ပြင်သစ်တို့၏ နည်းပညာမြင့်နျူးကလီးယား ရေငုပ်သင်္ဘောသစ်အကြောင်း

Article Military

ပြင်သစ်တို့ ဆောက်လုပ်နေတဲ့ Suffren အတန်းအစား နျူကလီးယား တိုက်ခိုက်ရေး ရေငုပ် သင်္ဘောအသစ်ဟာ ယခင် Rubis အတန်း အစားတွေထက် တိုးတက်မှုများစွာရှိလာပါတယ်။

ဒီရေငုပ်သင်္ဘောအသစ်မှာ ကျယ်ပြန့်တဲ့စွမ်းဆောင်နိုင်မှုကို ထောက်ပံ့ပေးထားပြီး ပိုမိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်နိုင်မှာပါ။

Naval News ၏ Euronaval 2020 မှာ တရားဝင်ဖော်ပြမှု အနေဖြင့် ရေငုပ်သင်္ဘောနှင့်ပတ်သက်ပြီးကျွမ်းကျင်သူ H I Sutton က Suffren အတန်းအစား ရေငုပ်သင်္ဘောအသစ်များအား ကြည့်ရှုပြီးနောက် ပြင်သစ်ရေတပ်အတွက် ချိန်ခွင်လျှာပြောင်းလဲမှု တစ်ရပ် ဘာကြောင့်ဖြစ် လာ ရမလဲဆိုတာကို ရှင်းလင်းပြောပြခဲ့ပါတယ်။

ဒီအတန်းအစား တိုက်ခိုက်ရေး ရေငုပ် သင်္ဘောသစ်ပေါင်း ၆ စီးအထိ လာမယ့် ဆယ်စုနှစ် အတွင်း ပြင်သစ်ရေတပ်က လက်ခံရရှိတော့မှာဖြစ်ပြီး အဲဒီ့အထဲက ပထမဆုံး တစ်စီးကိုတော့ လာမယ့်နှစ်မှာ ပထမဆုံး တပ်တော်ဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီ အတန်းအစား ရေငုပ်သင်္ဘောတွေဟာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် Rubis အတန်းအစားတွေထက် စွမ်းဆောင်ရည်အဆမတန် သာလွန်လာမှာပါ။

တိုးတက်မှုများအနက် Suffren အတန်းအစား ရေငုပ်သင်္ဘောများဟာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးသုံး နောက်ဆုံးပေါ် F-21 တော်ပီဒိုကြီးများကို တပ်ဆင်နိုင်လာမှာပါ။

လျှပ်စစ်စွမ်းအင်သုံး ဒီတော်ပီဒိုတွေဟာ လေ့ကျင့်ရေးအတွက် ပြန်လည်အားသွင်းနိုင်တဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများနှင့် တကယ့်တိုက်ခိုက်ရေးအတွက် တစ်ခါသုံး အလူမီနီယံဆေးလ်ဗားအောက်ဆိုဒ် ဘက်ထရီများကိုအသုံးပြုတဲ့အတွက် လေ့ကျင့်ရေးအတွက်လည်း များစွာအဆင်ပြေမှာပါ။

ဒီ တော်ပီဒိုတွေဟာ နော့တီကယ်မိုင် ၂၇ မိုင် အကွာအဝေးမှ ပစ်မှတ်ကို ၅၀ နော့တီကယ်မိုင်နှုန်းဖြင့် ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်သယ်ဆောင်နိုင်မယ့် လက်နက်ကတော့ ခရုဇ်ဒုံးကျည်များဖြစ်ပါတယ်။

အဆိုပါဒုံးကျည်များဟာ အမေရိကန်တို့ရဲ့ Tomahawk ခရုဇ်ဒုံးကျည်များနှင့် တန်းအတူတူဖြစ်ပြီး ဒီ ဒုံးကျည်များက ညဉ့်ကာလမှာ ဗျူဟာမြောက် ပတ်ခတ်နိုင်တဲ့အစွမ်းရှိပြီး ရန်သူ့နယ်မြေအတွင်း နစ်ရှိုင်းစွာရောက်ရှိနိုင်မှာပါ။

ထိုလက်နက်များအပြင် ယခင်ရေငုပ်သင်္ဘောများတွင် ပါဝင်ပြီးဖြစ်တဲ့ ရေငုပ်သင်္ဘောခင်းမိုင်း FG-29 နှင့် Exocet SM39 သင်္ဘောဖျက်ဒုံးများကိုပါ တင်ဆောင်နိုင်မှာပါ။

(Picture Source Naval Group)

အနာဂါတ်မှာ တော်ပီဒိုအရွယ်အစားရှိ UUV (Uncrewed Underwater Vehicles) မောင်းသူမဲ့ ရေအောက်သွား ရေယာဉ်များပါ သယ် ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

အဆိုပါ UUV အတွက် ထောက်လှမ်းရေး၊ ရှာဖွေရေး နှင့် ကင်းထောက် စစ်ဆင်ရေးများ၊ အီလက်ထရောနစ်စစ်ပွဲများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးများ တန်ပြန်ထောက်လှမ်းရေးနှင့် မိုင်းခင်းလုပ်ငန်းများ စသည့် စစ်ဆင်ရေး အများအပြားကို ဆောင်ရွက်နိုင်သည့် လက်ရှိအသစ်ထုတ်လုပ်ထားတဲ့ D-19 မောင်းသူမဲ့ရေအောက်သွားယာဉ်ကို အသုံးပြုဖွယ်ရှိပါတယ်။

Suffren အတန်းအစားများတွင် အထက်ပါ လက်နက်များတင်မကပါဘူး Ultra-modren လို့သုံးနှုံးရမယ့် အလွန်အမင်းခေတ်ရှေ့ပြေးတဲ့ Safran အီလက်ထရောနစ်နှင့် ကာကွယ်ရေးစနစ်များဟာ နောက်ထပ်သော့ချက်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ယခင်သမားရိုးကျ အဝေးကြည့်မှန်ပြောင်းလို မှန်ပြောင်းပြွန်ဟာ သင်္ဘောကိုယ်ထည်ကို ဖောက်ပြီး ဝင်စရာ မလိုသောကြောင့် ထိန်းချုပ်ရေးခန်းဟာ မှန်ပြောင်းအောက်တည့်တည့်မှာ ရှိစရာမလိုတော့ပါဘူး။

ဒီရေငုပ်သင်္ဘောမှာ optronic perriscope လို့ခေါ်တဲ့ အာရုံခံဆင်ဆာသုံး အဝေးကြည့်မှန်ပြောင်းကိုတပ်ဆင်ထားပါတယ်။

ထိန်းချုပ်ရေး အခန်းဟာလည်း အရင်ထက်ပိုမို ကျယ်ဝန်းလာပြီး ကပ္ပတိန်ဟာ multi-function console ၁၀ ခုနှင့် နောက်ဘက်မှာ ကောင်းစွာထိန်းချုပ်နိုင်ပါတယ်။

ယခင် အဝေးကြည့်မှန်ပြောင်းနေရာဖြင့် ပြည့်နေတဲ့ ထိန်းချုပ်ရေးခန်းအလယ်ဟာ touch-screen နှင့် နည်း ဗျူဟာ စားပွဲက နေရာယူထားမှာပါ။ အဲဒီ့နေရာမှာပဲ အမိန်ပေးစင်တာနှင့် စစ်ဆင်ရေးအခန်းကိုလည်း အတူတူပေါင်းစပ်ထားပါတယ်။

စစ်ဆင်ရေးအခန်းမှ လုပ်ဆောင်နိုင်တဲ့ စစ်ဆင်ရေးများမှာ အထူးတပ်ဖွဲ့များဆင်းသက်ခြင်းလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒီရေငုပ်သင်္ဘောမှာ ရေငုပ်စစ်သည် သယ်ဆောင်ရေးယာဉ်များအတွက် ဖြုတ်လို့ရတဲ့ ရေယာဉ်ထားသိုတဲ့ရုံလေးပါ ပါပါသတဲ့။

ပြင်သစ်ရေတပ်ဟာ agosta အတန်းအစား ရေငုပ်သင်္ဘောများကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အနားပေးကတည်းက ဒီလို လုပ်ဆောင်နိုင်စွမ်းတွေကို စွန့်လွှတ်ခဲ့ရတာပါ။

(Picture Source Naval Group)

အခု မျိုးဆက်သစ် Suffren အတန်းအစားတွေမှာတော့ ဒီလို အထူးစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

ရေငုပ်သင်္ဘောပေါ်မှာ ရေငုပ် စစ်ဆင်ရေး စစ်သည်များအတွက် ကြီးမားတဲ့ အခန်းကြီးတစ်ခုပါရှိပြီး အဲဒီ့အခန်းကို ရေအောက် စစ်သည် ပို့ဆောင်ရေးယာဉ် PSM3G ဖြင့် ဆက်သွယ်ပေးထားပါတယ်။

ဒီလို စွမ်းဆောင်ရည်အသစ်တွေနဲ့ ပြည့်နေတဲ့ ပြင်သစ်တို့ရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောသစ်အကြောင်းကို ရေးရတာ လက်တောင်ညောင်းပါတယ်။

လက်ရှိမှာ စမ်းသပ်မှုများ ပြုလုပ်နေပြီး လာမည့်နှစ်မှာ ဒီရေငုပ်သင်္ဘော အတန်းအစားရဲ့ ပထမဆုံးသင်္ဘောကို တပ်တော် ဝင် နိုင်မှာဖြစ်လို့ ဥရောပ ရေငုပ်သင်္ဘော နည်းပညာလောကကို ဒီပြင်သစ်ရေငုပ်သင်္ဘောသစ်က ဘယ်လို တစ်ခေတ်ဆန်းစေမလဲဆိုတာ မကြာမီ မြင်ရတော့မှာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.