အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများဟာ ကာကွယ်ရေး လက်နက်များကို တိုးချဲ့လျက် ရှိနေတာကို တွေ့ရပါတယ်။
အိန္ဒိယဟာ အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ ၎င်း၏ ပထမဆုံး ပဲ့ထိန်းတပ် ဒုံးကျည် ဖြစ်တဲ့ Agni-5 ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဒုံးကျည်ဟာ အဆင့်သုံးဆင့်ပါတဲ့ လောင်စာခဲသုံး အင်ဂျင်ကို အသုံးပြုထားပြီး နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်ကာ အလွန်တိကျမှုနှုန်းဖြင့် မိုင် ၃ ထောင် အကွာအဝေးမှ ပစ်မှတ်အထိ ပစ်လွှတ်နိုင်တယ်လို့ အိန္ဒိယအခြေစိုက် Republic World ၏ သတင်းအရ သိရပါတယ်။
ထိပ်ဖူး အလေးချိန် ၁၅၀၀ ကီလိုဂရမ် တင်ဆောင်နိုင်ပြီး အလေးချိန် ၅၅ တန်လောက်ရှိတဲ့ ဒီ ဒုံးကျည်ဟာ ပစ်မှတ်ကို ၁၀ မီတာ မှ မီတာ ၈၀ အကြားသာ လွဲချော်နိုင်ချေ ရှိတဲ့အတွက် အလွန်တိကျတယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာ့အဆင့် အနေဖြင့် ဒီလို ဒုံးကျည်မျိုး အောင်မြင်တာဟာ အသစ်တခုတော့ မဟုတ်ပေမယ့် အိန္ဒိယနိုင်ငံအတွက်ကတော့ ကြီးမားသည့် တိုးတက်မှုကို ကိုယ်စားပြုပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံကြီးများ အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဒေသတွင်း အာဏာချိန်ခွင်လျှာကို အခြေခံကျကျ ပြောင်းလဲစေမှာ ဖြစ်ပါတယ်။

အိန္ဒိယ၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဟာ အမေရိကန် နှင့် တရုတ် နိုင်ငံအကြား တင်းမာမှုများ ကြီးထွားလာချိန်တွင် မဟာဗျူဟာမြောက် အစိတ်အပိုင်းတစ်ခု ထပ်မံ တိုးမြင့်လာတယ်လို့ ဆိုနိုင်ပါတယ်။
Agni-5 ဒုံးကျည် စမ်းသပ်မှုဟာ အိန္ဒိယ၏ ဗဟိုကာကွယ်ရေး မူဝါဒ ဖြစ်သည့် “အများလက်ခံနိုင်လောက်တဲ့ အနည်းဆုံး ခြိမ်းခြောက်မှု” ၏ တစိတ်တပိုင်းဖြစ်ကာ “ပထမဆုံး စတင် အသုံးမပြုဘူး” ဆိုသည့် ကတိကဝတ်ကို ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။
နိုင်ငံ၏ ပထမဆ့ုးသော တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်ဟာ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (DRDO) မှ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံရှိ မည်သည့် နေရာကိုမဆို ပစ်မတ်ထားနိုင်ကာ ဥရောပအထိပင် ရောက်ရှိနိုင်ပါတယ်။
Agni-5 ဒုံးကျည်ဟာ တရုတ်နိုင်ငံ၏ မဟာဗျူဟာ အစီအမံများကို တက်ကြွစွာဖြင့် ဟန့်တားနိုင်ကြောင်း အိန္ဒိယ စစ်တပ်မှ ဗိုလ်မှူးတယောက်ဖြစ်တဲ့ Gaurav Arya က ပြောကြားခဲ့ပါတယ်။
“ဒီ ဒုံးကျည်ဟာ ပါကစ္စတန်နဲ့ ဘာမှ မဆိုင်တဲ့အပြင် ပါကစ္စတန်ကို ပစ်မှတ်အဖြစ်တောင် မစဉ်းစားပါဘူး။” “ဒါက တရုတ်ကို ရည်ရွယ်တာဖြစ်ပြီး အလွန် အရေးကြီးပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယခု ဒုံးကျည်ဟာ Odisha ကမ်းရိုးတန်းတွင် မကြာသေးမီက စမ်းသပ် ခဲ့သည့် DRDO ၏ ပြည်တွင်းဖြစ် နည်းပညာသုံး ခရုဇ် ဒုံးကျည် (ITCM) ကို အောင်မြင်စွာ စမ်းသပ်အပြီးမှာ နောက်ထပ် အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။
ဇူလိုင်လ အစောပိုင်းမှာလည်း အိန္ဒိယဟာ ၎င်း၏ မျိုးဆက်သစ် ၃၇ မိုင်(၆၀ ကီလိုမီတာ) အကွာအဝေးထိ ရောက်ရှိနိုင်တဲ့ မြေပြင်မှ ဝေဟင်ပစ် Akash ဒုံးကျည် (Akash-N) ကို စမ်းသပ် ခဲ့ပါသေးတယ်။
DRDO မှ မကြာသေးမီက ထုတ်လုပ်ခဲ့သည့် အခြား လက်နက်များမှာ Man-Portable ပဲ့ထိန်းလမ်းညွှန်စနစ်သုံး တင့်ဖျက် လက်နက်နှင့် Agni-Prime ဟုခေါ်သည့် အကွာအဝေး ၆၂၁ မှ ၁,၂၄၂ မိုင် (၁၀၀၀ မှ ၂၀၀၀ ကီလိုမီတာ) လောက်အထိ ပစ်လွှတ်နိုင်သည့် Agni ဒုံးကျည်၏ နောက်ထပ် မျိုးဆက်သစ်များ ပါဝင်ပါတယ်။
အိန္ဒိယ၏ ဒီလို ပဲ့ထိန်းဒုံးကျည်အောင်မြင်မှုဟာ ၎င်း၏ ကြီးမားတဲ့ ပြိုက်ဘက်ဖြစ်သည့် တရုတ်နှင့် နှိုင်းယှဉ်ပါက ခြေတလှမ်း နောက်ကျနေပေမယ့် နျူကလီးယား ထိပ်ဖူး တင်ဆောင်နိုင်သည့် ယခုလို ဒုံးကျည်မျိုး ထုတ်လုပ်လာနိုင်တာဟာ ကြီးမားတဲ့ ခြေလှမ်းသစ်တခုလို့ ဆိုရမယ်ဆို မမှားပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။