အင်ဒိုနီးရှား ရေပိုင်နက်ကို ကာကွယ်မယ့် တင့်ကား စစ်ရေယာဉ် Tank Boat

News

အင်ဒိုနီးရှားနိုင်ငံမှာ Tank Boat လို့ခေါ်တဲ့ တင့်ကားမော်တော်ဘုတ် တမျိုးကို ထုတ်လုပ်လိုက်ပါတယ်။ ပုံစံကတော့ တင့်ကားဆုံလည်နှင့် စစ်သုံးမော်တော်ဘုတ် ပုံစံပါ။

ဒီ hybrid (တင့်ကားနှင့်မော်တော်ဘုတ် စပ်ကြား) ရေယာဉ်ဟာ မိုင်ပေါင်း ၆၀၀ လောက်ကို လောင်စာဆီထပ်မံ ဖြည့်တင်းစရာမလိုဘဲ ကင်းလှည့်နိုင်မှာ ဖြစ်ပါတယ်။

အင်ဒို မရင်းတပ်စု တစုစာလောက်ကို တင်ဆောင်နိုင်ပြီး တင့်ကားပုံစံ ဆုံလည်တပ်ဆင်ထားတဲ့ ဒီရေယာဉ်ဟာ ကျွန်း ထောင်ပေါင်းများစွာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ အတွက် နိုင်ငံ့ကာကွယ်ရေးမှာ အတော်ကို အသုံးဝင်စေမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ထုတ်လုပ်ဖို့ ကြိုးပမ်းပြီးနောက် ဧပြီ ၂၈ ရက်နေ့မှာ ဘာလီကျွန်းရဲ့ ဆန့်ကျင့်ဘက် အရှေ့ဂျာဗားမှာ ရှိတဲ့ မြို့တမြို့ ဖြစ်တဲ့ Banyuwangi ရဲ့ ကမ်းရိုးတန်းမှာ ပင်လယ်ပြင် စမ်းသပ် မောင်းနှင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

၁၀၅ မီလီမီတာ အမြှောက်နှင့် ၇.၆၂ စက်ကလေး တပ်ဆင်ထားပုံ

အင်ဒို အစိုးရဟာ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်သူ PT Lundi ကုမ္ပဏီမှ ဒီ Tank Boat မှာယူခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုတွေ အောင်မြင်ပါက အများအပြား ဝယ်ယူသွားဖွယ် ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေ ၂၅၃ သန်းကျော် နေထိုင်ပြီး ကျွန်းပေါင်း ၁၇,၅၀၈ ကျွန်းဖြင့် ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ကာ အဲဒီ့ ကျွန်းတွေထဲက ၆,၀၀၀ လောက်မှာ လူတွေ အခြေချ နေထိုင်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ်းရိုးတန်း အရှည်ဟာ မိုင်ပေါင်း ၆၁,၅၆၇ မိုင်လောက် ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုထက် ၅ ဆလောက် ရှိနေပါတယ်။

ဒီလို ကျယ်ပြန့်လှတဲ့ ကမ်းရိုးတန်း အနေအထားကြောင့် အင်ဒိုးနီးရှားနိုင်ငံအနေဖြင့် စိန်ခေါ်မှု ၂ ရပ် ရှိနေပါတယ်။ အဲဒါကတော့ ပြင်ပ ကာကွယ်ရေးနှင့် နိုင်ငံအတွင်းပိုင်း လုံခြုံရေးပဲဖြစ်ပါတယ်။

ပြင်ပကာကွယ်ရေးအနေဖြင့် စစ်သည်များကို ကျွန်းတကျွန်းမှ တကျွန်းသို့ လျှင်လျှင်မြန်မြန် ပို့ဆောင်ဖို့ အခက်အခဲရှိနေပြီး၊ နိုင်ငံတွင်းလုံခြုံရေး အတွက်မှာတော့ များပြားလှတဲ့ ကျွန်းစု ကွန်ယက်တွေကို အသုံးပြုပြီး ပုန်းကွယ် တိုက်ခိုက် နိုင်ခြေတွေကို ကာကွယ်ဖို့ အခက်အခဲ ရှိနေတာပါ။

ဒီ Tank Boat တွေကို Brown Water လို့ခေါ်တဲ့ ကမ်းရိုးတန်းလုံခြုံရေး အတွက် အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီ မော်တော်ဘုတ်တွေကို catamaran ရွက်လှေ ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတာကြောင့် ရေစူး ၃ ပေသာရှိပြီး ပင်လယ်ပြင်မှာ တည်ငြိမ်စွာသွားလာနိုင်ကာ အတွင်းပိုင်း ကျယ်ပြန့်ပါတယ်။

စစ်သည်အနေဖြင့် ၂၀ ခန့်တင်ဆောင်နိုင်ကာ (တချို့ ရင်းမြစ်များတွင် ၆၀ ခန့်အထိ တင်ဆောင်နိုင်မည်ဟု ဆို) ရေစူး ၃ ပေခန့်သာရှိတဲ့ ရေယာဉ်ကြောင့် အဆင်းအသက်မှာ အဆင်ပြေ လွယ်ကူပြီး ရေတိမ်ပိုင်းမှာပါ အသုံးဝင်မှာ ဖြစ်ပါတယ်။

ဒီ တင့်မော်တော်ဘုတ်ဟာ အရှည် ၅၉ ပေ နှင့် အကျယ် ၂၁ ရှိမှာဖြစ်ပြီး မြင်းကောင်ရေ ၁၂၀၀ ရှိတဲ့ MAN အင်ဂျင်နှင့်အတူ waterjet ၂ ခု ပါဝင်ပါတယ်။

အမြန်နှုန်း တစ်နာရီကို ၄၀ နော့တီကယ်မိုင် ဖြင့် မောင်းနှင်နိုင်ပြီး မိုင် ၆၀၀ လောက်အထိ စစ်ဆင်နိုင်ပါတယ်။

CGI ဖြင့် ရေးဆွဲထားသည့် Tank Boat များအသုံးပြုပြီး ကမ်းတပ်စစ်ဆင်နေပုံ

တင့်ကားပုံစံ ဆုံလည်ဟာ ရေယာဉ်မှ စစ်သည်များဆင်းသက်သည့်အခါ ပစ်အားကောင်းကောင်း ပစ်ကူပေးနိုင် ဦးမှာပါ။

တပ်ဆင်မည့် အမြှောက်ဟာ ၁၀၅ မီလီမီတာ Cockerill အမြှောက်ဖြစ်ပြီး HE ကျည် (ပေါက်ကွဲပြင်း High Explosive) နှင့် တင့်ဖျက် ကျည်များကို ထည့်သွင်း ပစ်ခတ်နိုင်ပါတယ်။

အမြှောက်ကို ၄၂ ဒီဂရီအထိ ထောင်မတ်လို့ ရတဲ့အတွက် မော်တာ သို့မဟုတ် ဟောင်ဝင်ဇာ အမြှောက်များကဲ့သို့ပါ ပစ်ခတ်နိုင်မှာဖြစ်လို့ မြင်ကွင်းအလွန် ၃ မိုင်အကွာအဝေးအထိ သက်ရောက်မှု ရှိစေနိုင်ပါတယ်။

ဒီအမြှောက်အပြင် အတွင်းမှ ထိန်းချုပ် ပစ်ခတ်နိုင်တဲ့ ၇.၆၂ မီလီမီတာ စက်ကလေး တလက်ပါ ပါဝင်တာမလို့ ပေ ၆၀ ရှိတဲ့ မော်တော်ဘုတ် တစီးအတွက် အလွန်ကောင်းတဲ့ ပစ်အားကို ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်နေတဲ့ တင့်မော်တော်ဘုတ်မှာတော့ အနည်းငယ် ပိုသေးတဲ့ ၃၀ မီလီမီတာ စက်ကလေးနှင့် စမ်းသပ်နေတာ ဖြစ်ပါတယ်။

သုံးသပ်ချက်များအရ ဒီ တင့်မော်တော်ဘုတ်ဟာ အင်ဒိုနီးရှားနိုင်ငံလို ကျွန်းနိုင်ငံ အတွက် အလွန်အသုံးဝင်တဲ့ စစ်ရေယာဉ်တစီး ဖြစ်လာမှဖြစ်ကာ တခြားနိုင်ငံများလည် အတုယူလာနိုင်ဖွယ် ရှိပါတယ်။

အင်ဒို ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီတင့်မော်တော်ဘုတ်တွေကို အစောဆုံး လာမည့်နှစ်လောက်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *