သုတေသန တခုမှ တွေ့ရှိခဲ့သည့် အပျော်ရွှင်ဆုံး စုံတွဲများ၏ လျှို့ဝှက်ချက်

Nature Science

တစုံတယောက်နှင့် ဘဝကို အချိန်အကြာကြီး အတူတူ ဖြတ်သန်း ရတော့မယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်သဘောထား မတိုက်ဆိုင်မှုတွေ ရှိလာတတ်ပါတယ်။

အပျော်ရွှင်ဆုံး အတွဲများ၊ လင်မယားများမှာတောင် မကြာခဏ စကားများတတ်ပေမယ့် ပျော်ရွှင်မှု နှင့် စကားများခြင်းဟာ ဆန့်ကျင်ဘက်တွေတော့ မဟုတ်ပါဘူး။

စကားများငြင်းခုံရာမှာ ဘယ်လို စကားများ သလဲဆိုတာအပေါ် အများကြီး မူတည်နေတာပါ။

မကြာသေးမီက သုတေသန လေ့လာမှုတွင် သူတို့ကိုယ် သူတို့ ပျော်ရွှင်စွာ လက်ထပ် ခဲ့ကြပါတယ် ဆိုတဲ့ စုံတွဲ အုပ်စု ၂ ခု ကို လေ့လာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပထမ အုပ်စုတွင် အသက်အရွယ် အလတ်အလတ်ဖြစ်သည့် ၃၀ ဝန်းကျင် နှင့် ပျမ်းမျှ အိမ်ထောင်သက် ၉ နှစ်လောက် ရှိပြီ ဖြစ်တဲ့ စုံတွဲ ၅၇ တွဲ ပါဝင်ပါတယ်။

ဒုတိယ အုပ်စုမှာတော့ အသက်အရွယ် ၇၀ စွန်းစွန်း နှင့် ပျမ်းမျှ အိမ်ထောင်သက် ၄၂ နှစ်လောက် ရှိပြီ ဖြစ်တဲ့ စုံတွဲ ၆၄ တွဲ ပါဝင်ပါတယ်။

အုပ်စု ၂ ခုစလုံးကို ၎င်းတို့အနေဖြင့် ဘယ်အရာဟာ အရေးကြီးဆုံး ဖြစ်သလဲဆိုတာ ပထမဆုံး ဆန်းစစ်လေ့လာ ကြည့်တဲ့အခါ အတော့်ကို ကြီးကြီးမားမား တူညီမှု ရှိနေတာ တွေ့ရပါတယ်။

အပျော်ရွှင်ဆုံး စုံတွဲများ

၎င်းတို့ဟာ တယောက်နှင့် တယောက်ရင်း နှီးမှု၊ ပြောဆို ဆက်သွယ်မှု နှင့် ငွေတို့အပေါ်မှာ အများဆုံး အလေးထားပြီး မနာလိုမှုတွေ၊ ဘာ သာရေးတွေ နှင့် အခြား မိသားစု ကိစ္စတွေကိုတော့ ပေါ့ပေါ့ ပါးပါးပဲ မြင်လေ့ရှိကြပါတယ်။

စကားများ ရန်ဖြစ်လာတဲ့အခါမှာ စုံတွဲများဟာ ယေဘုယျအားဖြင့် အရှုပ်ထွေးဆုံး ဖြစ်လာနိုင်မယ့် ကိစ္စတွေကို အာရုံစိုက်မယ့်အစား နည်း စနစ်ကျကျ ၎င်းတို့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် အရာတွေကို ပိုပြီး အာရုံစိုက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

“ထပ်တလဲလဲ နှင့် ပိုမို ဖြေရှင်းဖို့ ခက်တဲ့ အရာတွေပဲ ငြင်းခုံနေတာဟာ စုံတွဲတွေကို တယောက်နဲ့ တယောက် ဆက်ဆံရေးမှာ ယုံကြည်မှု လျော့ပါးစေတယ်” လို့

