မြွေကိုက်လျှင် စုပ်ထုတ်သည့်နည်းကို မသုံးသင့်သည့် အကြောင်း

Health Knowledge

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာတဝှမ်းတွင် နှစ်စဉ် လူ ၅.၄ သန်းခန့်ဟာ မြွေကိုက်ခံရပြီး ၎င်းတို့အနက် ၈၁,၀၀၀ မှ ၁၃၈,၀၀၀ ဟာ အသက် အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။

မြွေကိုက်သည့် နေရာကို ဒဏ်ရာကို ခွဲကာ၊ အဝတ်ဖြင့် တင်းကြပ်စွာ စည်းပြီး အဆိပ်စုပ်သည့် နည်းဟာ အလုပ်မဖြစ်တဲ့အကြောင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် အ နည်းငယ်ကတည်းက သက်သေပြပြီး ဖြစ်ပါတယ်။

မြွေဆိပ်ဟာ လျှင်မြန်စွာ ပျံ့နှံ့တတ်တဲ့ အတွက် စုပ်ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး။ ဒဏ်ရာကို ခွဲကာ စုပ်ထုတ်သည့် နည်းဟာ အခြား ကူးစက်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေရုံသာမက နောက်ပိုင်းမှာ တစ်သျှူးများကိုပါ ပျက်စီးစေနိုင်ပါတယ်။

အဝတ်ဖြင့် တင်းကျပ်စွာ သွေးထိန်းရန် စည်းနှောင်ခြင်းဟာလည်း အန္တရာယ် တခုပါပဲ။ ၎င်းဟာ သွေးလည်ပတ်မှုကို ပြတ်တောက်စေပြီး မြွေဆိပ်ကို ခန္ဓာကိုယ်၏ တနေရာထဲမှာ ကျန်နေစေပါတယ်။

အဆိုးဆုံး အနေဖြင့် ကိုယ်လက် အင်္ဂါကိုတောင် ထိခိုက်စေနိုင်တဲ့ အနေအထားကို ဖြစ်စေနိုင် ပါတယ်။ ယနေ့ခေတ်မှာ မြွေကိုက်ခံရပါက စိတ်ကို တည်ငြိမ်သမျှ တည်ငြိမ်အောင် နေပြီး ချက်ချင်း ဆေးကုသမှု ခံယူဖို့ရာ အကြံပြုထားပါတယ်။

အမေရိကန်နိုင်ငံရှိ Mayo ဆေးရုံမှ ဒဏ်ရာ ရောင်ရမ်း လာပါက လူနာကို မည်သည့် တင်းကျပ်သည့် အဝတ်အစားကို မဆို ဖယ်ရှားစေခြင်း၊ နှလုံးခုန် မြန်စေသည့် ကဖိန်းဓာတ်ပါသည့် အစားအသောက်များနှင့် အရက်သေစာ မသောက်သုံးစေခြင်း နှင့် နာကျင်မှု သက်သာစေသည့် ဆေးဝါးများ၊ အခြားဆေးများ မသောက်စေခြင်း စသည်တို့ကို အကြံပြုထားပါတယ်။

ဒါ့အပြင် Hopkinsmedicine ၏ အကြံပြုချက်အရ ဒဏ်ရာကို ဆပ်ပြာဖြင့် ဆေးကြောခြင်း၊ ရောင်ရမ်းမှုကို သက်သာစေဖို့ ဒဏ်ရာကို အေးမြ သန့်ရှင်း စိုစွတ်သည့် အဝတ်ဖြင့် ဖုံးအုပ်ထားခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

မြွေပုံ သဏ္ဍာန်ကိုလည်း မှတ်မိဖို့ အရေးကြီးပြီး (ဥပမာ ဓာတ်ပုံ ဖြစ်စေ) ၎င်းဟာ ဆေးကုသမှု ခံယူသည့်အခါ အသုံးဝင်မှာ ဖြစ်ပါတယ်။

အဆိပ်ရှိသော မြွေမျိုးစိတ်များကို သူငယ်အိမ် ပုံစံဖြင့် ခွဲခြားခြင်း၊ အကိုက်ခံရသည့် ပုံသဏ္ဍာန်ဖြင့် ခွဲခြားခြင်းများ ပြုလုပ်တတ်ကြပေမယ့် တိကျတဲ့ အဖြေရရှိဖို့ရာ ကျွမ်းကျင်သူများကိုသာ တိုင်ပင်သင့်ပါတယ်။

သင်ဟာ မြွေနှင့် ထိတွေ့နိုင်သည့် နေရာများကို သွားလာတတ်ပါက အန္တရာယ်ကင်းနိုင်ဖို့ သင့်ရဲ့ ဒေသမှာ ရှိတတ်တဲ့ သတိထားရမယ့် မြွေမျိုးတွေကို လေ့လာ ထားသင့်ပါတယ်။

Bitten by a Rattlesnake စာအုပ်တွင် ဖော်ပြထားချက်အရ အဆိပ်ပြင်းသော မြွေများမှ အကိုက်ခံရတဲ့ ၂၅ ရာခိုင်နှုန်းဟာ dry bite ဟုခေါ်သည့် အဆိပ်မပါသည့် ကိုက်ခြင်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ မြွေများဟာ ၎င်းတို့ ထုတ်မည့် အဆိပ် ပမာဏကို ကောင်းကောင်း ထိန်းချုပ်နိုင်လို့ ဖြစ်ပါတယ်။

မြွေများဟာ သားကောင် အရွယ်အစားဟာ စားဖို့ အလွန်ကြီးပါက ၎င်းတို့၏ အကန့်အသတ်ရှိတဲ့ အဆိပ်ကို ဖြုန်းတီးမှု မဖြစ်စေရန် နောက် ထပ် သားကောင် တကောင်အတွက် ချန်ထားလေ့ ရှိပါတယ်။

Reference: Bitten by Rattlesnake Book, Hopkinsmedicine, Mayo Clinic, Mentalfloss

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *