ဖားများတွင် ခြေလက်အသစ် ပြန်လည် ဖြစ်ထွန်းအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်း

Innovation Science

တိရိစ္ဆာန် တော်တော်များများဟာ ထိခိုက်မှုတွေကို ပြန်လည် ကောင်းမွန် လာနိုင်စွမ်း ရှိကြပေမယ့် ကိုယ်လက် အင်္ဂါများကိုတော့ အသစ်ပြန်လည် ဖြစ်ထွန်းနိုင်စွမ်းရှိတဲ့ တိရစ္ဆာန်ကတော့ ရှားပါးပါတယ်။

လူအပါအဝင် တိရိစ္ဆာန် တော်တော်များများဟာ ထိခိုက်မှုတွေကြောင့် ဖြစ်တဲ့အရာတွေကိုသာ ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိပေမယ့် လေ့လာမှု အသစ်မှာတော့ ဒါကို ကျော်လွှားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

လေ့လာမှုတွင် လူများနှင့် မတူတဲ့ ဖားများကို အသုံးပြုခဲ့ပေမယ့် ဒီလို ကြိုးစားမှုဟာ လူတွေ အပါအဝင် အခြား တိရိစ္ဆာန်များမှာ အလုပ်ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ခြေလက် အသစ် ပြန်လည်ဖြစ်ထွန်းခြင်းဟာ ဇီဝဆေးဘက်ဆိုင်ရာ သိပ္ပံပညာရပ်၏ နယ်ပယ်သစ်တခု ဖြစ်ပြီး ယခင်က စူပါဟီးရိုးများနှင့် ဒဏ္ဍာရီများတွင်သာ ရှိခဲ့ပေမယ့် ယခုအခါမှတော့ လက်တွေ့နှင့် တဖြည်းဖြည်း နီးစပ်လာပါပြီ။

African clawed frog Image: Courtesy of Wiki Commons

Tuff တက္ကသိုလ်နှင့် ဟားဗက် တက္ကသိုလ် အောက်မှ Wyss အင်စတီကျုမှ သုတေသီများဟာ African clawed frog (Xenopus Laevis) ဖားမျိုး ဖြင့် ဒီသဘောတရားကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။

အဆိုပါဖားများဟာ ကိုင်တွယ်ရလွယ်ကူပြီး တနှစ်ပတ်လုံး ဥများဥနေတတ်ကာ လူများနှင့် ဆင့်ကဲ့ပြောင်းလဲမှုပုံစံ တူညီတဲ့အတွက် လေ့လာမှုများတွင် သုံးလေ့ ရှိပါတယ်။

စမ်းသပ်မှု

သုတေသီများဟာ ဆေးငါးမျိုးကို ပေါင်းစပ်ပြီး ဖား၏ မရှိတော့သည့် ခြေထောက်ငုပ်နေရာတွင် ဆီလီကွန်ဇီဝ အစွပ်ဖြင့် ၂၄ နာရီကြာ စွပ်ပေးခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ပြန်လည်ဖြစ်ထွန်းခြင်း လုပ်ငန်းစဉ်စတင်ပြီး ၁၈ လ အကြာမှာတော့ အဆိုပါ ဖားရဲ့ ခြေထောက်ဟာ ပြန်ပေါက်လာပြီး လုံးဝ နီးပါး အလုပ်လုပ်နိုင်တဲ့ ခြေထောက်တခု ဖြစ်လာတာကို တွေ့ရပါတယ်။

ဒီလို စမ်းသပ်မှုမျိုးကို ဖားပေါင်း ဒါဇင်ပေါင်းများစွာ အသုံးပြု စမ်းသပ်ခဲ့ပြီး အကုန်လုံးဟာ ခြေထောက် ပြန်မပေါက်လာပေမယ့် တော်တော်များများကတော့ ပြန်ပေါက်လာတာကို တွေ့ရပါတယ်။

Image: Courtesy of Murugan et al (2022)

ဆေးဖော်စပ်ရာမှာ သုတေသီများဟာ တစ်ရှူးများ ပြန်လည်ကြီးထွားစေတဲ့ ဇီဝလမ်းကြောင်းတခုဖြစ်တဲ့ သားလောင်းနှင့်တူသည့် အနေအထားတခုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကြိုးစားမှု

ဒါ့ကြောင့် ၂၄ နာရီကြာ ကုသမှုသာ ပြုလုပ်ခဲ့ပေမယ့် များပြားလှတဲ့ ဆင့်ကဲ့ကြီးထွားမှုတွေ ဆက်လက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ သုတေသီများဟာ အစွပ်အတွင်းမှာ progesterone တမျိုးကိုသာ ထည့်သွင်းပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

progesterone ဆိုသည်မှာ အမျိုးသမီးများ ဓမ္မတာ၊ ကိုယ်ဝန်ဆောင်ချိန် နှင့် လူသား သန္ဓေလောင်းနှင့် အခြား တိရိစ္ဆာန် သန္ဓေလောင်းများတွင် ပါဝင်သည့် စတီးရွိုက် ဟော်မုန်း အမျိုးအစား တခု ဖြစ်ပါတယ်။

ဒီတခုထဲက ခြေလက်များကို ပြန်လည်ပေါက်လာဖို့ ဖြစ်စေနိုင်ပေမယ့် အသုံးပြုလို့ ရတဲ့ အဆင့်အထိတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် နာကျင်မှုလျော့ကျစေခြင်း၊ တစ်ရှူးအမာရွတ်များ မဖြစ်စေအောင် အာရုံကြော၊ သွေးကြောနှင့် ကြွက်သားများကို မြှင့်တင်ပေးသည့် သတ္တိများပါသည့် အခြား ဆေး ၄ မျိုး ပေါင်းစပ်လိုက်သည့် အခါမှာတော့ အလုပ်လုပ်နိုင်သည့် ခြေလက်များ ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

ဖားများတွင် စမ်းသပ် အောင်မြင်အပြီးမှာ ဒီစမ်းသပ်မှုကို နို့တိုက်သတ္တဝါများနှင့် မကြခင်မှာ စမ်းသပ် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ဒီလို စမ်းသပ်အောင်မြင်မှုဟာ တခေတ်ပြောင်းစေမယ့် အောင်မြင်မှု၏ ခြေလှမ်းအစဖြစ်ပြီး ယခု လေ့လာမှု ကို Science Advances ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.