ကလေးနှင့် မိသားစု ဆိုင်ရာ လေ့လာမှု ဌာန နှင့် ကျန်းမာရေး၊ ပညာရေး နှင့် လူသားသိပ္ပံ ကောလိပ်၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆက်ဆံရေးဆိုင်ရာ လေ့လာမှု ဌာန ညွှန်ကြားရေးမှူး တွဲဖက် ပါမောက္ခ Amy Rauer ကပြောပါတယ်။

ဥပမာအားဖြင့် ပျော်ရွှင်မှုရှိတဲ့ စုံတွဲတွေဟာ သူတို့ တယောက်ကို တယောက် ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတဲ့ ကိစ္စတွေကို ငြင်းခုံရမယ့်အစား အိမ်မှာ အိမ်အလုပ်တွေ ဘယ်သူက ပိုလုပ်ရတယ်ဆိုတဲ့ ကိစ္စမျိုးလောက်သာ ငြင်းခုံကြပါတယ်။

“အိမ်မှုကိစ္စတွေကို ပြန်လည် ဟန်ချက်ညီအောင် လုပ်ဖို့ဆိုတာ မလွယ်ပေမယ့် အခြား ကိစ္စတွေထက် ပိုပြီး ခိုင်မာတဲ့ ဖြေရှင်းမှုတွေကို ရရှိစေနိုင်တဲ့ ကိစ္စတခု အဖြစ် ၎င်းဟာ ဖြည့်ဆည်းပေးပါတယ်။”

“အိမ်ထောင်ဖက် တဦးဟာ ဒီလို ဟန်ချက်ညီနေစေဖို့အတွက် အချို့ အိမ်မှုကိစ္စတွေကို ပိုမို လုပ်ဆောင်နိုင်ပါတယ်”

ဆိုလိုတာကတော့ အဲဒီလို အိမ်မှုကိစ္စ လုပ်ရခြင်း ကိစ္စတွေမှာ ငြင်းခုံနေရင် တခြား မလိုလားအပ်တာတွေ ငြင်းစရာအချိန် နည်းပါးသွားမှာ မလို့ပါ။

အပျော်ရွှင်ဆုံး စုံတွဲများ

အားလုံးအနေဖြင့် ခြုံကြည့်မယ် ဆိုရင်တော့ အိမ်ထောင်သက်တမ်း ကြာမြင့်နေပြီး ပျော်ရွှင်ကြတဲ့ စုံတွဲတွေဟာ ယေဘုယျအားဖြင့် ငြင်းခုံမှု နည်းပါးကြောင်း အစီရင်ခံစာက ပြသနေပါတယ်။

ငြင်းခုံ စကားများမှုတွေ ရှိခဲ့ရင်လည်း ပိုမို အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းတွေနဲ့ ဖြစ်တတ်ကြပြီး ၎င်းတို့ ဖြေရှင်းနိုင်တဲ့ အ ရာ တွေအပေါ်ပဲ အာရုံထားပြီး ပေါက်ကွဲတာထက် အဖြေရှာတာကိုဘဲ ပြုလုပ်တတ်ကြပါတယ်။

ဒီ သုတေသနဟာ ပါဝင်သူ အရေအတွက် မများတဲ့ သေးငယ်တဲ့ သုတေသနတခု ဖြစ်ပေမယ့် အိမ်ထောင်သက် ကြာရှည်စေပြီး ပျော်ရွှင်တဲ့ စုံတွဲတွေ ဖြစ်ဖို့အတွက် နည်းလမ်းတွေတော့ ပေးစွမ်းနိုင်တာကို‌ တွေ့ရပါတယ်။

စာတမ်းကို သုံးသပ်ကြည့်ရင် စကားများ ငြင်းခုံတာဟာ ရှောင်ကြဉ်စရာ မဟုတ်ပေမယ့် ဖြစ်လာခဲ့ရင် ဘယ်လို ပုံစံ ဖြေရှင်းမလဲ ဆိုတာကို ဂရုတစိုက် အကျင့်လုပ်ဖို့ အရေးကြီးတာကို တွေ့ရပါတယ်။

ဒီ သုတေသနကို “What are the Marital Problems of Happy Couples? A Multimethod, Two-Sample Investigation” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 7/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *