ရှေးခေတ် မာယာ ပိရမစ်တွေထဲမှာ ဘာတွေ သိုဝှက်ထားသလဲ လေ့လာခြင်း

Archeology Article

ရှေးခေတ် မာယာလူမျိုးတွေဟာ ဘီစီ ၁,၀၀၀ ခန့်မှ အေဒီ ၁,၅၀၀အတွင်း Mesoamerica ဒေသ တခွင်တွင် ပိရမစ် ရာနှင့်ချီ ဆောက် လုပ်ခဲ့​ကြပြီး ၎င်းတို့အတွင်းမှာဆိုရင် မြောက်များစွာသော ရှေးဟောင်း ပစ္စည်းများကို ထည့်သွင်းထားကြပါတယ်။

ရှေးအီဂျစ်ပြည် ပိရမစ်များကဲ့သို့ပင် မာယာတို့ တည်ဆောက်ထားတဲ့ ပိရမစ်တွေမှာလည်း ရတနာများနှင့် မြှုပ်နှံမှုများ ပေါ များစွာပါ၀င်တာကို တွေ့ရှိခဲ့ပါတယ်။

၎င်းတို့ထဲမှာဆိုရင် သေးငယ်တဲ့ ပိရမစ်များ မကြာခဏ ထူးဆန်းစွာ ပါ၀င်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။

Yucatan ကျွန်းဆွယ်၊ Chichen Itza ရှိ “El Castillo” ပိရမစ်ထဲမှာ ဆိုရင် ပိရမစ် ငယ် တစ်ခု ရှိပါတယ်။

ပိရမစ်တခု

Yucatan ကျွန်းဆွယ်မှ ရှေးနေထိုင်သူများဟာ ယခင်က လူနေထိုင်ပြီး စွန့်ပစ်ထားသော နေရာသို့ ရောက်ရှိလာသောအခါ ရှေးဟောင်းအဆောက်အဦးများကို မဖျက်ဆီးခဲ့ကြဘဲ ရှိပြီးသား အရာတွေ အပေါ်မှာ အသစ်ပြန်လည် တည်ဆောက်ထားလေ့ရှိပါတယ်။

ဒါကြောင့်မို့လို့ El Castillo ကို အသိုက်အမြုံ ပုံစံကို တည်ဆောက်ခဲ့တာဖြစ်တယ် ” ဟု လေ့လာရေးသားခဲ့သူ မက္ကဆီကို အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (UNAM) မှ ပါမောက္ခ Andres Tejero-Andrade ပြောပါတယ်။

အခြားသော မာယာ နှင့် မာယာ မဟုတ်သော ပိရမစ်များမှာလည်း ထူးဆန်းတဲ့ အရာတွေရှိတယ်ဟု ​မက္ကဆီကိုနိုင်ငံရဲ့ National Institute of Anthropology and History (INAH) မှ သုတေသီ Denisse Lorenia Argote Espino က ပြောကြားခဲ့ပါသေးတယ်။

အခြားပိရမစ်တစ်ခုရဲ့ထိပ်မှာ ပိရမစ်တစ်ခု တည်ဆောက်ခြင်းဟာ “pre-Hispanic” (စပိန်တို့ မရောက်ခင် ၁၆ ရာစု မတိုင်ခင်ခေတ်) ကာလတွင် အသုံးများသော အလေ့အထတစ်ခုဖြစ်တယ်ဟု ဆိုပါတယ်။

ဂျာဂွားကျားသစ် ပုလ္လင် Image: Courtesy of Wiki Commons CC BY-SA 3.0

“ရှည်လျားသော အခြေချ နေထိုင်မှုများရှိ အဓိက အဆောက်အဦးများ (အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသည့်နေရာများ) တွင် အများအားဖြင့် တွေ့မြင်ရလေ့ရှိတယ် ” ဟု Espino မှ ဆိုပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်များ ရှာဖွေတွေ့ရှိသည့် Maya ပိရမစ်များတွင် မြုပ်နှံ့မှုတွေဟာ အသုံး အများဆုံးအရာများ မဟုတ်ပါဘူး။

အချို့သော မာယာဘုရားကျောင်းများကို ထုံးတမ်းစဉ်လာများအတွက် အသုံးပြုခဲ့သော်လည်း အချို့မှာ အုပ်စိုးရှင်များ သို့မ ဟုတ် အခြားသော အထက်တန်းစား ပုဂ္ဂိုလ်များအတွက် သင်္ချိုင်းဂူများအဖြစ် အသုံးပြုပါတယ်။

ထိုမြှုပ်နှံမှုများတွင် ကျောက်စိမ်းမျက်နှာဖုံးများ (ဆုံးပါးသူများ အတွက်)၊ ကျောက်စိမ်းပုတီးစေ့များ၊ obsidian ဓါးများနှင့် ရှေးခေတ် မာယာတွေရဲ့ စတေးခြင်း သင်္ကေတဖြစ်တဲ့ ငါးလိပ်ကျောက် ကျောရိုးများကို တွေ့ရတယ်ဟု Michael Coe ရဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

Illustration

ငါးလိပ်ကျောက်ကျောရိုးတွေကို အသုံးပြုပြီး တစ်ခါတရံတွင် “နား၊ ပါး၊ နှုတ်ခမ်း၊ လျှာနှင့် လိင်အင်္ဂါတို့မှ တစ်ဆင့်ထွက်လာတဲ့ သွေးတွေဖြင့် ရုပ်တုများကို လိမ်းလေ့ရှိတယ်” ဟု Coe က သူရဲ့စာအုပ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရှေးခေတ် မာယာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော တန်ဖိုးကြီး ပစ္စည်းများထဲမှ အကျော်ကြားဆုံး တစ်ခုမှာ El Castillo ပိရမစ်တွင် တွေ့ရတဲ့ Jaguar ပလ္လင်ဖြစ်ပါတယ်။

“ဂန္တဝင်မာယာကျောက်စိမ်းတွေဟာ တန်ဖိုးရှိပြီး အလှတရားအတွက်သာမက ကြီးမားတဲ့ အမှတ်အသားပါသော တင်သွင်းသည့် ကျောက်အဖြစ်လည်း အသိအမှတ်ပြုခံရတယ်” ဟု

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ Riverside မှ မနုဿဗေဒပါမောက္ခ Karl Taube က 2005 ခုနှစ် Ancient Mesoamerica ဂျာနယ်တွင် ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

Illustration

“ကျောက်စိမ်းဟာ နာရေး အခမ်းအနားရဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး နတ်ဘုရားများနှင့် ဘိုးဘေးများကို ပင့်ဆောင်သည့် ထုံးတမ်း စဉ်လာ တစ်ခုဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောပါတယ်။

Maya ပိရမစ်များတွင် ထူးထူးခြားခြား လက်ရာများစွာလည်း ပါဝင်ပါတယ်။ ဥပမာ ဂွာတီမာလာမြောက်ပိုင်း၊ San Bartolo အရပ်ရှိ ပိရမစ်တစ်ခုမှာဆိုရင် နှစ်ပေါင်း ၂၂၀၀ ကျော်ကြာမှ တွေ့ရှိဖူးသမျှ အစောဆုံး Maya ပြက္ခဒိန်အဖြစ် တွေ့ရှိခဲ့ရသည့် အပိုင်းအစများ ရှိပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံ၊ ကိုပန်ရှိ ပိရမစ်တစ်ခုမှာလည်း လှေကားထစ်ပေါ်တွင် ရေးထိုးထားသော Maya glyph ပေါင်း ၂,၀၀၀ ကျော်ပါရှိတဲ့ ဧရာမကမ္ပည်းစာတန်းတစ်ခုရှိပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 2/6/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *