့သားများက တာဝန်များ ထမ်းဆောင်ရသည့်အတွက် အကန့်အသတ်ရှိပြီး အဆိုင်းခွဲကာ ပျံသန်းရသည့်အပြင် ကုန်ကျစရိတ်ကြီးများပါတယ်။
မောင်းသူမဲ့လေယာဉ်များ
ဒါ့ကြောင့် ကုန်ကျစရိတ်သက်သာပြီး MPA လေယာဉ်များ၏ တာဝန်ကို အတူတကွ ထမ်းဆောင်ပေးမှာကတော့ မောင်းသူမဲ့လေယာဉ်များ ဖြစ်ပါတယ်။

MQ-4C Triton မောင်းသူမဲ့ လေယာဉ်များကို အမေရိကန် အနေဖြင့် သိသိသာသာ တိုးချဲ့ ထားပြီး အဆိုပါ မောင်းသူမဲ့ လေ ယာဉ် များဟာ P-8A ကဲ့သို့ လူလိုက်ပါသည့် လေယာဉ်များနှင့် ပေါင်းစပ်နိုင်သည့်အတွက် ကင်းလှည့် ဧရိယာဟာ ပိုမို တိုး တက် လာပါတယ်။
တနာရီ ရေမိုင် ၃၃၀ အမြန်နှုန်းဖြင့် အမြင့်ပေ ၅ သောင်းလောက်မှ လူမပါဘဲ ၂၄ နာရီလောက် လေထဲတွင် ဆင်းသက်စရာ မလိုဘဲ ပျံသန်းနိုင်လို့ အတော်ကို ကောင်းမွန်တဲ့ မောင်းသူမဲ့လေယာဉ်အဖြစ် သတ်မှတ်နိုင်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ မဟုတ်ရင်တောင် ဂျပန်အနေဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး MPA လေယာဉ်များကို ပိုင်ဆိုင်ထားပါတယ်။
ဂျပန်တွင် Kawasaki P-1 လေယာဉ်များရှိပြီး ၎င်းတွင် အဆင့်မြင့် အာရုံခံကိရိယာများနှင့် လေယာဉ်အဖွဲ့သားများကို လျှော့ ချနိုင်သည့် ဥာဏ်ရည်တု AI စနစ်များကိုပါ တပ်ဆင်ထားပါတယ်။
ထိုင်ဝမ်ဟာလည်း ၂၀၁၇ ခုနှစ်ကတည်းက P-3C Orion လေယာဉ် ၁၂ စင်းကို ဝယ်ယူထားသဖြင့် လုံလောက်သည့် အနေ အထား ရှိပါတယ်။

ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့တွင်လည်း အရပ်ဘက်လေယာဉ်မှ ပြောင်းလဲထားသည့် MPA လေယာဉ် အငယ်စားများကို ပိုင်ဆိုင်ထားပါတယ်။
ထိုလေယာဉ်များဟာ သေးငယ်ပေမယ့် P-3C Orion တွင် ပါဝင်သည့် magnetic anomaly detector မျိုးကို တပ်ဆင်ထားသည့်အတွက် ပုံမှန် သင်္ဘောများသာမက ရေငုပ်သင်္ဘောများကိုပါ ထောက်လှမ်းနိုင်ပါတယ်။
တရုတ်ဟာ လက်ရှိတွင် Y-8Q အမျိုးအစား MPA လေယာဉ်များကို အသုံးပြုနေပြီး P-3C ၏ analog စနစ်ပုံစံ ဖြစ်ကာ အမြှီးပိုင်းနှင့် လေယာဉ်မှူးခန်းအောက်တွင် အားကောင်းသည့် ရေဒါတခု ပါဝင်ပါတယ်။
အမေရိကန်ဟာ တောင်တရုတ်ပင်လယ်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများတွင် MPA လေယာဉ်များ ထားရှိသည့်အပြင် မောင်းသူမဲ့လေယာဉ်များကိုလည်း ဖြန့်ကျက်ထားသောကြောင့် ရေငုပ်သင်္ဘောများကို လက်ရှိအချိန်အထိ အဆက်မပြတ် စောင့်ကြည့်နိုင်ဆဲ ဖြစ်ပါတယ်။
အနာဂါတ်မှာလည်း သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ P-3C Orion များနေရာတွင် MQ-4C ၆၈ စင်း နှင့် P-8A များကို အ စားထိုးတော့မှာ ဖြစ်လို့ အလွန်များပြားတဲ့ MPA အုပ်စုပြီးကို ဆက်လက် ပိုင်ဆိုင်နေဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။