ရေငုပ်သင်္ဘောနှင့် မော်တော်ဘုတ် ပေါင်းစပ်ထားသည့် မြန်နှုန်းမြင့် မော်တော်ဘုတ်အကြောင်း

Innovation Tech

SubSea Craft ကုမ္ပဏီ၏ တီထွင် ဆန်းသစ်ထားသည့် Victa-class ရေငုပ်သမား ပို့ဆောင်ရေး ယူနစ် (DDU) ဟာ ပထမဆုံး အနေဖြင့် ရေပြင်မှာ ရောက်လာတော့မှာ ဖြစ်ပါတယ်။

ပထမဆုံး စမ်းသပ်မှုကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်္ဂလန် Hampshire အုပ်ချုပ်ရေး ဒေသရှိ ပို့စ်မောက်မြို့ အနီး တွင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Victa မြန်နှုန်းမြင့် မော်တော်ဘုတ်၏ အယူအဆ မှာ အခြား မော်တော်ဘုတ်များနှင့် မတူဘဲ ရေပြင်တွင် လျှင်မြန်စွာ မောင်းနှင်နိုင်မည့် အပြင် ရေအောက်ကိုပါ ငုပ်လျှိုး နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ မော်တော်ဘုတ်ဟာ ရေအောက် နှင့် ရေပြင်ပေါ်တွင် လျှင်မြန်စွာ ခုတ်မောင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေပြင်ပေါ်နှင့် ရေအောက် မောင်းနှင်မှုကို ကူးပြောင်းရာတွင် ၎င်း၏ စွမ်းဆောင်ရည်နှင့်အတူ တီထွင် ဆန်းသစ်ထားသည့် fly-by-wire စနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Credit: SubSea Craft

ဒီလို ခေတ်သစ် အမြင်ဖြင့် ဆန်းသစ်ထားတဲ့ မော်တော်ဘုတ်ဟာ အလျား ၁၁.၉၅ မီတာ၊ အနံ ၂.၃ မီတာရှိပြီး ယာဉ်ပေါ်တွင် အမှုထမ်း ၂ ဦး ရေငုပ်သမား ၆ ဦး အပါအဝင် ၈ ဦးအထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မော်တော်ဘုတ်ကို အထူး ပြင်ဆင်ထားတဲ့ မြင်းကောင်ရေ ၇၂၅ ကောင် ထုတ်ပေးနိုင်သည့် Seatek 725+ အင်ဂျင် တပ်ဆင်ပေးထားပြီး ရေပြင်ပေါ်မှာ တနာရီလျှင် ရေမိုင် ၄၀ နှုန်းအထိ မောင်းနှင်နိုင်မှာပါ။

၂၀ ကီလိုဝပ်ရှိတဲ့ လျှပ်စစ် တွန်းကန်စနစ် တစုံဟာ ရေအောက်သို့ ငုပ်လျှိုးပါက တနာရီလျှင် ရေမိုင် ၈ မိုင်နှုန်း အထိ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။

မော်တော်ဘုတ်ဟာ ရေပေါ်တွင် အကွာအဝေး ရေမိုင် ၂၅၀ အထိ မောင်းနှင်နိုင်ပြီး ရေအောက်တွင် ၄ နာရီ အကြာအထိ ငုပ်လျှိုး နိုင်ပါတယ်။

ထို့အပြင် Victa ဟာ ရေပေါ်သွား မော်တော်ဘုတ် အဖြစ်မှ ရေငုပ်သင်္ဘောပုံစံအဖြစ် ၂ မိနစ်အတွင်း ပြောင်းလဲနိုင်မှာ ဖြစ်ပြီး ရေအနက် မီတာ ၃၀ အထိ ငုပ်လျှိုးနိုင်မှာ ဖြစ်ပါတယ်။

Credit: SubSea Craft

တပ်ဆင်ထားသည့် အဆင့်မြင့် open-circuit air system ဟာ လိုက်ပါသူ ၈ ဦးအတွက် အရံ ၂၀ ရာခိုင်နှုန်း အပါအဝင် အသက်ရှူနှုန်း တမိနစ်လျှင် ၁၈ လီတာနှုန်းဖြင့် ၄ နာရီခန့်ကြာအောင် ရေအောက်တွင် အောက်ဆီဂျင် အလုံအလောက် ထောက်ပံ့ပေးနိုင်မှာပါ။

ဒီလို အင်္ဂါရပ်များကြောင့် Victa ဟာ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများအတွက် သင့်တော်စေပြီး ရေငုပ်စစ်သည်များကို လျှင်မြန်စွာနှင့် လျှို့ဝှက်စွာ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Victa ၏ ရှေ့ပြေး ပုံစံကို အပြည့်အဝ ရရှိဖို့ ကြာဦးမှာ ဖြစ်ပေမယ့် ကနဦး စမ်းသပ်မှုများဖြစ်သည့် ရေအောက်နှင့် ရေပေါ် စမ်းသပ်မှုများကို လာမည့် နှစ် အစောပိုင်းတွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ အဆိုပါ မော်တော်ဘုတ်ကို လိုအပ်ချက်များနှင့်အညီ တည်ဆောက်နိုင်ရန် ဝယ်ယူမည့်သူများနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး ပြီးစီးပါက တစီးလျှင် ယူရို ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁၃.၈ သန်း) ထက်မနည်း ကုန်ကျမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *