လေလွင့် ခွေးလေးတွေ ကလည်း လူသားတွေရဲ့ အမူအရာကို နားလည်ကြတဲ့ အကြောင်း

Article Nature

ခွေးလေးတွေက စကားဖြင့် ဖြစ်စေ၊ အမူအရာဖြင့် ဖြစ်စေ ဆက်သွယ်တဲ့ အခါမျိုးမှာ လူသားတွေရဲ့ အချက်ပြတာတွေကို နားလည်နိုင်တဲ့ နေရာမှာ ကျော်ကြားကြပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ရဲ့ အမွေးထူပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ အချက်များ အကြောင်း ကျွန်ုပ်တို့သိထားတဲ့ အရာအများစုက ၎င်းတို့ဟာ ပိုင်ရှင်​တွေနှင့်သာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး အမိန့်​တွေကို လိုက်နာဖို့ လေ့ကျင့်ထားတာဟာ အိမ်မွေးခွေးအများဆုံးဖြစ်ကြတယ် ဟု ထင်ကြတာပါ။

ယခုဆိုရင် Frontiers in Psychology တွင် ထုတ်ဝေတဲ့ လေ့လာမှု တစ်ခုအရ လေလွင့်​ခွေးလေးတွေကလည်း လူတွေရဲ့ ​အမူအရာများကို နားလည်​ကြပြီး အဆိုပါ စွမ်းရည်ဟာ မွေးရာပါ ဖြစ်နိုင် ကြောင်း သုတေသီ တွေက ဆိုပါတယ်။

အဆိုပါ စမ်းသပ်မှု အသစ်ကို လေလွင့် ခွေးပေါင်း သန်း ၃၀ ခန့်ရှိတဲ့ အိန္ဒိယနိုင်ငံရှိ ဒေသ အများအပြားရဲ့ လမ်း​တွေပေါ်မှာ ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ခွေးလေးတွေ ​နှင့် လူသား​တွေအကြား အတူယှဉ်တွဲနေထိုင်ခြင်းဟာ အမြဲတမ်း ငြိမ်းချမ်းတာ မဟုတ်ပါဘူး။

လမ်းဘေးခွေး​လေးတွေကို တိုက်ခိုက်မယ်ဆိုရင် ပြန်လည် တိုက်ခိုက်တက်ကြတာကို လူတွေသိရှိကြပါတယ်။

ကမ္ဘာပေါ်မှာ နှစ်စဉ် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးမှုရဲ့ ၃၆ ရာခိုင်နှုန်းခန့်ဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားကြပြီး အများစုမှာ ရောဂါပိုးရှိတဲ့ ခွေး​တွေနှင့် ထိတွေ့မိကြတဲ့ ကလေးငယ်​တွေ ဖြစ်ကြပါတယ်။

နိုင်ငံရဲ့ လေလွင့်ခွေးလေးတွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နှင့် ၎င်းတို့ရဲ့ အပြုအမူဆိုင်ရာ အသိပညာတွေ ထပ်မံရရှိဖို့ လိုအပ်ကြောင်း Indian Institute of Science Education and Research Kolkata မှ လေ့လာသူ Anindita Bhadra က ဆိုပါတယ်။

ဒါ့ကြောင့် သူမနှင့်လုပ်ဖော်ကိုင်ဖက်တွေဟာ တိကျတဲ့ လေ့ကျင့်မှု မပြုလုပ်ဖူးတဲ့ လေလွင့်ခွေးလေးတွေကို ၎င်းတို့ရဲ့ အိမ်မွေးတိရစ္ဆာန်​တွေလို လူသားတွေအပေါ် နားလည်နိုင်သလား ဆိုတာကို ရှာဖွေ တွေ့ရှိဖို့ လေ့လာမှုတွေကို စတင်ခဲ့ကြပါတယ်။

သုတေသီတွေဟာ ပန်းကန်လုံး နှစ်လုံးကို လမ်း​တွေဆီသို့ ယူဆောင်သွားပြီး တစ်ခုမှာ ကြက်သားပါရှိပြီး ကျန်တစ်ခုမှာ ဗလာ ဖြစ်နေသော်လည်း ကြက်သားစိမ်းဖြင့် ပွတ်ပေးကာ အစာရဲ့ ရနံ့ကို အာရုံလွှဲထားပါတယ်။

ပန်းကန်​တွေကို ကတ်ထူပြား အပိုင်းအစ များဖြင့် ဖုံးအုပ်ထားပြီး ဘာပါသလဲဆိုတာကို မသိတဲ့ စမ်းသပ်သူထံ ပေးအပ်ခဲ့ပါတယ်။

စမ်းသပ်သူက လေလွင့်ခွေးလေးတွေထံ ချဉ်းကပ်ကာ ပန်းကန်တွေကို မြေကြီးပေါ်တွင် ချထားပြီး ၎င်းတို့ထဲမှ တစ်ကောင်ကို ညွှန်ပြကာ တခြားကောင်တွေကိုလည်း သူ့နောက်လိုက်ဖို့ ခဏချင်းဖြစ်စေ၊ ထပ်ခါတလဲလဲ ဖြစ်စေ ပြောဆိုပေးပါတယ်။

သုတေသီတွေဟာ စုစုပေါင်း အရွယ်ရောက်ပြီးသား လေလွင့်ခွေး ၁၆၀ ကို လေ့လာခဲ့ပါတယ်။

၎င်းတို့ထဲမှ ထက်ဝက်ခန့်ကတော့ ပန်းကန်လုံး အနားလာဖို့ ငြင်းဆိုခဲ့ပြီး ဒါဟာ ယခင်က လူသားများနှင့် အပျက်သဘောဆောင်တဲ့ ဆက်ဆံမှုများကြောင့် ဖြစ်နိုင်တယ်ဟု သုတေသီများက ခန့်မှန်းကြပါတယ်။

ဒါပေမယ့် ပန်းကန်တွေကို ချဉ်းကပ်တဲ့ ခွေးလေးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စမ်းသပ်သူ ညွှန်ပြတဲ့ အကောင်ဆီကို သွားကြပါတယ်။

စမ်းသပ်သူက ပန်းကန်လုံးဆီကို အတိုချုံးညွှန်ပြသည်ဖြစ်စေ၊ ထပ်ခါတလဲလဲ ညွှန်ပြသည်ဖြစ်စေ အရေးမကြီးပါဘူး။

လေ့လာမှု ရေးသားသူများရဲ့အဆိုအရ အဆိုပါတုံ့ပြန်မှုဟာ လေ့ကျင့် မထားတဲ့ လေလွင့်ခွေးလေးတွေကလည်း “လူသား​တွေထံမှ ရှုပ်ထွေးတဲ့ညွှန်ပြချက်​တွေကို လိုက်နာနိုင်တယ်” ဆိုတာကို ညွှန်ပြနေတယ်ဟု ဆိုပါတယ်။

ကျွမ်းကျင်သူ တစ်ချို့က ခွေးလေးတွေနဲ့ လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့်ထဲက ရောယှက်နေခဲ့ကြတဲ့ ဆင့်ကဲဖြစ် စဉ်သမိုင်းကြောင်းကို မျှဝေခဲ့သော်လည်း တစ်ချို့ကတော့ စောဒကတက်ခဲ့ကြပါတယ်။

သို့သော်လည်း လူသားတွေနှင့် နီးနီးကပ်ကပ်ဖြစ်အောင် နေခြင်းဟာ ခွေးလေးတွေကို လူ့စိတ်ခံစားချက်ကို စကားပြန်ဆိုခြင်းအပါအဝင် လူ​တွေ​နှင့် ဆက်သွယ်နိုင်စေမည့် စွမ်းရည်များစွာကို မွေးမြူဖို့ လှုံ့ဆော်သလိုဖြစ်နေတယ် ဟု ဆိုပါတယ်။

Bhadra က လူသားတွေနဲ့ နီးကပ်စွာ အပြန်အလှန် ဆက်ဆံမှု မှတ်တမ်းမရှိတဲ့ လေလွင့်ခွေးလေးတွေမှာ တခဏတာ ညွှန်ပြတဲ့ အမူအရာအတိုင်း လိုက်နာနိုင်တာကို တွေ့ရှိခဲ့တာဟာ အလွန် အံ့ဩဖွယ် ကောင်းတယ် ဟု ဆိုပါတယ်။

“ဒါဟာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ လူသားကို အနီးကပ် စောင့်ကြည့်လေ့လာပြီး ဆုံးဖြတ်ချက်ချဖို့ လူသားတွေရဲ့ နားလည်မှုကို အသုံးပြုတာ ဖြစ်တယ်လို့ Bhadra က ထပ်လောင်းပြောကြားခဲ့ပြီး ဒါက သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လိုက်လျောညီထွေရှိမှုကို ပြသခြင်းဖြစ်တယ် ဟု ဆိုပါတယ်။

လေလွင့်ခွေးလေးတွေကလည်း ကျွန်ုပ်တို့လူသားတွေရဲ့ ခန္ဓာကိုယ်ဘာသာစကားကို နားလည်နိုင်စွမ်းရှိပြီး သူတို့ကို နေရာပေးဖို့လိုအပ်ပါတယ်။

လူသားတွေ အပါအဝင် သတ္တဝါလေးတွေကို စာနာမှု အနည်းငယ်နှင့် လေးစားမှု ရှိခြင်းဟာ ပဋိပက္ခများစွာကို လျှော့ချနိုင်မှာ အသေအချာပဲ ​ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.