တိရိစ္ဆာန်များ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် နောက်ထပ် ကပ်ရောဂါတွေ အစပျိုးလာနိုင်ဖွယ်ရှိတဲ့အကြောင်း

Article Science

ကျွန်ုပ်တို့အားလုံးဟာ လက်ရှိ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာ သုတေသီတွေက လာမည့် ကူးစက်ရောဂါ ပျံ့ပွားမှုကို ခန့်မှန်းထားပြီပဲ ​ဖြစ်ပါတယ်။

Georgetown University မှ သိပ္ပံပညာရှင်များ ဦးဆောင်သော နိုင်ငံတကာ သုတေသနအဖွဲ့ဟာ ‘ရာသီဥတုပြောင်းလဲမှုကြောင့် မျိုးစိတ်များမှ ကူးစက်မှုအန္တရာယ်ကို တိုးစေသည်’ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်တွင် ၎င်းတို့ရဲ့ တွေ့ရှိချက်​တွေ​ကို ထုတ်ဝေခဲ့ပါတယ်။

လေ့လာမှုအရ ရာသီဥတုပြောင်းလဲမှုဟာ သစ်တောပြုန်းတီးမှု၊ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုနှင့် စက်မှုလယ်ယာ စိုက်ပျိုး ရေးကဲ့သို့သော ကိစ္စရပ်များကိုကျော်လွန်ပြီး ကပ်ရောဂါ ပေါ်ပေါက်လာမှုအတွက် အထင်ရှားဆုံး အန္တရာယ် ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။

SARS၊ Ebola၊ Zika နှင့် လက်ရှိဖြစ်ပွားနေသည့် ကပ်ရောဂါကဲ့သို့သော လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်အများစုဟာ zoonotic ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေဟာ တိရစ္ဆာန်များမှ လူသားများထံသို့ ကူးစက်နိုင်ပုံရဲ့ သိသိသာသာ အကျိုးသက်ရောက်မှုတွေကို ပြသနေပါတယ်။

ကမ္ဘာကြီးဟာ ​ရာသီဥတု ပူနွေးလာတာနှင့်အမျှ တောရိုင်း တိရိစ္ဆာန်တွေကို လူသားများ နေထိုင်ရာ ဒေသများသို့ အတင်းအ ကျပ် ပြောင်းရွှေ့လာစေပြီး လူသားများအတွက် ‘ဗိုင်းရပ်စ်ကူးစက်ခြင်း’ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေမှာ ဖြစ်တယ်ဟု သုတေ သီများက ခန့်မှန်းကြပါတယ်။

လေ့လာမှုအရ ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာလုံးဆိုင်ရာနို့တိုက်သတ္တဝါတွေကနေ ဗိုင်းရပ်စ်ပိုးပျံ့နှံ့စေပြီး ၎င်းတို့နေထိုင်ရာနေရာအသစ်များသို့ ပြောင်းရွှေ့ခြင်းရဲ့ ဆက်စပ်ပုံကို အကဲဖြတ်ခဲ့ကြပါတယ်။

အခြား နို့တိုက် သတ္တဝါများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရချိန်မှာ ၎င်းတို့ဟာ ထောင်ပေါင်းများစွာသော ဗိုင်းရပ်စ်များကို မျှဝေနိုင်တယ်ဟု လေ့လာမှုက ဖော်ပြနေပါတယ်။

ဒီအပြောင်းအရွှေ့တွေကနေ အီဘိုလာ သို့မဟုတ် လက်ရှိ ကပ်ရောဂါ ကဲ့သို့သော ဗိုင်းရပ်စ်များအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ဒါဟာ ဧရိယာအသစ်များနှင့် တိရိစ္ဆာန်အမျိုးအစားသစ်များတွင် ဗိုင်းရပ်စ်များပေါက်ဖွားလာစေပြီး လူသားများအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

“အနီးစပ်ဆုံး နှိုင်းယှဉ်ချက်ကတော့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုမှာ မြင်တွေ့ရတဲ့ အန္တရာယ်တွေပဲဖြစ်တယ် ” ဟု Georgetown University Medical Center မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသိပ္ပံနှင့် လုံခြုံရေးစင်တာမှ လက် ထောက် သုတေသနပညာရှင် Colin Carlson ကဆိုပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ လင်းနို့ကနေတစ်ဆင့် ကြောင်တွေကို ကူးစက်ပြီး လူတွေကို ဆက်လက် ကူးစက်မှုတွေ ပေါ်ပေါက်လာမှုကြောင့် စျေးကွက်အတွက် စိတ်ပူမိတယ်ဟု ဆိုပါတယ်။

“ဒါပေမယ့် စျေးကွက်တွေက မထူးခြားတော့ဘူး။ ပြောင်းလဲလာတဲ့ ရာသီဥတုမှာ ဒီလိုဖြစ်စဉ်မျိုးက နေရာတိုင်းမှာ သဘာဝအတိုင်း လက်တွေ့ဖြစ်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောပါတယ်။

တိရိစ္ဆာန်များနေထိုင်ရာနေရာတွေဟာ လူသားများအခြေချနေထိုင်ရာနေရာများကဲ့သို့ အချိုးမညီစွာ ပြောင်းရွှေ့နေထိုင်သွားမှာဖြစ်ပြီး မမျှော်လင့်ထားတဲ့ အန္တရာယ်​​​တွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

စိတ်ပျက်စရာကောင်းတာက ဒီလုပ်ငန်းစဉ်တော်တော်များများဟာ ဒီနေ့ပူနွေးတဲ့ကမ္ဘာမှာ စတင်နေပြီ ဖြစ်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ ကြိုးပမ်းမှုကလည်း ဒီဖြစ်ရပ်များ မဖြစ်ပွားစေဖို့ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။

ရာသီဥတု ဖောက်ပြန်မှုရဲ့ ခြိမ်းခြောက်မှုမှာ လူသားနှင့် တိရစ္ဆာန်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အကြောင်း

ဆန်းသစ်တဲ့ ဗိုင်းရပ်စ်တွေ ဖြစ်ပွားမှု အများစုမှာ အဓိကဖြစ်တဲ့ လင်းနို့တွေဟာ ​အပူချိန်မြင့် တက်လာခြင်းကြောင့် သိသိသာသာ သက်ရောက်မှုရှိလာပါတယ်။

၎င်းတို့ရဲ့ ပျံသန်းနိုင်မှုစွမ်းရည်က ခရီးဝေးကို သွားလာနိုင်ပြီး ဗိုင်းရပ်စ်တွေကို များများ ပြန့်ပွားဖို့ ဖြစ်လာစေနိုင်ပါတယ်။

ဗိုင်းရပ်စ် ပေါ်ပေါက်လာမှုတွေဟာ ၎င်းတို့ရဲ့ အဓိက အခန်းကဏ္ဍဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ လင်းနို့မျိုးကွဲများ အပေါများဆုံးဖြစ်တဲ့ အရှေ့တောင် အာရှတွင် ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်ပါတယ်။

Carlson က ကျွန်ုပ်တို့ရဲ့လေ့လာမှုတွေက ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့တယ်ဟု ဆိုပါတယ်။

ပုံမှန်မဟုတ်တဲ့နှုန်းနဲ့ လူသားမျိုးစိတ်များကြားတွင် ဗိုင်းရပ်စ်များ စတင်ပျံ့ပွားလာတဲ့အခါ ထိန်းသိမ်းမှုနှင့် လူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုတွေ အံ့အားသင့်စရာတွေ ဖြစ်လာလိမ့်မည်ဟု ဆက်လက်ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုတွေက လူနှင့်တိရိစ္ဆာန်ကျန်းမာရေးကို မည်ကဲ့သို့ ခြိမ်းခြောက်ရမလဲဆိုတဲ့ နောက်ထပ် အ လွှာ တစ်ခု ထပ်ဖြည့်ပေးတယ် ဟု သုတေသနရဲ့ပူးတွဲဦးဆောင်သူ ဒေါက်တာ Gregory Albery ကဆိုပါတယ်။

ဗိုင်းရပ်စ် အသစ်တွေဟာ လူသား မျိုးစိတ်​တွေကို မည်ကဲ့သို့ အကျိုးသက်ရောက် နိုင်သလဲဆိုတာ အတိအကျ မသိရသေးသော် လည်း ၎င်းတို့ထဲမှ အများအပြားဟာ ထိန်းသိမ်းရေးအန္တရာယ်အသစ်များအဖြစ် ပြောင်းလဲကာ လူသားများတွင် ဆန်းသစ်တဲ့ရောဂါများဖြစ်ပွားမှုကို လှုံ့ဆော်ပေးနိုင်ဖွယ်ရှိပါတယ်။

ဒါ့ကြောင့် သုတေသီတွေက တောရိုင်းတိရစ္ဆာန်ရောဂါစောင့်ကြည့်ခြင်းအား အချိန်နှင့်တစ်ပြေးညီ ပတ်ဝန်းကျင် ပြောင်းလဲမှုလေ့လာမှုများနှင့် ဆက်စပ်လေ့လာရမည် ဟု ဆိုပါတယ်။

ကျွန်ုပ်တို့အနေနဲ့ နောက်လာမည့် ကပ်ရောဂါကို ကြိုတင်ကာကွယ်ဖို့ ပိုမိုနီးကပ်လာပြီပဲ ဖြစ်ပါတယ်။

ဒါဟာ ခန့်မှန်းမှုဆီ ဦးတည်တဲ့ ကြီးမားတဲ့ ခြေလှမ်း တစ်ခုဖြစ်ပြီး ပြဿနာရဲ့ ခက်ခဲတဲ့ တစ်ချို့ တစ်ဝက်ကို စတင် ကြုံတွေ့ ခံစားရတော့မှာပဲ ဖြစ်ပါတယ်။

ယခု သုတေသနကို Climate change increases cross-species viral transmission risk ခေါင်းစဉ်ဖြင့် Nature ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.