ဆွီဒင် ကုမ္ပဏီ HYBRIT ၏ ဩဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့ ကြေငြာချက်အရ ကုမ္ပဏီဟာ ကမ္ဘာ့ ပထမဆုံး ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ သံမဏိတွေကို ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ Reuters သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီဟာ လက်ရှိ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်းခန့်ရှိသည့် သံမဏိ လုပ်ငန်းများကို ကာဗွန် ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဆွီဒင် သံမဏီထုတ်လုပ်ရေး SSAB မှ တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ HYBRIT ကုမ္ပဏီ နှင့် နိုင်ငံပိုင် ဝန်ဆောင်မှု ကုမ္ပဏီ Vattenfall တို့ဟာ ယခု စမ်းသပ် ထုတ်လုပ်လိုက်တဲ့ သံမဏိများကို ဆွီဒင်
ကားထုတ်လုပ်သူ Volvo ကုမ္ပဏီ၏ ထရပ်ကား ထုပ်လုပ်သည့် ကုမ္ပဏီခွဲ Volvo AB သို့ စမ်းသပ်မှု၏ တစိတ်တပိုင်းအဖြစ် အသုံးပြုရန် ပေးပို့ ခဲ့ပါတယ်။
ကုမ္ပဏီ၏ နောက်ဆုံး ပန်းတိုင်ကတော့ ဒီလို ရုပ်ကြွင်းလောင်စာ အသုံးမပြုဘဲ ထုတ်လုပ်ထားတဲ့ သံမဏိများကို ၂၀၂၆ ခုနှစ်မှာ အပြည့်အဝ ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

HYBRIT ဟာ ရုပ်ကြွင်းလောင်စာ မသုံးဘဲ ထုတ်လုပ်ထားတဲ့ သံမဏိများကို ထုတ်လုပ်နိုင်ဖို့ လွန်ခဲ့သည့်နှစ်ကတည်းက ဆွီဒင် မြောက်ပိုင်း Lulea မှာ စမ်းသပ်နေခဲ့တာပါ။
အဆိုပါ စမ်းသပ်မှုမှနေပြီး ရာစုနှစ်ပေါင်းများစွာ သတ္တုရိုင်းကို သံမဏိ ပြုလုပ်ရာတွင် အသုံးပြုခဲ့တဲ့ coking coal လို့ခေါ်တဲ့ ရုပ်ကြွင်းလောင်စာကို အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။
ယခု ထုတ်လုပ်မှုတွင် လောင်စာအစားထိုး အနေဖြင့် HYBRIT ဟာ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်ကို သံမဏိ ပြုလုပ်သည့် လုပ်ငန်းတွင် အသုံး ပြုခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ လုပ်ငန်းစဉ်တွင် ဟိုက်ဒရိုဂျင်ကို coking coal လျှော့ချသည့် နေရာအတွင် အသုံးပြုပြီး အရည်ကျိုခြင်းအတွက် အသုံးပြုသည့် သမားရိုးကျ ကျောက်မီးသွေးဖြင့် လောင်ကျွမ်းစေသည့် မီးဖိုကို လျှပ်စစ်မီးကူး မီးဖိုဖြင့် အစားထိုးလိုက်ပါတယ်။
ဟိုက်ဒရိုဂျင်နှင့် လျှပ်စစ်မီးကူး မီးဖိုများဟာလည်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကို အသုံးပြုကာ ရရှိလာတာဖြစ်ပြီး သံသတ္တုရိုင်းများကိုလည်း “ရုပ်ကြွင်းလောင်စာ မသုံးသည့် သတ္တုရိုင်း ထုတ်လုပ်မှု” မှ ရရှိလာတာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဧပြီလအတွင်း မော်တော်ယာဉ် ထုတ်လုပ်သူ Volvo မှ HYBRIT နှင့် SSAB တို့မှ လက်ခံရရှိခဲ့သည့် သံမဏိများကို အသုံးပြုပြီး လျှပ်စစ် ထရပ်ကား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ထုတ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
သံမဏိ ထုတ်လုပ်သူ SSAB ၏ ဝက်ဘ်ဆိုဒ်တွင် ကုမ္ပဏီ၏ ကျောက်မီးသွေး မီးဖိုမှ လျှပ်စစ်ဖို ပြောင်းလဲမှုဟာ ဆွီဒင်၏ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကူညီပေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။

Skanska Costain STRABAG Joint Venture ကဲ့သို့ အခြား ကုမ္ပဏီများဟာလည်း 3D printing ဆောက်လုပ်ရေး နည်းပညာကို အသုံးပြုပြီး ဆောက်လုပ်ရေး နယ်ပယ်တွင် သံမဏိများကို လျှော့ချနိုင်ရန် လုပ်ဆောင်နေပါတယ်။
ဒီလို စတင်မှုဟာ သံမဏိလုပ်ငန်း၏ အန္တရာယ်ရှိသည့် ဆိုးကျိုးများကို များစွာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အစီရင်ခံစာ တခုအရ သံမဏိ ၁ တန် ထုတ်လုပ်တိုင်း ကာဗွန် ၁.၈၅ တန် လေထုထဲသို့ ရောက်ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာတဝှမ်းလုံးရှိ စက်မှုလုပ်ငန်းများဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို အလှည့်အပြောင်း ဖြစ်လာစေရန် အတူတကွ ကြိုးစားနေကြပါတယ်။
လက်ရှိ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၅,၀၀၀ ကထက် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ပိုမို ပူနွေးလာနေပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။