ရုရှား အရှေ့ဘက်ခြမ်းမှာ Su-35 တစီး စနေနေ့က ပျက်ကျခဲ့ကြောင်း ရုရှား သတင်းဌာနများမှ ကယ်ဆယ်ရေး အရာရှိများကို ကိုးကားပြီး ဖော်ပြ ခဲ့ကြပါတယ်။
ပျံတက်ပြီး ၄ မိနစ်အကြာတွင် ဒီ Su-35 တိုက်လေယာဉ်ဟာ Okhotsk ပင်လယ် အတွင်းသို့ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ဒီ ဖြစ်ရပ်ကြောင့် လေယာဉ်မှူးဟာ ခုန်ထွက်နိုင်ခဲ့ပြီး တိုက်လေယာဉ်ဟာ Sakhalin ကျွန်းဘက်သို့ ကျရောက်သွားပေမယ့် တဦးတယောက်မှ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ကယ်ဆယ်ရေး အရာရှိများ၏ အဆိုအရ Su-35 လေယာဉ်ဟာ လေ့ကျင့် ပျံသန်းမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေတာဖြစ်ပြီး ပျံသန်းနေစဉ်မှာ အင်ဂျင် ရပ်တန့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Su-35 တိုက်လေယာဉ်များဟာ ဆိုဗီယက်ခေတ် Su-27 များကို အဆင့်မြှင့်တင်ထားတဲ့ စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များ ဖြစ်ပါတယ်။

AL-117S turbofan အင်ဂျင် ၂ လုံး တပ်ဆင်ထားတဲ့ ဒီ ဘက်စုံသုံး လေကြောင်းစိုးမိုးမှု တိုက်လေယာဉ်ကို thrust vectoring စနစ်ပါ တပ်ဆင်ပေးထားတဲ့ အတွက် လွန်ကဲစွာ စစ်ကစား ပျံသန်းနိုင်စွမ်း ရှိပါတယ်။
တိုက်လေယာဉ်တွင် ၃၀ မီလီမီတာ စက်အမြောက်တခု၊ လက်နက် တပ်ဆင်ဖို့ရာ hard point 12 ခု ပါဝင်ပြီး ကီလိုမီတာ ၄၀၀ လောက် အကွာအဝေးမှ ရန်သူကို မြင်တွေ့ နိုင်ပါတယ်။
၎င်း၏ ရေဒါဟာ ပစ်မှတ်ပေါင်း ၃၀ လောက်ကို အဆက်မပြတ် နောက်ယောင်ခံနိုင်စွမ်း ရှိပါတယ်။
Su-35 များဟာ အကွာအဝေး ၃၅၀၀ ကီလိုမီတာလောက်ကို ထပ်မံ လောင်စာဆီ ဖြည့်တင်းစရာမလိုဘဲ စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်နိုင်ပါတယ်။
ရုရှားနိုင်ငံတွင် ၂၀၀၇ မှ ယခုအချိန်အထိ Su-35S တိုက်လေယာဉ် စုစုပေါင်း ၁၃၉ စင်းအထိ ထုတ်လုပ်ပြီး ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021