F-35B ကို ရေခဲတွေ သဲတွေ နဲ့ စမ်းသပ်နေတဲ့ MCL ဓာတ်ခွဲခန်းကြီး အကြောင်း

Knowledge Military

McKinley ရာသီဥတု ဆိုင်ရာ ဓာတ်ခွဲခန်း (MCL) အကြောင်းကို သင်ကြားဖူးမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီ ဓာတ်ခွဲခန်းဟာ အမေရိကန် ကာကွယ်ရေး ဌာန (DOD) နှင့် အခြား အဖွဲ့အစည်း များအတွက် ရာသီဥတုနှင့် ပတ်သက်သည့် စမ်းသပ်မှုများကို ပြုလုပ်နေသည့်မှာ ၇၃ နှစ် ခန့် ရှိပြီ ဖြစ်ပါတယ်။

ဒီဓာတ်ခွဲခန်းဟာ တကယ်တော့ အမေရိကန် ကြည်းတပ်ပိုင် လေတပ် (၁၉၂၆ ဇူလိုင် ၂ ရက်မှ –၁၉၄၂ မတ်လ ၉ ရက်) ၏ တစိတ်တပိုင်းဖြစ်ပြီး လေတပ် ထက်စောစီးစွာ ရှိခဲ့တာပါ။

MCL ရှိ ရာသီဥတု စမ်းသပ်သည့် အခန်း ၅ ခုတွင် မည်သည့် ပြင်းထန်သည့် ရာသီဥတု ပတ်ဝန်းကျင်ကိုမဆို ဖန်တီးနိုင်ပါတယ်။

၎င်း၏ အကြီးဆုံး အခန်းဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး ရာသီဥတု စမ်းသပ်သည့် အခန်းလို့ သတ်မှတ်နိုင်ပြီး အမေရိကန် ကာကွယ်ရေးဌာနပိုင် မည်သည့် အရွယ်အစား ရှိသည့် လေယာဉ်ကိုမဆို စမ်းသပ်နိုင်ပါတယ်။

အခန်းအတွင်းတွင် အနိမ့်ဆုံး အပူချိန် အနှုတ် ၆၅ ဒီဂရီ ဖာရင်ဟိုက် နှင့် အမြင့်ဆုံး ၁၆၅ ဒီဂရီ ဖာရင်ဟိုက်အထိ ထိန်းညှိနိုင် စမ်းသပ်နိုင်ပါတယ်။

F-117 များကို စမ်းသပ်စဉ်က Image: Courtesy of Wiki Commons

ဒါ့အပြင် နေမှလာသည့် အီလက်ထရို မဂ္ဂနက်တစ် သံလိုက်လှိုင်း ဖြာထွက်မှု၊ စိုထိုင်းဆ အမြင့် နှင့် အနိမ့်၊ လေတိုက်ခြင်း၊ မိုးရွာခြင်း၊ သဲ၊ ဖုန်မှုန့်၊ နှင်း၊ ရေခဲစေသည့် မိုး၊ မြေပြင်နှင့် ဝေဟင် ရေခဲမှု၊ သံချေးကိုက်စေနိုင်သည့် ဆားမြူများ စသည့် အခြေအနေများစွာကို အခန်းအတွင်း ဖန်တီးနိုင်ပါတယ်။

အခြား အခန်း ၄ ခန်းဟာ ပိုမို သေးငယ်ကြပေမယ့် အလားတူ စွမ်းဆောင်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ကြပါတယ်။

ဒီ ဓာတ်ခွဲခန်း အခန်းများကို လေတပ်အတွက် သီးသန့်ထားရှိတာ မဟုတ်ဘဲ ကြည်းတပ်၊ ရေတပ်၊ မရင်းတပ်၊ ဒုံးကျည်ကာကွယ်ရေး‌ အေ ဂျင်စီ တို့အပြင် Ford နှင့် Google ကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများမှလည်း အသုံးပြုကြပါတယ်။

ဓာတ်ခွဲခန်းကို Google မှ ၎င်း၏ Project Loon ပူဖောင်းများ စမ်းသပ်ရန် အသုံးပြုခဲ့ပြီး Ford ကတော့ ၎င်း၏ ထရပ်ကားများ စမ်းသပ်ဖို့ရာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Project Loon စမ်းသပ်မှု Image: Courtesy of Alphabet

MCL ကို အထင်ကြီးလောက်စေတဲ့ အသုံးပြုမှုတခုကတော့ မေရီလန်းရှိ F-35 Patuxent River ပူးပေါင်းစမ်းသပ် တပ်ဖွဲ့မှ F-35B မျိုးကွဲများကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

F-35B ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ၆ လကြာ ရှိနေခဲ့သည့် အဆိုပါ ဓာတ်ခွဲခန်းသို့ ပြန်လည် သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ ဒီ လေယာဉ်များကို ကမ္ဘာ့ နိုင်ငံပေါင်း ၁၃ နိုင်ငံသို့ ပေးပို့ရမှာဖြစ်တဲ့အတွက် အဆိုပါ ဒေသများတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသ အခြေအနေများကို ကိုင်တွယ် ဖြေရှင်းနိုင်စေရန် အာမခံချက်လိုအပ်တဲ့အတွက် ဖြစ်တယ်လို့ လေတပ်မှ ပြောကြားခဲ့ပါတယ်။

ပေးပို့ရမည့် နေရာများမှာ ဩစတေးလျ၏ အလွန်ပူပြင်းသော ဒေသများမှ အာတိတ် စက်ဝိုင်းရှိ အလွန် အေးခဲသည့် နေရာအထိ ကွဲပြားတဲ့ နေရာများ ပါဝင်ပါတယ်။

F-35B

“ကျွန်တော်တို့ဟာ မည်သည့် ရာသီဥတု အခြေအနေကိုမဆို ပုံဖော်လို့ရအောင် ဒီအခန်းကို ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။” လို့ MCL ၏ နည်းပညာ အရာရှိချုပ် Dwayne Bell မှ ကြေငြာချက်တွင် ပြောဆိုခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.