ကျွန်ုပ်တို့လူသားတွေအပါအဝင် သက်ရှိ အားလုံးအတွက်တော့ သမုဒ္ဒရာကြီးတွေ နှင့် တိုက်ကြီးတွေရဲ့ ပုံသဏ္ဍာန်နှင့် တည်နေရာဟာ ပုံသေသတ်မှတ်လို့ရပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘဝသက်တမ်းတွေက အရမ်းတိုတောင်း နေလို့ဖြစ်ပြီး ကမ္ဘာ့ တိုက်ကြီးတွေဟာလည်း ဖြည်းဖြည်းချင်း ပေါင်းစည်းနေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်လို့ ကျွန်ုပ်တို့လူသားတွေရဲ့တည်ရှိမှုဟာ ဆယ်စုနှစ် အနည်းငယ်မျှသာ မဟုတ်ဘဲ နှစ်သန်းပေါင်း ရာနှင့်ချီအထိ ကျော်လွန်ရှင်သန်နေပါက ကမ္ဘာတဝှမ်းမှာရှိတဲ့ မြေထုချပ်ကြီးတွေရဲ့ တဖြည်းဖြည်းနဲ့ အဆက်မပြတ် ပေါင်းစည်းမှုတွေ၊ ပြိုကွဲသွားမှုတွေအပြင် မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေတာတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကမ္ဘာကြီးဟာ ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းကြီးတစ်ကျွန်းနဲ့ ဆင်တူပြီး တဖြည်းဖြည်းချင်း ပြောင်းလဲလာရာမှ အဆိုပါ ကျွန်းကြီးဟာ မြေထုချပ်ကြီးတွေအဖြစ် အပိုင်းပိုင်း ပြိုကွဲလာပြီး တိုက်ကြီးတွေ အဖြစ် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
Pangaea ဆိုတာဟာ ကမ္ဘာမြေပြင်ပေါ်က တိုက်ကြီးအားလုံး နီးပါး ပေါင်းစပ်ထားတဲ့ စူပါတိုက်ကြီးကို ခေါ်ဆိုပြီး ဂရိဘာသာစကား pangaia မှ ဆင်းသက် လာတာဖြစ်ကာ ”ကမ္ဘာမြေပြင်တစ်ခုလုံး ” ဟု အဓိပ္ပါယ်ရပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ခန့်လောက်က စူပါတိုက်ကြီး တစ်ခုတည်း တည်ရှိနေရာမှ ပြိုကွဲသွားကာ ယခု တည်ရှိနေတဲ့ တိုက်ကြီးတွေ ဖြစ်ပေါ်လာတာပါ။

အဆိုပါ နက်နဲတဲ့သမိုင်းကြောင်းပုံစံလိုမျိုး ကမ္ဘာကြီးဟာ သူ့အလိုလို နောက်တစ်ကြိမ် ပြန်လည်ဖြစ်လာပါလိမ့်မယ်။
နောက်ထပ်နှစ်သန်းပေါင်း ၂၅၀ ခန့်မှာ ကမ္ဘာကြီးဟာ နောက်ထပ် စူပါတိုက်ကြီးတစ်ခုအဖြစ် ပြန်လည် တည်ရှိမှာဖြစ်ပြီး ၎င်းအတွက် Pangaea Proxima ဆိုပြီး အမည်ပေးထားပြီး ဖြစ်ပါတယ်။
နောက်ထပ်နှစ်သန်းပေါင်း ၂၅၀ ခန့်မှာ ကျွန်ုပ်တို့ ကမ္ဘာ့ကြီးဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုရင် အမေရိကတိုက်ဟာ မြောက်ဘက်မှာဆိုရင် အာဖရိကနှင့် တောင်ဘက်မှာဆိုရင် အန္တာတိက၊ အာဖရိကတိုက်ဟာ ဥရောပနှင့် အရှေ့အလယ်ပိုင်းသို့ ထိုးကျသွားမှာဖြစ်ပြီး ဩစတေးလျတိုက်ဟာ အာရှရဲ့ အရှေ့ဘက်သို့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဧရာမတိုက်ကြီးဟာ အိန္ဒိယသမုဒ္ဒရာကို ဗဟိုပြုပြီး အီတလီကို ရူးဖိနပ်နဲ့တူတဲ့ အိန္ဒိယကို အစားထိုးကာ ကုန်းတွင်းပိုင်း ပင်လယ်တစ်ခု ဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။
တိုက်ကြီးတွေတိုက်မိတဲ့အခါမှာ တောင်တန်းအသစ်တွေ ပေါ်လာပါတယ်။
ကမ္ဘာ့အမြင့်ဆုံးမှတ်တမ်းတွေဟာ ဟိမဝန္တာတောင်တန်းတွေမှာ တည်ရှိတော့မှာမဟုတ်သော်လည်း ဖလော်ရီဒါနှင့် ဂျော်ဂျီယာတို့က တောင်အာဖရိကနှင့် နမီးဘီးယားတို့အထိ ထိုးဖောက်ဝင်ရောက်တဲ့ ကမ္ဘာအမြင့်ဆုံး တောင်တန်း အသစ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ကမ္ဘာမြေထုချပ်ကြီး ပြန်လည်ပေါင်းစည်းမှုကို သက်သေပြမယ့် ပတ်ဝန်းကျင်မှာ ဘယ်လူသားမှ သက်ရှိထင်ရှား ရှိမှာမဟုတ်ပါဘူး။

ကျွန်ုပ်တို့ဟာ ထောင်စုနှစ်မပြောနဲ့ လာမည့် ရာစုနှစ်အထိ ရှင်သန်ခွင့်ရရင်တောင် ကံကောင်းတယ်ဟု ဆိုရမှာပါ။
သို့ပေမယ့်လည်း အနာဂတ် တိုက်ကြီးရဲ့ မြေပုံမှာ ယနေ့ခေတ် မြို့ကြီးတွေတော့ ပါ၀င်နေမှာ ဖြစ်ပါတယ်။
ယခု အကြောင်းအရာကို National Geographic ဂျာနယ်တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။