ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ် Tempest FCAS ထုတ်လုပ်ဖို့ နောက်တဆင့်ရောက်လာ

Article Military

ဥရောပဟာ ၎င်း၏ တိုက်လေယာဉ်သစ်အတွက် နောက်တဆင့်ကို သွားဖို့ မီးစိမ်းပြပြီး ၁ လကျော်အကြာမှာပဲ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ၎င်း၏ ကိုယ်ပိုင် စီမံကိန်းကို တဆင့် တက်လိုက်ပြီ ဖြစ်ပါတယ်။

Tempest တိုက်လေယာဉ်ဟာ ဗြိတိန်၏ Future Combat Air System (FCAS) အနာဂါတ် တိုက်ခိုက်ရေးလေယာဉ်စနစ် တခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီတိုက်လေယာဉ်ဟာ ဆဌမ မျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး ၂၀၄၀ ခုနှစ်မှာ နိုင်ငံအများအပြားမှာ အသုံးပြုနေတဲ့ တိုက်လေယာဉ်များနေရာမှာ အစားထိုးသွားဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလေယာဉ်ကို ထုတ်လုပ်ဖို့ရာအတွက် ၎င်း၏ ရှုပ်ထွေးတဲ့ စနစ်များကြောင့် ဆယ်စုနှစ်ချီအောင် ကြာမြင့်မှာ ဖြစ်ပါတယ်။

အခုတော့ ဗြိတိန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ FCAS ၏ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် BAE Systems၊ Leonardo UK၊ MBDA UK နှင့် Rolls-Royce တို့ကို အမေရိကန်ဒေါ်လာ ၃၄၇ သန်း တန်းဖိုးရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါပြီ။

စာချုပ်အသစ်အရ လုပ်ငန်းစုများဟာ Tempest တိုက်လေယာဉ်အတွက် နောက်ဆုံး ဒီဇိုင်းနှင့် စွမ်းဆောင်ရည် သတ်မှတ်ချက်များကို ဖော်ထုတ်အကဲဖြတ်ဖို့ လိုအပ်သည့် ကိရိယာများနှင့် နည်းစနစ်များကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန်အနေဖြင့် FCAS ကို အဆင့်မြင့် တိုက်လေယာဉ်တခုတည်း အတွက် ရည်ရွယ်တာ မဟုတ်ပါဘူး။

မကြာသေးမီ နှစ်များအတွင်း ဒရုန်းများ အရှိန်အဟုန်ဖြင့် ထိုးဖောက်လာမှုကြောင့် FCAS ဟာ System of systems (စနစ်များ၏ စနစ်တခု) အဖြစ် ဒရုန်းများနှင့် အသုံးပြုမှုအပြင်၊ များစွာသော ဥာဏ်ရည်တု စနစ်များနှင့် အလိုအလျှောက်စနစ်များ ကို တွဲဖက်အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။

အဆင်သင့် ဖြစ်ပါက ဗြိတိန်၏ FCAS စနစ်ဟာ ကမ္ဘာ့ဦးဆောင် စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်ကို ရရှိစေနိုင်ဖို့ မဟာမိတ်များမှ တီထွင်ထားသော စနစ်များနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ BAE System ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဗြိတိန်၏ FCAS အစီအစဉ်မှာ ၂၀၀၀ ခုနှစ်တွင် စတင်ခဲ့သည့် the European Technology Acquisition Program (ETAP) ဥရောပနည်းပညာဆည်းပူးမှု အစီအစဉ်အရ ဖြစ်ပြီး ဗြိတိန်၊ ဆွီဒင်၊ စပိန်၊ ဂျာမနီ နှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်ပါတယ်။

EU လုပ်ငန်းစုဟာလည်း ၂၀၃၅ နှင့် ၂၀၄၀ အကြားမှာ ၎င်းတို့၏ နာမည်ကျော် တိုက်လေယာဉ်များကို အစားထိုးရန် တိုက်လေယာဉ်သစ် ထုတ်လုပ်ဖို့ နည်းပညာကို ရှာဖွေနေပြီး ထိုစီမံကိန်းကို Airbus၊ Dassault နှင့် Indra တို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။

PwC၏ အစီရင်ခံစာ တခုအရ ယူရို ၂၆.၂ သန်းလောက် ရှိမယ့် ဒီစီမံကိန်းဟာ ဗြိတိန်ကာကွယ်ရေးအတွက် နည်းပညာမြင့် စွမ်းရည်တွေကို ပေးအပ်မှာဖြစ်ပြီး နိုင်ငံအတွက် အလုပ်ပေါင်း ၂၁,၀၀၀ ကို ထောက်ပံ့ပေးနိုင်ကာ၊ ရင်းနှီးမြှပ်နှံမှု၊ ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်လုပ်ငန်းတိုးတက်မှုနှင့် အတတ်ပညာပိုင်းကျွမ်းကျင်မှုများကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။

BAE Systems ၏ အဖွဲ့ MD တစ်ယောက်ဖြစ်တဲ့ ခရစ်စ် ဘုတ်မန်း က ” ကျွန်တော်တို့ဟာ ဗြိတိန်အတွက် ရှုပ်ထွေးခေတ်မှီပြီး အဆင့်မြင့်ကာ အနာဂါတ် အန္တရာယ်များကို ကာကွယ်နိုင်ပြီး နိုင်ငံ့လုံခြုံရေးကို ကာကွယ်နိုင်မယ့် ကာကွယ်ရေးစွမ်းရည်ရှိတဲ့ ရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းတခုကို ပေးစွမ်းနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ” လို့ပြောပါတယ်။

“လာမယ့်နှစ်တွေမှာ ကျွန်တော်တို့၏ စက်မှုလုပ်ငန်း သမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကာလတွေထဲက တခုဖြစ်ပြီး အဖွဲ့တခုအနေဖြင့် ကျွန်တော်တို့ရဲ့ တိုးတက်ပြောင်းလဲ လာပုံကို ဖြည့်ဆည်းပေးမယ့် အရာတခုအတွက် အခွင့်အလမ်းရှိနေပြီ ဖြစ်တယ်” လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

ဥရောပ၏ အယူအဆပိုင်းဆိုင်ရာ ဒီဇိုင်းနှင့် လေယာဉ်သစ်ကို ၂၀၂၅ ခုနှစ်မှာ အစီအစဉ် ဆွဲထားသည်နှင့်အတူ ရုရှားတို့ဟာ ၎င်း၏ ပဥ္စမမျိုးဆက် တိုက်လေယာဉ်ကို မကြာသေးမီက ထုတ်ဖော်ပြသခဲ့သည်ကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *