ခွေးများဟာလည်း မိမိ၏အဖော် ဆုံးရှုံးမှုအတွက် ဝမ်းနည်းတတ်ခြင်း ရှိမရှိ လေ့လာမှု

Knowledge Nature

မိမိချစ်တဲ့ အိမ်မွေး တိရစ္ဆာန်တကောင်ကို ဆုံးရှုံးလိုက်ရတာဟာ ပိုင်ရှင်အတွက် အလွန် ခံစားရစေပါတယ်။

ဒါပေမယ့် လေ့လာမှု အသစ်မှာတော့ အခြား ခွေးတကောင်ကောင် ဆုံးပါးသွားပါက အိမ်ရှိ ကျန်ရှိနေသည့် ခွေများပါ သက် ရောက်မှုအများကြီး ရှိပြီး ပူဆွေးသောက ဖြစ်စေတယ်လို့ သိရပါတယ်။

တိရိစ္ဆာန် အပြုအမူများကို လေ့လာသည့် နိုင်ငံတကာ အဖွဲ့တဖွဲ့ဟာ အီတလီရှိ ခွေး ၂ ကောင်ရှိခဲ့ပြီး ၁ ကောင် ဆုံးရှုံးသွားပြီးဖြစ်တဲ့ ခွေးပိုင်ရှင် ၄၂၆ ယောက်ကို လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။

Scientific Reports ဂျာနယ်တွင် ဖော်ပြထားချက်အရ ၉၀ ရာခိုင်နှုန်း နီးပါးလောက်ရှိတဲ့ ခွေးများဟာ ၎င်းတို့နှင့် အတူရှိခဲ့သည့် ခွေးတကောင် မရှိတော့သည့် နောက်ပိုင်း အပြုအမူများ ပြောင်းလဲ သွားတာကို တွေ့ရပါတယ်။

လေ့လာမှုကို ဦးဆောင်သူ အီတလီနိုင်ငံ Veggiano ရှိ San Marco တိရစ္ဆာန်ဆေးရုံမှ ဆရာဝန်ဖြစ်သူ Stefania Uccheddu က အဆိုပါ ခွေးများဟာ အစားအသောက်နှင့် ဆော့ကစားခြင်းများ အပေါ်တွင် စိတ်ဝင်စားမှု နည်းလာပြီး ဂရုစိုက်ပိုပြီး ခံချင်လာတယ်လို့ ဆိုပါတယ်။

အချို့ ခွေးများဟာ ထိုကဲ့သို့ စိတ်အခြေအနေမျိုး လ အနည်းငယ်လောက် ဖြစ်ပေါ်တတ်ပြီး အချို့ကတော့ နှစ်တွေနဲ့ ချီအောင် ကြာမြင့်တယ်လို့ ပြောပါတယ်။

လေ့လာသည့် အဖွဲ့တွင် စိတ်ပညာရှင်များလည်း ပါဝင်ပြီး ပိုင်ရှင်များ၏ သောကဟာ ၎င်းတို့၏ အိမ်မွေးခွေးတွေဆီ ရောက်လေသလားဆိုတာ လေ့လာခဲ့ပါသေးတယ်။

ထိုသို့ လေ့လာမှုတွင် “အပြုအမူဆိုင်ရာ တုန့်ပြန်မှု မှ စိတ်ခံစားမှုဆိုင်ရာ တုန့်ပြန်မှုကို ကျွန်မတို့အနေဖြင့် ပိုင်းခြားလေ့လာနိုင်ပါတယ်” လို့ Stefania Uccheddu က ပြောပြီး

ကျန်ရစ်သူခွေး၏ ပူဆွေးသောက ဖြစ်မှုဟာ ခွေးပိုင်ရှင်နှင့် နီးစပ်မှုကြောင့် ၎င်း၏ ခံစားမှုက သက်ရောက်တာမျိုး မဟုတ်ကြောင်း ရှင်းပြပါတယ်။

သူမမှ ဆက်ပြီး ကျန်ရစ်သူခွေးမှ ပူဆွေးသောက ရောက်ရသည့် အဓိက အချက်မှာ “ခွေးနှစ်ကောင်ကြားရှိ နှောင်ကြိုး၏ အရည်အသွေး” ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လေ့လာမှုတွင် မိဘနှင့် သားသမီး သို့မဟုတ် ရင်းနှီးတဲ့ ဆက်ဆံရေး စသည့် ပုံစံ နှစ်မျိုးစလုံးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ကျန်ရစ်သူခွေးအပေါ်တွင် ခွေးပိုင်ရှင်မှ လွှမ်းမိုးသည့် အချက်ကတော့ ပိုင်ရှင်မှ ဒေါသထွက်ခြင်း၊ စိတ်ဓာတ် ကျခြင်း နှင့် စိတ်ဒဏ်ရာ လက္ခဏာများ ပိုမိုဖြစ်ပေါ်လာက ကျန်ရစ်သည့် ခွေးမှာ ပိုပြီး ကြောက်စရာ ကောင်းစေတာပါ။

“ခွေးတွေဟာ ဆက်ဆံရေး ကောင်းမွန်တဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်”

“သူတို့ရဲ့ အပေါင်းအဖော် မရှိတော့တာနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝ ပုံစံတခုလုံးဟာ ပြောင်းလဲသွားလေ့ ရှိပါတယ်” လို့ Stefania Uccheddu မှ ပြောပါတယ်။

ဒါ့ကြောင့် ခွေးပိုင်ရှင်များဟာ ၎င်းတို့၏ ကျန်ရစ်သည့် အခြားခွေးများကိုပါ ဂရုတစိုက်ဖြင့် အားပေးဖို့ အတွက် လိုအပ်ချက်ရှိနေတာကို တွေ့ရပါတယ်။

ဒီ လေ့လာမှုဟာ ခွေးပိုင်ရှင်များမှ ကိုယ်တိုင်ပေးပို့သည့် အချက်အလက်များကို အသုံးပြုတာဖြစ်ပြီး Stefania Uccheddu နှင့် အဖွဲ့ဟာ ပိုပြီး လက်တွေ့ကျကာ ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ဖို့ လေ့လာမှု အသစ်ကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ယခုလို ဝမ်းနည်းခြင်းနှင့် ပတ်သက်ပြီး ဝေလငါး၊ ဆင်၊ ငှက် နှင့် အခြား တိရစ္ဆာန်များတွင်လည်း တွေ့ရှိရကြောင်း သိရပါတယ်။

ဥပမာအားဖြင့် မျောက်ဝံများဟာ ၎င်းတို့၏ အသက်မရှိတော့သည့် ကလေးငယ်များကို ရက်သတ္တပတ်များစွာ သယ်ဆောင်ထားလေ့ ရှိခြင်း မျိုး ဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိတွင် ၁ ကောင်ထက်ပိုတဲ့ ချစ်ရတဲ့ ခွေးလေးတွေ ရှိပြီး တကောင်ကောင် ဆုံးရှုံးခဲ့ပါက အခြား‌ ခွေးလေးများကို အရင်ထက် ပိုမို ဂရုစိုက်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

“Domestic dogs (Canis familiaris) grieve over the loss of a conspecific” လေ့လာမှု စာတမ်းတွင် အသေးစိတ် လေ့လာနိုင် ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *