အမေရိကန်ဘက်ကတော့ ဒီနည်းပညာကို စစ်ဘက်ဆိုင်ရာ အတွက် အသုံးပြုမှာကို စိုးရိမ်နေတယ် လို့ ဆိုပါတယ်။
တရုတ်ရဲ့ အာကာသအတွင်းမှာရှိတဲ့ ဂြိုဟ်တုတွေကို လမ်းကြောင်းပြောင်းပေးမယ့် ဂြိုဟ်တုဟာ ပုံမှန်အားဖြင့် အသုံးမဝင်တော့တဲ့ ဂြိုဟ်တုတွေကို လမ်းလွှဲပေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလို စွမ်းဆောင်ရည် ရှိတဲ့အတွက် ၎င်းဟာ အခြား အာကာသ အေဂျင်စီများမှ အလုပ်လုပ်နေတဲ့ ဂြိုဟ်တုများကိုပါ လမ်းကြောင်းလွှဲပစ်မှာကို စိုးရိမ်နေကြတာပါ။
The Drive သတင်းဌာနမှ ဖော်ပြချက်အရ တရုတ်ရဲ့ ဂြိုဟ်တုတွေကို ဆွဲနိုင်တဲ့ ဂြိုဟ်တုဖြစ်တဲ့ Shijian-21 (SJ-21) ဟာ နိုင်ငံပိုင် ဂြိုဟ်တုဟောင်း တလုံးကို ကြီးမားတဲ့ အမှိုက်သရိုက်များစုပုံရာ သင်္ချိုင်းအဖြစ် သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို ဆွဲထည့်ခဲ့ပါတယ်။

သို့ပေမယ့် ဒါဟာ အခြားနိုင်ငံများ၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သည့် နည်းပညာ ဖြစ်သည့်အတွက် အမေရိကန်မှ တာဝန်ရှိသူများအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တာပါ။
ဂြိုဟ်တုများကို သင်္ချိုင်းပတ်လမ်းအတွင်း ပို့ဆောင်ခြင်း
ဇန်နဝါရီလ ၂၂ ရက်နေ့ အမေရိကန် အာကာ တပ်ဖွဲ့သို့ အချက်အလက်များ ပေးပို့ရန် ၂၀၂၁ ခုနှစ်က သဘောတူညီမှု ရရှိခဲ့သည့် ဂြိုဟ်တု စောင့်ကြည့်ရေး ကုမ္ပဏီ Exoanalytic Solutions မှ တရုတ် ဂြိုဟ်တုတလုံး၏ သတင်းကို ပေးပို့လာပါတယ်။
အမေရိကန် အာကာသ တပ်ဖွဲ့ အသုံးအနှုံးဖြင့် စိမ်းနေသေးပါက “ဟာသမဟုတ်တဲ့ အာကာသ တပ်ဖွဲ့အကြောင်း” တွင် လေ့ လာနိုင်ပါတယ်။
အဲဒါကတော့ တရုတ်နိုင်ငံပိုင် SJ-21 ဂြိုဟ်တုဟာ ၎င်း၏ ပုံမှန် ပတ်လမ်းထဲကနေ ပျောက်ဆုံးသွားတာပါ။
ဂြိုဟ်တုဟာ ပုံမှန်မဟုတ်တဲ့ ရွေ့လျားမှုမျိုးဖြင့် ရွေ့လျားသွားပြီး တရုတ်၏ ဂြိုဟ်တုပျက်တလုံးဖြစ်တဲ့ BeiDou လမ်းညွှန်စနစ် ဂြိုဟ်တုနှင့် ယှဉ်လျက် ရှိနေခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ၎င်းဟာ ဂြိုဟ်တုပျက်ကို geosynchronous ပတ်လမ်းမှ ဆွဲထုတ်ကာ ဂြိုဟ်တု သင်္ချိုင်း အဖြစ် သတ် မှတ်ထားတဲ့ ပတ်လမ်းအတွင်းသို့ ဆွဲသွင်းခဲ့ပါတယ်။
တရုတ်ဟာ SJ-21 ဂြိုဟ်တုကို Long March-3B ဒုံးပျံကို အသုံးပြုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို “အာကာသ အမှိုက်များ ရှင်းလင်း ဖို့ ဟု ဆိုကာ တရုတ် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတခု လွှတ်တင်လိုက်တဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် အဲဒီ့အချိန်က ဖော်ပြပေးခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင် မီဒီယာများကတော့ ဒီဂြိုဟ်တုဟာ အာကာသအတွင်း အမှိုက်များကို ရှင်းလင်းဖို့ နည်းပညာကို စမ်းသပ် အတည်ပြုဖို့ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာတော့ SJ-21 ဟာ အမည်မသိ အရာဝတ္ထုတခု အနီးတွင် လှည့်ပတ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

