ယူကရိန်းတွင် Su-34 တိုက်လေယာဉ်များ ဆက်တိုက် ဆုံးရှုံးနေရသည့် အကြောင်းအရင်း

Article Military

Su-34 စတုတ္ထမျိုးဆက် ဂျက်လေယာဉ်များဟာ တိုက်ခိုက်ရေးနှင့် ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပြီး လက်ရှိ ယူကရိန်းမှာ မကြာခဏဆိုသလို ဆုံးရှုံးနေရတဲ့အတွက် မေးခွန်းတွေ မေးလာကြပါတယ်။

အချို့အစီရင်ခံစာများကတော့ ရုရှား၏ တိုက်လေယာဉ်များဟာ အခြေခံ လမ်းညွှန်စနစ်ဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ရုရှား လေတပ်၏ လေယာဉ်မှူးများဟာ ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေးများ ဆောင်ရွက်နေစဉ်က အမေရိကန်လုပ် အရပ်ဖက်သုံး GPS ဖမ်းစက်ကိုတောင် အသုံးပြုခဲ့တယ်လို့ ယခင် ဆိုဗီယက် စစ်မှုထမ်းဟောင်းနှင့် ရုရှားနိုင်ငံရေး သမား ဖြစ်တဲ့ Viktor Alksnis မှ ပြောပြဖူးပါတယ်။

ဒီအကြောင်းကို “Su-34 ပေါ်တွင် အမေရိကန်လုပ် GPS ဖမ်းစက် တင်သုံးနေရတဲ့ ရုရှား လေယာဉ်မှူးများ” ခေါင်းစဉ်ဖြင့် Knowledgeworms မှ ၂၀၂၁ ခုနှစ်အတွင်းက ဖော်ပြပေးဖူးပါတယ်။

ယူကရိန်းဟာ ၎င်းတို့ ကိုယ်တိုင် ချေမှုန်းခဲ့သည့် Su-34 များ၏ အစိတ်အပိုင်းများနှင့်တောင် ရန်ပုံငွေပွဲများ ပြုလုပ်လျှက် ရှိနေတာပါ။

ဆီးရီးယားတွင် တာဝန်ထမ်းဆောင်နေသည့် Su-34 တွင် အမေရိကန်လုပ် အရပ်ဘက်သုံး GPS အား တပ်ဆင်ထားစဉ်

ဒါဟာ ရုရှား လေတပ်အတွက် အားနည်းချက်တခု ဖြစ်နေပြီး ကောင်းကင်ယံကို စိုးမိုးမယ်လို့ တွက်ဆ ထားတဲ့ အကြံဟာ ထင်သလောက် မဟုတ်တာကို တွေ့နေရပါတယ်။

ဒီလို Su-34 တိုက်လေယာဉ်တွေမှာ အရပ်ဘက်သုံး GPS စက်တွေ အသုံးပြုနေတာဟာ ဆီးရီးယားတွင်သာမက ယူကရိန်း စစ်ဆင်ရေးမှာလည်း အသုံးပြုနေဆဲ ဖြစ်ပါတယ်။

အဆိုပါ သတင်းကို ယူကရိန်းဘက်မှ Su-34 အပျက်အစီးများ ကြားမှ တိပ်နှင့် ဒက်ရှ်ဘုတ်တွင် ကပ်ထားသည့် အရပ်ဘက်သုံး GPS စက်များကို တွေ့ရတယ်လို့ ပြောကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Ben Wallace က ပြောပါတယ်။

၎င်းက ဒါဟာ “မိမိ၏ ကိုယ်ပိုင်စနစ်များ အရည်အသွေး ညံ့ဖျင်းမှု” ကို ပြသနေတယ်လို့ ဝေဖန်ထားပါတယ်။

ပိုဆိုးတာကတော့ ယူကရိန်းနိုင်ငံသားများဟာ Su-34 အပျက်အစီးများကြားမှ အဆိုပါ GPS များကို လိုက်ရှာနေပြီး အွန်လိုင်းမှ ဒေါ်လာ ၁ ထောင်ဖြင့် ရောင်းချနေတာပါ။

၎င်းတို့ဟာ GPS များသာမက Su-34 နှင့် Ka-52 တို့၏ အပိုင်းအစများကို ကီးချိန်းများ ဖန်တီးပြီး ရောင်းချကာ ယူကရိန်း စစ်ဘက်ကို ကူညီနေတာ ဖြစ်ပါတယ်။

စေတနာ့ ဝန်ထမ်းတဦး အဆိုအရ အဆိုပါ ရန်ပုံငွေရှာဖွေမှုကနေ ဒေါ်လာ ၃ သောင်းလောက်တောင် ရရှိနေပြီလို့ သိရပါတယ်။

အွန်လိုင်းပေါ်တွင်လည်း Su-34 များ ဆုံးရှုံးနေသည့် အကြောင်း အထောက်အထား ခိုင်မာစွာ မြင်တွေ့နေရပြီး Oryx ဝက်ဘ်ဆိုက်မှ စုဆောင်းထားသည့် ဓာတ်ပုံများအရ အနည်းဆုံး ၉ စင်းအထိ ဆုံးရှုံးပြီး ဖြစ်ကြောင်း သိရပါတယ်။

ခေတ်မှီလေယာဉ်လို့ ယခင်က ယူဆထားခဲ့

ယူကရိန်း-ရုရှား အရေး မဖြစ်မီ ကာလအတွင်းမှာ Su-34 ဟာ ရုရှား၏ တန်ဖိုးအရှိဆုံး တိုက်လေယာဉ်များထဲမှ တစင်းဟု သတ်မှတ်ခြင်း ခံထားရတာပါ။

Su-34 ဟာ အကွာအဝေး မိုင် ၆၀၀ လောက်အထိ စစ်ဆင်နိုင်ပြီး လက်နက် ၁၂ တန်လောက်ကို တင်ဆောင်ကာ ရာသီဥတု မရွေး ပျံသန်းနိုင်ပါတယ်။

အချို့ ကျွမ်းကျင်သူများက Su-34 တိုက်လေယာဉ်ကို အမေရိကန်၏ F-15E Strike Eagle တိုက်လေယာဉ်နှင့် နှိုင်းယှဉ်ကြပါတယ်။

အခြား တိုက်လေယာဉ်များနှင့် ပုံစံ အနည်းငယ် ကွဲပြားသည့် လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူးတို့ ဘေးချင်းယှဉ် ထိုင်နိုင်သည့် လေယာဉ်မှူးခန်း ပါဝင်ပါတယ်။

ဒါ့အပြင် အနားယူသည့်နေရာပါရှိပြီး အိမ်သာလဲ ပါဝင်ကာ မောင်းနှင်သူဟာ မတ်တပ်တောင် ရပ်နိုင်လောက်အောင် ကျယ် ဝန်းပါတယ်။

လေယာဉ်ဟာ နာမည်ကျော် Su-27 တိုက်လေယာဉ်များ၏ မျိုးကွဲတခုဖြစ်ပြီး အင်ဂျင် နှစ်လုံးတပ်ဆင်ထားကာ တစင်းလျှင် အမေရိကန် ဒေါ်လာ သန်း ၅၀ လောက် တန်ကြေးရှိပါတယ်။

Su-34 ဟာ တိကျစွာ လမ်းညွှန် ပစ်ခတ်နိုင်သည့် လက်နက်များကို တင်ဆောင်နိုင်တဲ့ အတွက် လူသိများပေမယ့် Forbes မဂ္ဂဇင်းမှ David Axe က အဆိုပါ ခဲယမ်းများဟာ ကုန်သွားလောက်ပြီဖြစ်ပြီး လက်ရှိမှာ လမ်းညွှန်စနစ်မပါတဲ့ ဗုံးများကိုသာ အနိမ့်ပိုင်းမှ အသုံးပြုနေလောက်တယ်လို့ ပြောပါတယ်။

ဒါဟာ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေး စနစ်များမှ ရုန်းမထွက်နိုင်တဲ့ အကြောင်းတရား တခု ဖြစ်နိုင်ပါတယ်။

တော်တော်များများ ကတော့ ၂၀၀၈ ခုနှစ်က Su-34 များကို တော်တော်များများ ဝယ်ယူခဲ့ပြီး အလွန် အဆင့်မြင့်တယ် လို့ ယူဆထားကြတာပါ။

ဒီလေယာဉ်ဟာ မြန်ဆန်ပြီး သွက်လက်ကာ ရန်သူ့ တိုက်လေယာဉ်များကို အနိုင်ယူနိုင်ပြီး မြေပြင်မှဝေဟင်ပစ် လေကြောင်း ကာကွယ်ရေး ဒုံးကျည်များကိုလည်း ရှောင်ရှားနိုင်ပါတယ်။

ယခုလို ယူကရိန်းမှာ ပြဿနာများစွာ ရှိနေတာကတော့ Forbes မှ သုံးသပ်သည့် အချက်ကြောင့်လား လမ်းပြစနစ် ဆိုင်ရာ အခက်အခဲတွေကြောင့်လားဆိုတာ ရုရှားတို့က ပိုပြီး သိနိုင်မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.