Su-57 သို့မဟုတ် အပြီးမသတ်ရသေးသည့် တိုက်လေယာဉ် အကြောင်း

Article Military

Sukhoi Su-57 Felon ဟာ တယောက်မောင်း အင်ဂျင် နှစ်လုံးတပ် ရေဒါပျောက် ဘက်စုံသုံး တိုက်လေယာဉ် တစင်းဖြစ်ပြီး ရုရှား၏ အဆင့်အမြင့်ဆုံး နည်းပညာများ ထည့်သွင်း တည်ဆောက်ထားပါတယ်။

ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် ကတည်းက MiG-29 နှင့် Su-27 များကို အစားထိုးနိုင်ရန် ဒီလေယာဉ်ကို ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေခဲ့တာပါ။

ပဥ္စမမျိုးဆက် တိုက်လေယာဉ် ဖြစ်တဲ့ Su-57 ဟာ ရုရှား၏ ပထမဆုံးသော ရေဒါပျောက် နည်းပညာ ပါဝင်လာတဲ့ တိုက်လေ ယာဉ် ဖြစ်ပါတယ်။

Su-27 တိုက်လေယာဉ်

လေယာဉ်ဟာ Super-cruise လို့ခေါ်တဲ့ Afterburner မလိုဘဲ အသံထက်မြန် ပျံသန်းခြင်း၊ Super maneuverability လို့ခေါ်တဲ့ လေယာဉ်ကို လိုသလို လှုပ်ရှား ပျံသန်းနိုင်ခြင်း နှင့် ပေါင်းစပ် လေကြောင်း အီလက်ထရွန်းနစ် စနစ်များ ပါဝင်ခြင်း စသည့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ၏ ဝိသေသများ ပါဝင်ပါတယ်။

ဒါ့ကြောင့် ၎င်းဟာ F-22၊ F-35 နှင့် တရုတ်ထုတ် J-20 နှင့်အတူ ၄ စင်းမြောက် ပဥ္စမမျိုးဆက် ရေဒါပျောက် တိုက်လေယာဉ် အဖြစ် ရပ်တည်နေပါတယ်။

သုံးနိုင်ငံလုံးဟာ ၎င်းတို့၏ ရေဒါပျောက် တိုက်လေယာဉ်များကို ပြည်ပသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေကြချိန်မှာ F-35 နှင့် J-20 တို့ဟာ Su-57 ကို နောက်မှာ ချန်ထားနိုင်ခဲ့ကြပါတယ်။

အကြောင်းကတော့ ဒီတိုက်လေယာဉ်တွေ ကြားထဲမှာ ရေဒါပျောက်နိုင်စွမ်း အနည်းဆုံး ဖြစ်လို့ ဖြစ်ကောင်း ဖြစ်မှာပါ။

MiG-29 တိုက်လေယာဉ်

ဆိုဗီယက်၏ မျိုးဆက်သစ် တိုက်လေယာဉ် အိပ်မက်

၁၉၇၉ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုဟာ ၁၉၉၀ ခုနှစ်များမှာ တပ်တော်ဝင်နိုင်ရန်အတွက် မျိုးဆက်သစ် တိုက်လေယာဉ် တစင်းကို ဒီဇိုင်းဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းတို့၏ “I-90” စီမံကိန်းကို “၉၀ ခုနှစ်များ၏ တိုက်လေယာဉ်” လို့ ခေါ်ဆိုပြီး အဆင့်မြင့် ဝေဟင်မှ ဝေဟင် တိုက်ခိုက်နိုင်ပြီး မြေပြင်ကိုပါ တိုက်ခိုက်နိုင်မယ့် ဘက်စုံသုံး တိုက်လေယာဉ် စီမံကိန်းအဖြစ် လုပ်ဆောင်ခဲ့တာပါ။

Sukhoi ဟာ ဒီစီမံကိန်းထဲမှာ အရွေးမခံရပေမယ့် ၎င်း၏ ကိုယ်ပိုင် မျိုးဆက်သစ် တိုက်လေယာဉ်ကို ဒီဇိုင်း ဆွဲခဲ့ပြီး သုတေ သန စမ်းသပ်လေယာဉ်ကို S-32 လို့ အမည်ပေးခဲ့ပါတယ်။

အဲဒီ့ နောက်မှာတော့ S-37 နှင့် နောက်ပိုင်းမှာ Su-47 လို့ ပြောင်းလဲ ခေါ်ဆိုပြီး ထူးခြားသည့် ဒီဇိုင်းနှင့် Forward-swept တောင်ပံ တပ်ဆင်ထားသည့် အတွက် လူသိများပါတယ်။

Su-47 တိုက်လေယာဉ် ဒီဇိုင်း

၉၀ ခုနှစ်များအတွက် တိုက်လေယာဉ် စီမံကိန်းဟာလည်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ဘတ်ဂျက် မပြည့်စုံသည့် အတွက် ဖျက်သိမ်းလိုက်ရပါတယ်။

ရုရှား၏ Su-57

အဲဒီ့နောက်မှာတော့ ၁၉၉၉ ခုနှစ်မှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနဟာ MiG-29 နှင့် Su-27 တို့ကို အစားထိုးနိုင်ဖို့ T-50 တိုက်လေယာဉ် စီမံကိန်းကို ထပ်မံ စတင်ခဲ့ပါတယ်။

Sukhoi ဟာ ၂၃ တန်ရှိတဲ့ ၎င်း၏ တိုက်လေယာဉ် စီမံကိန်းတွင် ပါဝင်ခွင့်ရပြီး လေယာဉ် ဒီဇိုင်းကို တရားဝင်အားဖြင့် ၂၀၀၉ ခွင့်ပြုခဲ့ကာ ၂၀၁၇ ခုနှစ်မှာ T-50 မှ Su-57 လို့ အမည်ပေးခဲ့ပါတယ်။

အိန္ဒိယဟာ ကနဦး ထုတ်လုပ်မှုများမှာ ပါဝင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အကြောင်းအရင်း မသိရဘဲ နှုတ်ထွက်သွားခဲ့ပါတယ်။

လေယာဉ်ဟာ ရှေ့ပြေးပုံစံ အဆင့်မှာ ပြဿနာပေါင်းများစွာ ကြုံတွေ့ခဲ့ပြီး ဒီဇိုင်းအားဖြင့် အားနည်းချက်များလည်း တွေ့ရှိ ခဲ့ရပါတယ်။

အဆင့်ပေါင်းများစွာ ဖြတ်ကျော်အပြီးမှာ လေယာဉ်၏ အလေးချိန်ဟာ မူလ သတ်မှတ်ထားသည့် ၂၃ တန်မှ ၂၅ တန်အထိ ရောက်ရှိလာပါတယ်။

လက်ရှိမှာတော့ ရုရှားအစိုးရဟာ Su-57 လေယာဉ် စုစုပေါင်း ၇၆ စင်းကို ၂၀၃၀ ခုနှစ်မှာ လက်ခံ ရရှိဖို့ စီစဉ် ထားပြီး ပထမဆုံး လေယာဉ်ဟာ ၂၀၁၉ ခုနှစ်မှာ စတင်ပြီး ၂၀၂၀ ခုနှစ်မှာ ရုရှားလေတပ်က လက်ခံရရှိခဲ့ပါတယ်။

Su-57 ဟာ အမေရိကန် ဒီဇိုင်းများထက် သာလွန်တယ်လို့ အမြဲဆိုလေ့ရှိ

၂၀၂၁ ခုနှစ် အောက်တိုဘာလ အတွင်း Alexei Leonkov ဟာ ရုရှား သတင်းဌာနတခုဖြစ်တဲ့ Tass တွင် Su-57 ပဥ္စမ မျိုး ဆက် တိုက်လေယာဉ်ဟာ အမေရိကန်တို့၏ F-22 နှင့် F-35 များထက် လက်နက်စနစ်၊ အလိုအလျှောက်စနစ်၊ ရေဒါနှင့် အီလက်ထရွန်းနစ် စစ်ပွဲစနစ်များတွင် သာလွန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Su-57 Felon ဟာ ဟိုက်ပါဆိုးနစ် ဒုံးကျည် များကို တင်ဆောင် တိုက်ခိုက်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရုရှား အစိုးရပိုင်း RIA Novosti သတင်းစာမှာတော့ Su-57 စမ်းသပ်မှုတွင် အသုံးပြုသည့် ဒုံးကျည်များဟာ ပုံစံတူ တခုသာ ဖြစ်ပြီး ပစ်လွှတ် စမ်းသပ်တာမျိုး မရှိသေးကြောင်း ဖော်ပြခဲ့ပါတယ်။

သတင်းတွင် “ဒီဒုံးကျည်တုဟာ အင်ဂျင်၊ လောင်စာနှင့် ပေါက်ကွဲစေတဲ့ ထိပ်ဖူးတွေ မပါဝင်ပေမယ့် အလေးချိန်နှင့် အတိုင်း အတာ အရ လက်နက်အစစ် အတိုင်း ဖြစ်ပါတယ်” လို့ ဖော်ပြခဲ့တာပါ။

ယခုလို မီဒီယာတွေမှာ လက်နက်တွေနှင့် ပတ်သက်ပြီး အဆင့်ကျော် ဖော်ပြမှုများကြောင့် Su-57 နှင့် ပတ်သက်ပြီး‌ မေးခွန်း ထုတ်စရာတွေ ဖြစ်နေပါတယ်။

Su-57 ဟာ F-35 သို့မဟုတ် တရုတ်ရဲ့ J-20 ကို မမှီဘူးလား

Su-57 ဟာ ထုတ်လုပ်မှုဆိုင်ရာ ပြဿနာ အများအပြား ရှိနေခဲ့ပြီး ၂၀၂၀ ခုနှစ် ရုရှားလေတပ်သို့ ပေးပို့ခြင်း မပြုနိုင်မီအထိ နှေးကွေးနေခဲ့ပါတယ်။

အဓိက ပြဿနာကတော့ ၎င်းတွင် တပ်ဆင် ထားသည့် အင်ဂျင်ဖြစ်ပြီး AL-41F အင်ဂျင်များဟာ စတုတ္ထလွန် မျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ Su-35S တိုက်လေယာဉ်က အင်ဂျင်များ ဖြစ်ပါတယ်။

Su-57 အား ၂၀၁၉ ခုနှစ်က တွေ့ရစဉ် Image: Courtesy of Liu Xuanzun/GT

ဒီလို အင်ဂျင်ပိုင်းဆိုင်ရာ နောက်ကျမှုကြောင့် Su-57 ဒီဇိုင်း၏ စွမ်းဆောင်ရည်ကို ထိခိုက်သည့်အပြင် ရေဒါပျောက်မှု စွမ်းရည်ကိုပါ သက်ရောက်စေပါတယ်။

ရေဒါပျောက် နည်းပညာအရ တရုတ်၏ J-20 ဟာ Su-57 ကို ကောင်းကောင်း ယှဉ်နိုင်တာထက် ပိုပါတယ်။

ဒါ့ကြောင့် တရုတ်ဟာ ရုရှား၏ အင်ဂျင်များကို စွန့်လွှတ်ကာ အဲဒီ့ထက် အဆင့်မြင့်ပြီး ရေဒါပျောက် လေယာဉ်များနှင့် ကိုက်ညီမည့် အင်ဂျင်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ အပူတပြင်း ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိတွင် တရုတ်ဟာ WS-10C အင်ဂျင်များကို ၂၀၁၉ ခုနှစ် ကတည်းက J-20 များတွင် တပ်ဆင်နိုင်ဖို့ ကြိုးစား နေတာ ဖြစ်ပြီး လက်ရှိ အချိန်ထိတော့ ပြဿနာများစွာကို ဖြတ်ကျော်နေရဆဲ ဖြစ်ပါတယ်။

ရုရှားအစိုးရဟာ Su-57 တွင် F-35 အား ယှဉ်နိုင်သည့် အာရုံခံကိရိယာများ ပါဝင်ပြီး ၃၆၀ ဒီဂရီ ပတ်လည် မြင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Rand Corporation သုတေသနကတော့ ဒီလို စွမ်းဆောင်ရည်မျိုးနှင့် နည်းပညာဟာ ကမ္ဘာပေါ်တွင် F-35 တစင်းထဲမှာပဲ ရှိတယ်လို့ ပြောပါတယ်။

တရုတ် J-20 ရေဒါပျောက် တိုက်လေယာဉ်

ဒါ့ကြောင့် Su-57 ဟာ ပဥ္စမ မျိုးဆက် တိုက်လေယာဉ် တစင်းအဖြစ် တင်းပြည့် ကျပ်ပြည့် ဖြစ်လာဖို့ အဆင့်မြှင့်တင်မှု များစွာ လိုအပ်နေသေးတဲ့ အပြီးမသတ်ရသေးတဲ့ တိုက်လေယာဉ် တစင်းလို့တောင် ပြောနိုင်ပါတယ်။

Su-57 ဟာ F-35 နှင့် F-22 များထက် ရေဒါပျောက် နည်းပညာ နှင့် လေကြောင်း အီလက်ထရွန်းနစ် နည်းပညာ များတွင် နောက်ကျနေဆဲ ဖြစ်ပေမယ့် Su-57 ကို ပဥ္စမမျိုးဆက် တိုက်လေယာဉ်လို့တော့ ခေါ်လို့ရပါသေးတယ်။

အထက်ပါ အကြောင်းအရာများဟာ ရှေ့တမျိုး နောက်တမျိုး ဖော်ပြနေတဲ့ ရုရှားမီဒီယာများ၏ သတင်း အများစုနှင့် လက်ရှိအခြေအနေများကို Steve Balestrieri မှ သုံးသပ်ပြထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *