ဒီကားကတော့ အမေရိကန်လေတပ်ရဲ့ နည်းပညာများနဲ့ တည်ဆောက် ထားတဲ့ စူပါ ကားတစီး ဆိုရင် မမှားပါဘူး။
Fast and Furious ထဲက ပြန်လည် ပြင်ဆင်ထားတဲ့ ကားတွေကို ဘေးခဏ ချိတ်ထားပြီး တကယ်ကို အပြင်မှာ အလုပ်လုပ်တဲ့ စူပါကား တစီး အကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။
အဆိုပါ စူပါကား ကတော့ ကယ်လီဖိုးနီးယား ပြည်နယ် Van Nuys ရှိ Galpin Auto Sports မှ အပြည့်အဝ စိတ်ကြိုက် ပြင်ဆင် တည် ဆောက် ထားတဲ့ Dodge Challenger အမျိုးအစား ကား တစီးပဲ ဖြစ်ပါတယ်။
ကားကို အထူးပြုလုပ်ထားတဲ့ gull-wing တံခါးပေါက်များ၊ ကာဗွန်ဖိုက်ဘာ ကိုယ်ထည် နှင့် အိပ်ဇောကို အသံပျောက်စနစ်ဖြင့် လုပ်ဆောင်ထားပြီး မောင်းနှင်ပါက တိတ်တဆိတ်နီးပါး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ကားရဲ့ နာမည်ကတော့ Vapor ဖြစ်ပါတယ်။
အသုံးပြုထားသည့် နည်းပညာများဟာ လေတပ်တွင် အသုံးပြုသည့် နောက်ဆုံးပေါ် နည်းပညာများဖြစ်သည့် ညပိုင်း လုပ်ဆောင်မှုအတွက် ရှေ့ကိုကြည်နိုင်သည့် အနီအောက်ရောင်ခြည် စနစ်နှင့် တမိုင်၏ ၄ ပုံ ၁ ပုံလောက်အထိ မြင်နိုင်သည့် အရည်သွေးမြင့် ကြည်လင်ပြတ်သားမှု မြင့်မားသည့် ၃၆၀ ဒီဂရီ ကင်မရာတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ကား၏ အတွင်းပိုင်း ထိန်းချုပ်ရေး စင်တာတွင် လေယာဉ် ထိန်းချုပ်သည့် ပုံစံ ထိန်းချုပ်မှုများ၊ ခရီးသည်အတွက် စတီယာရင်၊ ညကြည့်နှင့် အပူလှိုင်းမြင် အာရုံခံ ကိရိယာ ၂ မျိုးလုံးပါဝင်သည့် လေကာမှန် များ ပါဝင်ပါတယ်။

တပ်ဆင်ထားသည့် အဆင့်မြင့် ကွန်ပျူတာ စနစ်ဟာ အင်တာနက် ချိတ်ဆက်မှုမှ တဆင့် ကမ္ဘာ တဝှမ်းရှိ မည်သည့်နေရာမှမဆို အဝေးထိန်းစနစ်ဖြင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Vapor စူပါကားဟာ အဓိကအားဖြင့် အမေရိကန် လေတပ် တပ်သားသစ် စုဆောင်းရေး ဝန်ဆောင်မှုအဖြစ် အသုံးပြုတာဖြစ်ပါတယ်။
အဆိုပါကားဟာ နိုင်ငံအတွင်း ၇ နှစ်ကျော်ကြာအောင် လှည့်ပတ်ခဲ့ပြီး အရာရှိများနှင့် စားရင်းဝင် လေသူရဲများအတွက် အခွင့်အလမ်းများ အကြောင်း လူများကို အသိပေးကာ လေတပ်၏ ဥာဏ်ရည်ဥာဏ်သွေး၊ ခေတ်မှီ ဆန်းသစ်သော နည်းပညာနှင့် တီထွင်မှုတို့ကို ပြသထားပါတယ်။

အမျိုးသား ပြတိုက်၏ အမေရိကန် လေတပ် ဒုတိယ ညွှန်ကြားရေးမှူးနှင့် အကြီးတန်း ပြတိုက်မှူးဖြစ်သည့် Krista Strider ၏ အဆိုအရ ပြတိုက်တွင် ပြသထားသည့် Vapor စူပါကားကို လာကြည့်သူများအား ကား၏ အဆင့်မြင့် နည်းပညာနှင့် ထူးခြားသည့် အသွင်အပြင်များကို သဘောကျစေရုံသာမက ၎င်း၏ စစ်သားစုဆောင်းရေး မစ်ရှင်အတွက် ခရီးမိုင် အချို့ကိုလည်း တိုးလာစေတယ်လို့ ဆိုပါတယ်။
“Vapor စူပါကားနှင့် ဆက်စပ်နေတဲ့ အထူး အင်္ဂါရပ်တွေနဲ့ ဆန်းသစ်တဲ့ နည်းပညာတွေက လာရောက် ကြည့်ရှုတဲ့ သူတွေအတွက် တကယ်ကို စိတ်ဝင်စားစရာပါပဲ” လို့ Strider မှ ပြောကြားခဲ့ပါတယ်။

“ပြတိုက် မစ်ရှင်၏ အဓိက အစိတ်အပိုင်း တခုကတော့ လူငယ်များကို လေတပ် သို့မဟုတ် STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နှင့် သင်္ချာ) အသက်မွေးဝမ်းကျောင်းဆီသို့ လှုံ့ဆော်ရန်ဖြစ်ပြီး Vapor စူပါကားဟာ ထိုပန်းထိုင်ကို အောင်မြင်ဖို့ ကျွန်တော်တို့ အသုံးပြနိုင်တဲ့ တခြား ပိုင်ဆိုင်မှု တခုဖြစ်ပါတယ်” လို့ ဆက်လက် ရှင်းပြပါတယ်။
ဒီလို လေတပ်ရဲ့ အဆင့်မြင့် နည်းပညာတွေကို ကားတစီးမှာ အသုံးပြုပြီး လေတပ် တပ်သားသစ် စုဆောင်းဖို့ရာ အသုံးပြုတာကတော့ မကြားဖူး မမြင်ဖူးသေးသူတွေအတွက် မထင်မှတ်ထားတာ တခုဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။