တောင်အာရှတွင် အိန္ဒိယဟာ ကြီးမားတဲ့ ကားဈေးကွက်ကို ပိုင်ဆိုင်ထားပြီး များစွာသော ကားကုမ္ပဏီတွေ အပြိုင်အဆိုင် ဈေးကွက် ထိုးဖောက်လျှက်ရှိပါတယ်။
အိန္ဒိယ၏ ကားဈေးကွက်ကို ဦးဆောင်နေတဲ့ ကားကုမ္ပဏီများထဲက တခုဖြစ်တဲ့ Suzuki Motor ဟာ နောက်ထပ် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
အဲဒါကတော့ လက်ရှိအချိန်မှာ နိုင်ငံတော်တော်များများ၏ စိတ်ဝင်စားမှုတွေ ရရှိနေပြီဖြစ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကားဈေးကွက်အတွက် ခြေလှမ်းသစ် တခုလည်း ဖြစ်ပါတယ်။
Suzuki ဟာ လျှပ်စစ်စွမ်းအင်သုံးကား EV များအပြင် ပြန်လည်အားသွင်းနိုင်သည့် ဘတ္တရီများကိုပါ အိန္ဒိယနိုင်ငံအတွင်းမှာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဒီသတင်းဟာ Gujarat တွင် သဘောတူညီမှု အခမ်းအနား ကျင်းပချိန်အတွင်း ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဟာ ၁.၃ ဘီလီယံလောက်အထိ ရှိမယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲတွင် အိန္ဒိယနှင့် ဂျပန် ဝန်ကြီးချုပ်တို့ ကိုယ်တိုင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ကော်ပိုရေးရှင်းဟာ တောင်အာရှတွင် လျှပ်စစ်စွမ်းအင်သုံးကား ထုတ်လုပ်မှုကို အရှိန်မြှင့်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မှုများ စတင်နိုင်ရန် စီစဉ်ထားပါတယ်။
အိန္ဒိယတွင် ကားကုမ္ပဏီ များပြားစွာရှိပြီး Tata Motors၊ MG Motor၊ Mahindra၊ Hyundai၊ TVS Motor Company၊ Bajaj Automotive တို့မှာ လူသိများပါတယ်။
Suzuki ဟာ အိန္ဒိယနိုင်ငံအတွင်းရှိ လျှပ်စစ် စွမ်းအင်သုံးကား ဈေးကွက်အတွက် ရှေ့ပြေးဖြစ်လာစေဖို့ ခပ်သွက်သွက် ခြေ လှမ်းတခုကို လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ဘတ္တရီများကို ထုတ်လုပ်သည့် စက်ရုံအပြင် ဘတ္တရီ အဟောင်းများကို ပြန်လည် အသုံးပြုနိုင်မည့် စီမံကိန်းကိုလည်း လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
ဆူဇူကီး ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Toshihiro Suzuki ကတော့ “ဆူဇူကီး ကုမ္ပဏီ၏ အဆုံးအစွန်သော ရည်ရွယ်ချက်မှာ သေးငယ်ကျစ်လစ်သော ကားငယ်များဖြင့် ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်စေရန် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Mashable မှ ဖော်ပြထားချက်အရ Suzuki ဟာ အိန္ဒိယတွင် လျှပ်စစ်စွမ်းအင်သုံးကား ရှေ့ပြေးပုံစံ ၅၀ လောက်အထိ အကဲ ဖြတ်ပြီးဖြစ်ပြီး ပြီးပြည်စုံသည့် မော်ဒယ်များကို မကြာမီမှာ ပြသသွားမယ်လို့ သိရပါတယ်။
အိန္ဒိယဟာ ၂၀၃၀ ခုနှစ်မှာ အသစ်ရောင်းချထားတဲ့ ကားများ၏ ၃၀ ရာခိုင်နှုန်းဟာ လျှပ်စစ်စွမ်းအင်သုံး ကားများ ဖြစ်ရမယ်လို့ ရည်မှန်းထားပါတယ်။
လက်ရှိတွင် ဆူဇူကီးဟာ အိန္ဒိယအတွင် ဈေးကွက်ဝေစု ၅၉ ရာခိုင်နှုန်းခန့် အထိ ရရှိထားပါတယ်။
ဒါ့အပြင့် ကုမ္ပဏီဟာ ပြန်လည်အားသွင်းနိုင်သည့် ဘတ္တရီများ ထုတ်လုပ်သည့် စက်ရုံ တခု တည်ဆောက်ရန် အိန္ဒိယနိုင်ငံရှိ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် Denso နှင့်လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။
အကောက်အခွန်ဆိုင်ရာ အငြင်းပွားမှုကြောင့် အိန္ဒိယ၏ လျှပ်စစ်စွမ်းအင်သုံး ကားဈေးကွက်အတွင်းသို့ Tesla ၏ ဝင်ရောက်မှု ရွှေ့ဆိုင်းထားချိန်မှာ Suzuki ၏ ခြေလှမ်းကို ယခုလို မြင်လိုက်ရတာ ဖြစ်ပါတယ်။
Elon Musk ကတော့ အိန္ဒိယနိုင်ငံနှင့် ပတ်သက်သည့် Tesla ကုမ္ပဏီ၏ ကိစ္စအကြောင်းကို လူသိရှင်ကြား ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

Gujarat စက်ရုံ အနီးတွင် လျှပ်စစ် စွမ်းအင်သုံး ကားများအတွက် ဘတ္တရီများကိုလည်း Maruti Suzuki Toyotsu နှင့် ပူး ပေါင်း ထုတ်လုပ်သွားမှာပါ။
အဲဒီ့ နေရာမှာပဲ ဘတ္တရီများကို ပြန်လည် အသုံးချနိုင်မည့် စီမံကိန်းကိုလည်း ဖန်တီးသွားဖွယ် ရှိပါတယ်။
ဒါ့အကြောင့် တောင်အာရှတွင် ဆူဇူကီး လျှပ်စစ်စွမ်းအင်သုံး ကားများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရတော့မှ ဖြစ်ပါ တယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။