နျူကလီးယား အလုံး ၅၂၀ ဖြင့် တူးမြောင်းသစ် တူးဖို့ ကြံစည်ခဲ့စဉ်က

Article History

စစ်အေးကာလမှာ အများနှင့် မတူ တမူထူးခြားပြီး ကြောက်စရာကောင်းတဲ့ စီမံကိန်းတွေ ရှိခဲ့ပြီး ယခု ကိစ္စဟာလည်း ပေါ့သေးသေးတော့ မဟုတ်ပါဘူး။

အံ့အားသင့်စရာ ဒီအကြောင်းအရာဟာ ၁၉၉၆ ခုနှစ်မှာ လျှို့ဝှက် အဆင့် လျှော့ချလိုက်တဲ့ ၁၉၆၃ ခုနှစ်က သဘော တူညီမှုစာချုပ် မူကြမ်း တခုကနေ သိလိုက်ရတာပါ။

အဲဒါကတော့ ပင်လယ်နီနှင့် မြေထဲပင်လယ်အကြားမှာ လမ်းကြောင်းသစ် တခု ဖန်တီး တည်ဆောက်ဖို့ အဆိုပြုခဲ့တဲ့ အံ့အား သင့်စရာ အဆိုပြုချက်တခုပဲ ဖြစ်ပါတယ်။

Business Insider တွင် ဖော်ပြခဲ့မှု အရ ထိုအစီအစဉ်ဟာ ဆူးအက်တူးမြောင်းအစား အသုံးပြုနိုင်မယ့် တူးမြောင်းအသစ်ကို အစ္စရေးကို ဖြတ်ကာ တည်ဆောက်ဖို့ဖြစ်ပြီး နျူကလီးယား လက်နက် အလုံး ၅၂၀ အထိ သုံးဖို့ အဆိုပြုထားပါတယ်။

ထိုစာရွက် စာတမ်းများတွင် Negev ကန္တာရကို ဖြတ်ပြီး နျူကလီးယား လက်နက်များကို အသုံးပြုကာ တူးမြောင်းကို တူးဖော်ဖို့အတွက် တောင်းဆိုထားတာကို တွေ့ရပါတယ်။

အစ္စရေးကို မိုင် ၁၆၀ လောက် ဖြတ်သွားမည့် တူးမြောင်း

နျူကလီးယားကို စိတ်ဝင်စားဖွယ် အသုံးချခြင်းဖြင့် အစ္စရေး နိုင်ငံ တဝှမ်းမှာ မိုင် ၁၆၀ လောက် ရှည်လျားသည့် တူးမြောင်းတခု ဖြစ်လာလိမ့်မယ်လို့လည်း သဘောတူညီမှုစာချုပ် မူကြမ်းတွင် မှတ်ချက်ပြုထားပါတယ်။

စီမံကိန်း သရုပ်ပြမြေပုံ Knowledgeworms/Google Maps

အကြောင်းပြချက်ကတော့ သမားရိုးကျ တူးဖော်သည့် လုပ်ငန်းများဟာ ကုန်ကျစရိတ် ကြီးမြင့်တဲ့အတွက် နျူကလီးယားဟာ ဒီအခြေအနေမှာ အကျိုးအမြတ် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်း၏ အဆုံးသတ်မှာတော့ ထိုတူးမြောင်း ဖွံ့ဖြိုးတိုးတက်မှုဟာ လက်ရှိ စူးအက်တူးမြောင်း၏ အစား သုံးနိုင်ဖို့အတွက် မဟာဗျူဟာအရ အဖိုးတန်သည့် ရွေးချယ်စရာတခု ဖြစ်နိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်နိုင်မယ်လို့ ကောက်ချက်ချထားပါတယ်။

၂၀၂၂ ခုနှစ် မတ်လအတွင်း စူးအက်တူးမြောင်း၏ ကျဉ်းမြောင်းသည့် လမ်းကြောင်းတခုမှာ ကုန်တင် သင်္ဘောတစင်း ကန့် လန့် ပိတ်မိနေခဲ့တာဟာ စီးပွားရေးဆိုင်ရာ စီးဆင်းမှုကို သိသိသာသာ ထိခိုက်စေလို့ ဒီအဆိုပြုချက်ဟာ မှန်သင့်သလောက်တော့ မှန်ပါတယ်။

ဒီစာရွက်စာတမ်းတွေကို အမေရိကန် စွမ်းအင်ဌာန ကျောထောက်နောက်ခံပြုထားတဲ့ Lawrence Livermore National Laboratory မှ ထုတ်ထားတာ ဖြစ်ပြီး အစ္စရေး Negav သဲကန္တာရကို ဖြတ်ကာ မြေထဲပင်လယ်မှ Aqaba ပင်လယ်ကွေ့ကို ဆက်သွယ်ပြီး ပင်လယ်နီနှင့် အိန္ဒိယ သမုဒ္ဒရာသို့ လမ်းကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။

စာရွက်စာတမ်းတွင် လူနေမထူထပ်သည့် သဲကန္တာရ မြေများ ပါဝင်တဲ့အတွက် နျူကလီးယားကို အသုံးပြု တူးဖော်သည့် နည်းလမ်းဟာ လိုက်လျောညီထွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဆူးအက် တူးမြောင်းကို ဖြတ်သန်းနေသည့် အမေရိကန် လေယာဉ်တင် သင်္ဘော

ပနားမား တူးမြောင်းကို ချဲ့ထွင်ခြင်း

Forbes မဂ္ဂဇင်း၏ အဆိုအရ ဒီတူးမြောင်းဟာ အမေရိကန်တွေ နျူကလီးယား သုံးပြီး တည်ဆောက်ဖို့ စိတ်ကူးထားတဲ့ တခုတည်းသော တူးမြောင်း မဟုတ်ပါဘူး။

၁၉၆၇ မှ ၁၉၆၈ ခုနှစ် အတွင်း အမေရိကန် ကြည်းတပ်၏ အင်ဂျင်နီယာတပ်မှ ဘူမိဗေဒပညာရှင် ၅၀ ဟာ အမေရိကန် အ လယ်ပိုင်းကို ဖြတ်သွားသည့် တူးမြောင်းသစ်အတွက် ဖြစ်နိုင်ချေ အကောင်းဆုံး လမ်းကြောင်းများကို စုံစမ်းဖို့ စေလွှတ်ခံခဲ့ရပါတယ်။

၎င်းတို့ဟာ နီကာရာဂွာ၊ ပနားမားနှင့် ကိုလံဘီယာတို့မှ တဆင့် လမ်းကြောင်းများကို ဖော်ထုတ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အင်ဂျင်နီယာ အဖွဲ့ဟာ ဒေါ်လာ ၂ ဘီလီံယံလောက် ကုန်ကျနိုင်မည့် ကိုလံဘီယာကို ဖြတ်သွားတြ့ Pan-Atomic တူးမြောင်းကို ရွေးချယ်ခဲ့ပါတယ်။

သို့ပေမဲ့ ၁၉၆၉ ခုနှစ်မှာတော့ တူမြောင်း တူးဖော်ဖို့ နျူကလီးယားကို အသုံးပြုရာမှ ထွက်လာမည့် ဓာတ်ရောင်ခြည်များ အ ပေါ် စိုးရိမ်မှုတွေ ရှိတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ပနားမား တူးမြောင်းအား မြင်ရစဉ်

၁၉၇၀ ခုနှစ်မှာတော့ အင်ဂျင်နီယာ တပ်ဖွဲ့မှ အကြီးအကဲ ဗိုလ်မှူးချုပ် Charles Noble မှ ဒီစီမံကိန်းများဟာ စီးပွားရေး အရ ခိုင်လုံမှု မရှိသည့် အပြင် သဘာဝ ပတ်ဝန်းကျင်နှင့် ဌာနေ တိုင်းရင်းသားများကို အန္တရာယ်ရှိလို့ ၎င်း၏ အစီရင်ခံစာတွင် ကန့် ကွက်ခဲ့ပါတယ်။

“တနေ့နေ့မှာ နျူကလီးယားကို ကြီးမားတဲ့ မြေပြင်ရွေ့လျားမှု စီမံကိန်းများတွင် အသုံးပြုမယ်လို့ ယုံကြည်ပေမယ့် လက်ရှိမှာ တူးမြောင်းမူဝါဒ အပေါ် ဆုံးဖြတ်ချက်တွေ မချသင့်ဘူး” လို့ ၎င်းက အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ စီမံကိန်း ၂ ခု စလုံးဟာ အလွန် လွန်ကဲသည့် လိုအပ်ချက်များကြောင့် မည်သည့်အခါမှတော့ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

တကယ်လို့ တည်ဆောက်ဖြစ်ခဲ့မယ် ဆိုရင်လည်း အကျိုးဆက်တွေက ဘာတွေ ဖြစ်မလာလဲ ဆိုတာ ဒီစီမံကိန်းကို ရပ်ဆိုင်းခဲ့တဲ့ သူတွေသာ အသိဆုံး ဖြစ်မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 29/7/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *