လူသားများရဲ့ စဉ်ဆက်မပြတ် တီထွင် ဖန်တီးနိုင်မှုနှင့် အတူ နေရောင်ခြည်သုံး ဘက်ထရီတွေဟာ မီးခိုရောင် နေရောင်ခြည်သုံး ဆိုလာပြား တွေ ကနေ လွတ်မြောက် လာခဲ့ကြပါတယ်။
အံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းများဖြင့် solar cells တွေဟာ သဘာဝမှ စွမ်းအင်ကို အသုံးချနိုင်ရန် ကူညီနိုင်သည်သာမက အသုံးချနိုင်စွမ်း နှင့် မြင့်မားတဲ့ ထိရောက်မှုလည်းရှိတာကို တွေ့ရပါတယ်။
ယခုအခါ ကယ်လီဖိုးနီယား လူငယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ubiquitous Energy ဟာ ဖောက်ထွင်းမြင်နိုင်တဲ့ နေရောင်ခြည်ဆဲလ် တွေနဲ့ “ClearView Power window” ကို တီထွင်ခဲ့ကြပါတယ်။
“ClearView Power window”ဟာ ခရမ်းလွန်ရောင်ခြည် နှင့် အနီအောက်ရောင်ခြည်ကိုသာစုပ်ယူ၍ ၎င်းကိုလျှပ်စစ်အဖြစ် ပြောင်းလဲစေကာ လူမျက်လုံးမှ မြင်နိုင်တဲ့ အလင်းကိုသာ ရွေးချယ်ထုတ်လွှတ်ပေးပါတယ်။
Massachusetts Institute of Technology မှ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့တဲ့ အဆိုပါကုမ္ပဏီဟာ နေ့စဉ် မှန်မျက်နှာပြင် ထိမှန်သမျှကို solar cell အဖြစ် ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
အဆိုပါ နည်းပညာဟာ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ကာဗွန်ခြေရာမကျန်အောင် စွမ်းအင်အရင်းအမြစ်များသို့ ပြောင်းလဲနိုင်ပြီး ဒေသခံအာဏာပိုင်တွေရဲ့ လိုအပ်ချက်များ နှင့်ပြည့်မီရန် ကူညီလိမ့်မည် ဟု အခိုင်အမာဆိုထားပါတယ်။
ထို့အပြင် အဆိုပါ ထုတ်လုပ်ထားတဲ့မှန်ကို လေကာမှန်တွေ ၊ ကားမှန်တွေ အပြင် စမတ်ဖုန်းဖန်သားပြင်တွေပေါ်မှာတောင် သုံးနိုင်တယ်ဆိုပါတယ်။
Ubiquitous Energy နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသော အဆိုပါပြတင်းပေါက်တွေကို အော်ဂဲနစ်ဆိုးဆေး ၀.၀၀၁ မီလီမီတာ အထူဖြင့် ဖုံးအုပ်ထားပြီး နေရောင်ခြည် မှ ခရမ်းလွန်ရောင်ခြည် နှင့် အနီအောက်ရောင်ခြည်များကို ဖမ်းယူပေးကာ လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲပေးပါတယ်။
ပြတင်းပေါက်မျက်နှာပြင်များမှ စွမ်းအင်တွေကို ဘတ်ထရီတွေ ဒါမှမဟုတ် အိမ်တွေ နဲ့ ရုံးတွေကို အားဖြည့်ရန်အတွက် အသုံးပြုနိုင်ပါတယ်။
တီထွင်သူတွေက ၎င်းဟာ သမားရိုးကျဆိုလာပြားများနှင့် နှိုင်းယှဉ်လျှင် လျှပ်စစ်ဓာတ်အားရဲ့ သုံးပုံနှစ်ပုံအထိဘဲ ထုတ်လုပ်နိုင်တယ်ဟု ဆိုပါတယ်။

နေရောင်ခြည်သုံးပြတင်းပေါက်အသစ်များ တပ်ဆင်ခြင်းဟာ ပိုမိုရှုပ်ထွေးတာကြောင့် ပုံမှန်ပြတင်းပေါက်များနဲ့စာရင် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုကုန်ကျနိုင်ပါတယ်။
တီထွင်သူတွေပြောတာက အဆိုပါ အပိုကုန်ကျစားရိတ်အတွက် ပြတင်းပေါက်တွေက ထုတ်လုပ်တဲ့ လျှပ်စစ်အားနဲ့ လျော်ကြေးပေး လိမ့် မည်ဟု ဆိုပါတယ်။
ကုမ္ပဏီဟာ ၎င်း၏နေရောင်ခြည်သုံး ပြတင်းပေါက်များကို အရင်အိမ်ခေါင်မိုး ဆိုလာပြားများ နေရာမှာ အစားထိုးရန် လိုလားနေပါတယ်။
Ubiquitous Energy ရဲ့ အမှုဆောင် အရာရှိချုပ် Miles Barr ၏ အဆိုအရ ဖြေရှင်းနည်း နှစ်ခုစလုံးကို ပေါင်းစပ်ခြင်းဟာ ကြီးမားတဲ့ အ ဆောက်အဦးတွေအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားကို လိုသလောက် ထုတ်ပေးနိုင်လိမ့်မည် ဟု ဆိုပါတယ်။
နေရောင်ခြည်ကို ကျယ်ပြန့်စွာ ဖမ်းယူနိုင်သော သမားရိုးကျဆိုလာပြားများနှင့်မတူဘဲ Ubiquitous Energy ပြတင်းပေါက်တွေဟာ ဖောက် ထွင်းမြင်နိုင်ပါတယ်။
အမှုန်အမွှားတွေကြောင့် အလင်းရောင်အားလုံးကို မဖမ်းယူနိုင်သောကြောင့် ထိုကဲ့သို့သောပြတင်းပေါက်တွေရဲ့ စွမ်းဆောင်ရည်ဟာ ရိုးရာဆိုလာပြားများထက် နိမ့်ကျပါတယ်။
ဒါကြောင့် အရွယ်အစားတူ စံနေရောင်ခြည်သုံးဆိုလားတွေရဲ့ သုံးပုံနှစ်ပုံသာ လျှပ်စစ်ထုတ်လုပ်နိုင်ပါတယ်။
Ubiquitous Energy ကုမ္ပဏီဟာ အဆိုပါ မှန်တွေက ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏဟာ နည်းသည်ဖြစ်စေ ၊ များသည်ဖြစ်စေ ကမ္ဘာကြီးအတွက် နေရောင်ခြည်မှ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်ကို ထုတ်ပေးနိုင်ဖို့ မျှော်မှန်းနေပါတယ်။
အဆိုပါ ထုတ်လုပ်ထားတဲ့ မှန်တွေဟာ နဂိုမှန်တွေရဲ့ ကြည်လင်တောက်ပမှုရှိပြီး အိမ်တွေ ၊ အဆောက်အအုံတွေ နဲ့ လျှပ်စစ် ပစ္စည်းငယ်တွေမှာ ကာဗွန်ခြေရာကို သိသိသာသာ လျော့ချပေးပါတယ် ဟု ဆိုပါတယ်။
ကုမ္ပဏီ ဟာ ၎င်းရဲ့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာနည်းပညာကို မူပိုင်ခွင့်တင်ထားပါတယ်။
ဒါဟာ ကွဲပြားခြားနား ဆန်းသစ်သော စိတ်ကူးများဖြင့် နေရောင်ခြည်စွမ်းအင်ကို အသုံးချဖို့ပေါ်ထွက်လာတဲ့ ထုတ်ကုန်များထဲမှ တစ်ခု ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။