တူရကီဟာ ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေး စနစ်အတွက် သင်တန်းပေးနေသည့် ရုရှား နည်းပညာရှင်များကို နိုင်ငံတွင်းမှ နှင်ထုတ်လိုက်သည်ဟု မီဒီယာများတွင် ပျံ့နှံ့နေသော သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
တူရကီဟာ ရုရှား S-400 စနစ်များကို ဝယ်ယူအပြီး စာချုပ်အရ လိုအပ်သော သင်တန်းများ ပေးရန် နိုင်ငံအတွင်း အဆိုပါ နည်းပညာရှင်များ ရောက်ရှိနေတာဖြစ်ပါတယ်။
ရုရှား စစ်ဘက်ဆိုင်ရာ နည်းပညာ ကော်ပိုရေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ Valeria Reshetnikova က “S-400 စာချုပ် ချုပ်ဆိုထားသည့် တူရကီ၌ ရှိသည့် ရုရှားနည်းပညာ ကျွမ်းကျင်သူများ ပြန်လည် ရောက်ရှိလာခြင်းဟာ ယခင်က ခွင့်ပြုထားသော အချိန်ဇယားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်မည်” လို့ ပြောပါတယ်။
ဒါပေမယ့် ရုရှား သမ္မတ ပြောရေးဆိုခွင့်ရှိသူက အချို့သော နည်းပညာရှင်များဟာ တူရကီမှာ ရှိတဲ့ S-400 အော်ပရေတာများကို လေ့ကျင့်ပြီးတာနဲ့ ပြန်လာပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှား သမ္မတရဲ့ စာနယ်ဇင်း အတွင်းရေးမှုးဖြစ်တဲ့ Dmitry Peskov က “ကျွမ်းကျင်သူအားလုံးဟာ တူရကီစစ်သည်တွေကို လေ့ကျင့်ပြီး စီစဉ်ထားတဲ့အတိုင်း လိုအပ်သည်များကို လွှဲပြောင်းပြီး ပြန်လာတာ ဖြစ်ပါတယ်။ ဒါကို နှင်ထုတ်ခံရတယ်လို့ပြောတာ မှားယွင်းပြီး မှန်ကန်မှု မရှိပါဘူး” လို့ ဂျာနယ်လစ်တွေကို ပြောခဲ့ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusolgu ကတော့ “S-400 စနစ်ဟာ တူရကီရဲ့ ထိန်းချုပ်မှုအောက်မှာ ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ နည်းပညာရှင် အများအပြားကိုလည်း သင်တန်းတက်ဖို့ ပို့ထားပါတယ်။
ရုရှား စစ်ရေးနည်းပညာ ကျွမ်းကျင်သူတွေ တူရကီနိုင်ငံအတွင်းမှာ နေရမှာ မဟုတ်ပါဘူး” လို့ ဂရိနိုင်ငံကို လည်ပတ်စဉ်မှာ ပြောကြားခဲ့တာကို နိုင်ငံပိုင်း TRT ရုပ်မြင်သံကြားက တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် တူရကီဟာ ဒီ S-400 စနစ် အသက်မသွင်းဖို့ ကိစ္စနှင့်ပတ်သက်သည့် အမေရိကန်၏ ဖုန်းခေါ်ဆိုမှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် “ဒီလို လက်နက်တွေ မသုံးဖို့ တခြားနိုင်ငံက ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ပြောပါသေးတယ်။
တူရကီဟာ လာမယ့် ဇွန်လလယ်မှာ ဘယ်ဂျီယံနိုင်ငံ ဘရက်စ်ဆဲလ် မြို့တော်မှာ ပြုလုပ်မယ့် NATO ထိပ်သီးညီလာခံကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ပွဲမှာ တူရကီ သမ္မတ Recep Tayyip Erdogan နှင့် အမေရိကန်သမ္မတ Joe Biden တို့ တက်ရောက်ကြမှာ ဖြစ်ပြီး ယခုလို သတင်းတွေဟာ ဒီပွဲ မတိုင်ခင် ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာဖြစ်ပါတယ်။
တူရကီနှင့် အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရဦးမှာပါ။
Knowledgeworms Copyright © 2021