သက်ရှိများကို ပျက်သုဉ်းစေနိုင်သည့် ရေအောက်မှ စူပါ မီးတောင်ကြီးကို တွေ့ရှိလာတဲ့ အကြောင်း

Knowledge Nature

တကယ်လို့ ကမ္ဘာပေါ်ရှိ မီးတောင်တွေ အားလုံး တခါထဲနဲ့ ပြိုင်တူ ပေါက်ကွဲပါက သက်ရှိများအားလုံး ပျက်သုဉ်းသွားနိုင်တာကို အတော်များများ သိရှိပြီး ဖြစ်မှာပါ။

ဒီအကြောင်းကို “ကမ္ဘာပေါ်ရှိ မီးတောင်​တွေ အားလုံး တစ်ကြိမ်ထဲနဲ့ ပြိုင်တူ ပေါက်ကွဲမယ် ဆိုရင်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ သုတေသနပြုလုပ် နေတာကတော့ ဒီအခြေအနေအထိတောင် ဖြစ်စရာမလိုဘဲ သက်ရှိတွေအပေါ် ထိခိုက်နိုင်တဲ့ အကြောင်းတရားတွေ ရှိနေဖွယ် ရှိလို့ပါ။

Aleutian ကျွန်းများ တည်နေရာ Image: Courtesy of Unschool/Wiki Commons

Aleutian ကျွန်းများဟာ အဆက်လိုက်ရှိတဲ့ မီးတောင်ကျွန်းများ ဖြစ်ပြီး အလက်စကာ တောင်ဘက် ကမ်းရိုးတန်းမှာ တည်ရှိပြီး စုစုပေါင်း မီးတောင် ၄၄ လုံးလောက်တောင် ရှိပါတယ်။

ဒီလို ဆက်လျက် ရှိတဲ့ မီးတောင်ကျွန်းများဟာ ရုရှားကမ်းရိုးတန်းဆီသို့ မြောက်ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ကာ မျည်းကွေးပုံစံ ဖွဲ့စည်းထားတဲ့ ထူးခြားတဲ့ ပုံစံဖြင့် တည်ရှိနေတာပါ။

ယခု လေ့လာမှု အသစ်တခုအရ အဆိုပါ ကျွန်းများ၏ အောက်ခြေတွင် အလွန်ကို ကြီးမားတဲ့ စူပါမီးတောင်ကြီး တခု ရှိနေနိုင်ကြောင်း အကြံပြုထားပါတယ်။

ဒီမီးတောင်ကြီး ပေါက်ကွဲခဲ့ပါက အလွန်ကြီးမားတဲ့ ပန်းကန်လုံးပုံစံ ချိုင့်ဝှမ်းကြီး ကျန်နေခဲ့လောက်အောင် ဖြစ်စေနိုင်လောက်တယ်လို့ ဆိုပါတယ်။

စူပါ မီးတောင်ကြီးများဟာ ဘယ်လောက်တောင်ကြီးမားသလဲဆို အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန၏ အလက်စကာ မီးတောင် လေ့လာရေး ဘူမိရူပဗေဒ ပညာရှင် John Power ပြောပြချက်အရ

တကယ်လို့ လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်ကသာ ဒီလို မီးတောင်မျိုး ပေါက်ကွဲခဲ့ရင် ကမ္ဘာ့တဝှမ်းရှိ လူ့အဖွဲ့အစည်းကိုတောင် ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။

NASA မှ ရိုက်ကူးထားသည့် ကောင်းကင် ဓာတ်ပုံ Image: Courtesy of NASA

စူပါ မီးတောင်များကို ရှာဖွေခြင်း

ဒီဇင်ဘာလ ၇ ရက်နေ့က အမေရိကန် ဘူမိရူပဗေဒ သမဂ္ဂ၏ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည့် တွေ့ရှိချက် များအရ Aleutian ကျွန်းများဟာ စူပါမီးတောင်ကြီး ပေါက်ကွဲပြီးနောက် ကျန်ရစ်ခဲ့သည့် အရာများ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စူပါ မီးတောင်ကြီးဟာ Aleutian ကျွန်းများတွင် လွတ်လပ်စွာ တည်ရှိနေသည်ဟု ယူဆထားတဲ့ မီးတောင် ၆ ခုလောက်ကို တခုထဲအနေဖြင့် ချိတ်ဆက်ပေးနိုင်ပါတယ်။

Herbert၊ Carlisle၊ Cleveland၊ Tana၊ Uliaga နှင့် Kagamil တို့ ပါဝင်တဲ့ မီးတောင် ၆ လုံးထဲမှ အတက်ကြွဆုံး မီးတောင်ဖြစ်သည့် Cleveland ဟာ အဆိုပါ မီးတောင် ၆ လုံးပေါင်းစည်းထားသည့် စူပါ မီးတောင်ကြီး၏ လေဝင်လေထွက်ပေါက် တခုဖြစ်နိုင်ပါတယ်။

ဒီလို ပထဝီဝင် အချက်အလက်များအပြင် သိပ္ပံပညာရှင်များဟာ အသေးစား seismometer များကို အသုံးပြုပြီး အဆိုပါ မီးတောင်ကျွန်းများ၏ အရှေ့ဘက်မှ မြောက်ဘက် တဝိုက်တွင် များစွာသော အသေးစား ငလျင်များကို တိုင်းတာရာ အကြီးစား မီးတောင်ကြီး တခု၏ လှုပ်ရှားမှု ပုံစံမျိုးကို တွေ့ရှိခဲ့ရပါတယ်။

တွေ့ရှိချက် အသစ်ကို သေချာစွာ အတည်မပြုရသေးပေမယ့် အချက်အလက်များအရတော့ ခိုင်မာသည့် အထောက်အထားများ ပါရှိနေပါတယ်။

လက်ရှိ Aleutian မီးတောင်များ၏ တောင်ထိပ်များဟာ တွေ့ရှိချက်များအရ ကွင်းပုံစံ များ ဖြစ်ပါတယ်။

ပင်လယ်ကြမ်းပြင် မြေမျက်နှာ သွင်ပြင်ကို မြေပုံဆွဲခြင်းမှ သုတေသီများဟာ စက်ဝန်းပြတ်ပုံစံ ရေအောက်တောင်တန်းကြီးနှင့် ကွင်းပုံစံ၏ ဗဟိုတွင်၄၂၆ ပေ (၁၃၀ မီတာ) လောက်နက်သည့် အပေါက်ကြီး တခုကို တွေ့ရှိခဲ့ပါတယ်။

Cleveland မီးတောင် Image: Courtesy of Wiki Commons

ဒီလို မထင်မှတ်ထားတဲ့ လေ့လာတွေ့ရှိမှုနှင့် ပတ်သက်ပြီး John Power က “ဒီလို အလွန်ကြီးမားတဲ့ မီးတောင် ပေါက်ကွဲမှုမှ ကျန်ခဲ့တဲ့ ချိုင့် ဝှမ်းကြီးဟာ တကမ္ဘာလုံး အတိုင်းအတာအထိ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်” လို့ ပြောပါတယ်။

“ဒီလို အလားအလာရှိတဲ့ အထောက်အထားများဟာ Cleveland မီးတောင်ဟာ ဘာ့ကြောင့် ဤမျှ တက်ကြွနေတယ်ဆိုတာကို နားလည်ဖို့နှင့် အန္တရာယ်များကို နားလည်နိုင်ဖို့ ကူညီပေးနေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

သုတေသနအဖွဲ့၏ လေ့လာမှုဟာ အစောပိုင်း အဆင့်တွင်သာ ရှိနေဆဲဖြစ်ပြီး နောက်ထပ် သဲလွန်စများနှင့် အတူ ၎င်းတို့ဟာ အဆိုပါ ဒေသရှိ လက်ရှိနှင့် အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များဆိုင်ရာ အချက်အလက်များကို ပိုမိုရရှိလာပြီး ဖြစ်လာမယ့် နေ့တွေအတွက် ကြိုတင် ပြင်ဆင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.