တရုတ်ဟာ အဆိုပါ အရာဝတ္ထု အကြောင်းကို အတည်မပြုခဲ့ပေမယ့် ဒါဟာ ဂြိုဟ်တုများကို geostationary ပတ်လမ်း အတွင်းသို့ ပေးပို့ပေးနိုင်တဲ့ apogee kick motor (AKM) လို့ခေါ်တဲ့ ရော့ကတ် ကိုယ်ထည် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ် ရှိတယ်လို့ SpaceNews က ဖော်ပြခဲ့ပါတယ်။
အခြားသူများကတော့ ၎င်းဟာ SJ-21 ၏ စွမ်းဆောင်ရည်များကို စမ်းသပ်ရန် ဒီဇိုင်းထုတ်ထားသည့် သုတေသန ပစ္စည်းတခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
ဒီအကြောင်းနှင့် ပတ်သက်ပြီး “အာကာသ အမှိုက်ရှင်းဖို့ ဆိုတဲ့ တရုတ် ဂြိုဟ်တု အနီး ထူးဆန်းသည့်အရာတခု အမေရိကန် တွေ့ရှိခဲ့သည့် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အာကာသအတွင်း ပြုပြင်ခြင်း နှင့် ပတ်လမ်းကြောင်း ပြောင်းရွှေ့ခြင်း
SJ-21 မစ်ရှင်ဟာ ဂြိုဟ်တု အပျက်များကို လမ်းကြောင်း ပြောင်းဖို့ ငြိမ်းချမ်းသည့် ရည်ရွယ်ချက် ရှိတယ်လို့ ဆိုပေမယ့် တခြား ဂြိုဟ်တုများအတွက် ဒါဟာ အန္တရာယ်တော့ ကြီးပါတယ်။
အမေရိကန် အာကာသ တပ်ဖွဲ့ကိုယ်တိုင် Northrop Grumman နှင့် ပူးပေါင်းပြီး စက်ရုပ်လက်များ တပ်ဆင်ထားသည့် အာကာသအတွင်း ပြုပြင်နိုင်ကာ ဂြိုဟ်တုများကို လမ်းကြောင်းလွှဲနိုင်သည့် ဂြိုဟ်တုကို လွှတ်တင်ထားပါတယ်။

Northrop Grumman ဟာ ဒီနည်းပညာကို အာကာသအတွင်း စမ်းသပ်ပြီး ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်းမှာ အပြည့်အဝ လုပ်ဆောင်နိုင်တဲ့ အဆိုပါ ဂြိုဟ်တုမျိုးကို ထပ်မံ လွှတ်တင်မှာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဩဂုတ်လ အတွင်းက အမေရိကန် အာကာသတပ်ဖွဲ့ဟာ ရန်သူတို့၏ လုပ်ဆောင်ချက်များဟာ အာကာသ နယ်မြေအတွင်း စစ်ပွဲများ ဖြစ်လာနိုင်ချေ သိသိသာသာ တိုးမြင့်လာတယ်လို့ ဖော်ပြထားသည့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အယူဝါဒကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီသဘောတရားကြောင့် အမေရိကန်ဟာ အာကာသကို စစ်မဲ့နယ်မြေအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားရာမှ အခုတော့ နောက်ပြန်ဆုတ်လာခဲ့ပြီ ဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ ၎င်းတို့နှင့် ပြိုင်ဖက်များ၏ ပွင့်လင်းမြင်သာမှု မရှိသည့် အာကာသတွင်း လှုပ်ရှားမှုများနှင့် မရေရာသည့် အကြောင်းပြချက်များက တွန်းအားပေးနေလို့ ဖြစ်ပါလိမ့်မယ်။

လက်ရှိမှာ တရုတ်နှင့် ရုရှား ဂြိုဟ်တုများဟာ အမေရိကန် ဂြိုဟ်တုများကို အမြဲလိုလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို “အမေရိကန် ဂြိုဟ်တုများကို တရုတ်နှင့် ရုရှားက အမြဲ လိုလို တိုက်ခိုက်နေတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
အနာဂါတ်တွင် အာကာသ စစ်ပွဲများ ဖြစ်ပေါ်လာပါက ကမ္ဘာ့လူသားများမှ အကြီးအကျယ် မှီခိုနေသည့် ဂြိုဟ်တုများအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိနေသည့် အတွက် ၂ ဘက်စလုံးမှ ငြိမ်းချမ်းရေးကို ဦးတည်သင့်တာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။