သင့်ခွေးဟာ စိတ်မကြည်မသာဖြစ်နေတာကို ဘယ်နှစ်ခါတွေ့ဖူးပါသလဲ။ ဒါမှမဟုတ် သင့်ရဲ့ကြောင်ဟာ ပျော်ရွှင်စွာ နေရောင်ထဲထိုင်နေတာကို တွေ့ဖူးပါသလား။
တိရစ္ဆာန်တွေဟာ လူသားတွေရဲ့စိတ်ခံစားမှုကို ဝေမျှနေတယ်လို့ စိတ်ကူးကြည့်ရတာ ပျော်စရာကောင်းပါတယ်။
ဒါပေမယ့် အချို့သောတိရစ္ဆာန်တွေဟာ လူ့စရိုက်လက္ခဏာ ရယ်မောခြင်းကို အမှန်တကယ် ဝေမျှကြတယ်ဆိုတာကို မကြာသေးမီကပဲ မှတ်တမ်းတင်ထားပြီးပြီးဖြစ်ပါတယ်။
ခွေးများ၊ ကြွက်များ၊ ချင်ပန်ဇီများနဲ့ အခြားလူဝံတို့အကြား သုတေသနတွေဟာ ဒီမျိုးစိတ်တွေက ပျော်ရွှင်မှုကို တုံ့ပြန်ရာတွင် ထူးခြားတဲ့အသံတစ်ခု ထုတ်လွှတ်တယ် ဆိုတာကို ပြပါတယ်။
တိရိစ္ဆာန်တွေရယ်နိုင်မလားဆိုတာကို စဉ်းစားတာက အသစ်တော့ မဟုတ်ပါဘူး
ဒီစိတ်ကူးကို အနည်းဆုံး ၁၈၇၂ ခုနှစ်လောက်က Charles Darwin ရဲ့ လူနှင့်တိရိစ္ဆာန်များတွင် စိတ်ခံစားချက်များကို ဖော်ပြခြင်း စူးစမ်းလေ့ လာမှုမှာ တွေ့ရှိရပါတယ်။
သူဟာ ချင်ပန်ဇီများနဲ့ အခြားမျောက်များကို အဓိကလေ့လာခဲ့ပြီး ကလိထိုးခြင်းနဲ့ ကစားခြင်းကို ရယ်မောသံကဲ့သို့ တုန့်ပြန်မှုကို သတိပြုမိခဲ့ပါတယ်။
ဆယ်စုနှစ်များစွာကြာပြီးနောက် ဂျာမနီနိုင်ငံ ဟန်နိုဗာတက္ကသိုလ်မှ အလားတူသုတေသနက ဤအသံများသည် လူသားရယ်သံနဲ့ ဆင်တူကြောင်းကောက်ချက်ချလိုက်ပါတယ်။
သုတေသနက မျောက်ဝံတွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၀-၁၆ သန်းခန့်တည်းက ဒီစွမ်းရည်ကို အသုံးပြုခဲ့တယ်လို့လည်း ဖော်ထုတ်ခဲ့ပါတယ်။

မကြာသေးမီက ၂၀၀၁ ခုနှစ်တွင် တိရစ္ဆာန် အမူအကျင့်ဆိုင်ရာ ပညာရှင် Patricia Simonet က ခွေးများကစားနေစဉ် သူမမှတ်တမ်းတင်ထားတဲ့ အသက်ရှူထုတ်နေတဲ့အသံကို သီးသန့်ခွဲထုတ်ခဲ့ပါတယ်။
အသံလှိုင်းခွဲခြမ်းစိတ်ဖြာတဲ့ကိရိယာကိုသုံးပြီး၊ သူမဟာ ဒီအသံကို ကစားနေတဲ့အချိန်အတွင်း ခွေးတွေ ထုတ်လွှတ်လိုက်တဲ့ ဟိန်းဟောက်သံ၊ ညည်းတွားသံ၊ မောဟိုက်သံနဲ့ ဟောင်သံ စတဲ့ အခြားအသံတွေနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။
အသံလှိုင်းများကိုတိုင်းတာတဲ့ကိရိယာ (spectrograph) တစ်ခုပေါ်တွင် လေ့လာသုံးသပ် ကြည့်လိုက်တဲ့အခါမှာ ရယ်မောသံကဲ့သို့ အသံဟာဆူညံနေပြီး မောဟိုက်သံကတော့ ငြိမ်သက်နေခဲ့ပါတယ်။
အခြားခွေးများကပင် ပျော်ရွှင်စွာရယ်မောသံကို အသိအမှတ်ပြု ပေါင်းသင်းပုံရပါတယ်။
Simonet ဟာ အခြားခွေးတွေကို အသံသွင်းထားတာကို နားထောင်ကြည့်လိုက်တဲ့အခါမှာ အချို့ကကစားစရာများနှင့် အရုပ်များကို ရှာဖွေနေပုံရပြီး အခြားသူများက အရင်းအမြစ်ဆီသို့ ဦးတည်နေပုံရပါတယ်။
ဤအပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ခွေးပေါက်များနဲ့ အရွယ်ရောက်ခွေးများတွင် တွေ့ရှိရပါတယ်။
သင့်ရဲ့ခွေး သို့မဟုတ် ချင်ပန်ဇီကို ရယ်မောတာကို သင်သတိမပြုမိရင် စိတ်မကောင်းမဖြစ်ပါနဲ့။
ဒီမျိုးစိတ်တွေမှာ ရယ်သံအဖြစ် ဖန်တီးလိုက်တဲ့အသံဟာ လူသားတွေရဲ့ရယ်သံထက် အများကြီး အသက်ရှူသံပေါက်ပြီးတော့ ဟားတိုက်ရယ်မောသံထက် ဟိန်းဟောက်သံနဲ့ ပိုတူပါတယ်။

ကြွက်တွေမှာတောင် သူတို့ကိုယ်ပိုင် ထူးခြားတဲ့ပျော်ရွှင်ကြည်နူးစရာအသံရှိပါတယ်။
၁၉၉၀ နှောင်းပိုင်းများတွင် Bowling Green တက္ကသိုလ်မှ အာရုံကြောဆိုင်ရာသိပ္ပံပညာရှင် Jaak Panksepp က ကြွက်ကလေးများရဲ့ လည်ကုပ်နေရာကို ပွတ်သပ်ကြည့်တဲ့အခါမှာ ကြွက်ကလေးတွေက ထူးခြားတဲ့ ကျည်ကျည်ကြာကြာ မြည်သံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
Panksepp က ကြွက်ကလေးများကစားနေစဥ် မှာလည်း ဒီအသံကိုလည်း သတိပြုမိပါတယ်။
ဆက်လက် လေ့လာကြည့်တဲ့အခါမှာ Panksepp က အခြားအသံတွေနဲ့ ကွဲပြားတယ်လို့ဆိုတဲ့ ကြိမ်နှုန်း ၅၀ ကီလိုဟတ်ထ်စ်ရှိတဲ့ ကျည်ကျည်ကြာကြာမြည်သံလှိုင်းဖြစ်လောက်မယ့် အသံကို တွေ့ခဲ့ပါတယ်။
တိရိစ္ဆာန် မျိုးစိတ်များစွာရှိသဖြင့် အခြားတိရစ္ဆာန်တွေကရော ရယ်မောသံကို ဝေမျှမမျှ ဆိုတာကို မသိရသေးပါဘူး။
ဒါပေမယ့် Portsmouth တက္ကသိုလ်မှ သိပ္ပံပညာရှင် Marina Davila-Ross က ဒီအယူအဆကို စုံစမ်းစစ်ဆေးနေပါတယ်။

သူမနှင့် သုတေသီအဖွဲ့တစ်ဖွဲ့ဟာ YouTube ပေါ်တွင် တိရိစ္ဆာန်ပုံများကို စနစ်တကျလေ့လာခဲ့ကြပြီး တိရိစ္ဆာန်အတော်များများက ကလိထိုးခြင်းကို ဆူဆူညံညံတုန့်ပြန်တာကို တွေ့ရှိခဲ့ရပါတယ်။
ကျွန်တော်တို့သိတဲ့အတိုင်း ဒါဟာရယ်တာ ဟုတ်မဟုတ်ကို ကောက်ချက်မချရသေးပါဘူး။ ဒါပေမယ့် Davila-Ross က အသံတွေဟာပျော်ရွှင်မှုနဲ့ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ တိရစ္ဆာန်သူငယ်ချင်းတွေဟာ ရယ်စရာကောင်းတာကို ခံစားနိုင်စွမ်းရှိတယ်ဆိုတာကို သိရတာဟာ ဝမ်းသာစရာကောင်းပြီး သူတို့ရယ်နေတယ်ဆိုတာက ပဟေဋ္ဌိတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။