နာမည်အပြည့်အစုံကတော့ နီကိုလာ့စ် ကော့ပါးနိကပ်စ်ပါ။ သူဟာ ကမ္ဘာပြားသည်ဟူသော အယူအဆကို တော်လှန်ခဲ့သူ တယောက် ဖြစ်ပါတယ်။
ထိုခေတ် ထိုအခါက လူအများတို့ဟာ ကမ္ဘာကြီး ပြားကြောင်း ၊ နေသည် ကမ္ဘာကို လှည့်ပတ်သွားလာနေကြောင်း ယုံကြည်ကြပါတယ်။
ကော့ပါးနိကပ်စ်ဟာ နက္ခတ်ပညာကို လက်တွေ့လေ့လာရင်း ကမ္ဘာကသာ နေကိုလှည့်ပတ်နေသည်ကို သိမြင်ခဲ့သူ ဖြစ်ပါတယ်။
ကော့ပါးနိကပ်စ်တယောက် မိမိသိမြင်တဲ့ အကြောင်းအရာတို့ကို ဟောပြောသောအခါ ပညာရှိအပေါင်းတို့က ကော့ပါးနိကပ်စ်ကို ပြစ်တင်ပြောဆိုလာကြပါတယ်။
သို့ရာတွင် ကော့ပါးနိကပ်စ် အနေဖြင့် မိမိ၏ အသိအမြင်ကို အယူအဆကို လျော့မပေးဘဲ နက္ခတ်ကျမ်းသစ် တကျမ်းကို တောင် ပြုစုခဲ့ပါသေးတယ်။
နီကိုလာ့စ် ကော့ပါးနိကပ်စ် (၁၄၇၃-၁၅၄၃)
၁၆ ရာစုမှာ ပိုလန် နက္ခတ္တဗေဒ နှင့် သင်္ချာ ပညာရှင် နီကိုလာ့စ်ကော့ပါးနိကပ်စ်က နေသည် စကြာဝဌာ၏ အလယ်ဗဟိုတွင်တည်ရှိပြီး ကမ္ဘာဟာ နေကိုလှည့်ပတ်နေသည်ကို အဆိုပြုခဲ့ပါတယ်။
၁၄၇၃ ခုနှစ် ၊ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နီကိုလာ့စ် ကော့ပါးနိကပ်စ် (Nicolaus Copernicus) ကို ပိုလန်နိုင်ငံ ၊ ဗစ်တူလာ တွင် ကြွယ်ဝချမ်းသာပြီး လူသိများသော ကုန်သည် မိသားစု၊အသိုင်းအဝန်းမှ မွေးဖွားခဲ့ပါတယ်။

ငယ်ရွယ်စဉ်ကပင် နက္ခတ်ဗေဒ ပညာရပ်ကို အထူး စိတ်ဝင်စားခဲ့သူ ဖြစ်ပြီး Cracow တက္ကသိုလ်တွင် သင်္ချာနှင့် နက္ခတ္တဗေဒနှင့် နက္ခတ်ဗေဒင်ဘာသာရပ်များကို လေ့လာခဲ့ပါတယ်။
၁၄၉၆ ခုနှစ် အသက် ၂၀ ကျော်အရွယ်တွင် ကန်နွန် ဉပဒေ ခေါ် (ဘုရားကျောင်းနှင့်ဆက်စပ်သော ဉပဒေ)ကို လေ့လာသင်ယူရန် အီတလီသို့သွားပြီး ဘိုလော့ညာ(Bologna)တက္ကသိုလ်တွင် လေ့လာသင်ယူခဲ့ပါတယ်။
ထို့နောက်ပါဒူး(Padua)တက္ကသိုလ်တွင် ဥပဒေနှင့် ဆေးပညာရပ်များကို သင်ကြားခဲ့ပြန်ပါတယ်။
နောက်ဆုံး ဖာရာရာ (Ferrara) တက္ကသိုလ် တွင် ကန်နွန် ဥပဒေ ခေါ် (ဘုရားကျောင်းနှင့် ဆက်စပ်သော ဉပဒေ) ဖြင့် ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။
သူသည် ဘိုလော့နာ၌ ရှိစဉ် နက္ခတ္တဗေဒ ပါမောက္ခ နိုဗာရာ (Domenico Maria Novara) ဆိုသူနှင့် အတူနေထိုင်ခဲ့ပြီး သူ့၏ ပထမဆုံး နက္ခတ္တဗေဒ လေ့လာတွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူဟာ အီတလီတွင် နေထိုင်ခဲ့စဉ်က ဂရိဒဿနပညာရှင် စမော့စ်နယ်သား အရိစ်တာကပ်စ် (Aristarchus) (ဘီစီ ၃၀ဝခန့်) ၏ နေကိုကမ္ဘာနှင့် ဂြိုဟ်များက လှည့်ပတ်သည် ဟူသောစိတ်ကူးကို ကြားသိခဲ့ရဖူးပုံရပါတယ်။
ကော့ပါးနိကပ်စ်သည် နက္ခတ္တဗေဒ လေ့လာတွေ့ရှိချက် အချို့ပြုလုပ်ခဲ့သော်လည်း သူ့ဦးလေးဖြစ်သူနှင့် အတူ ချာ့နိုင်ငံရေးတွင်သာ ဘဝကို နစ်မြှပ်ခဲ့ပြီး ကျမ်းစာသင်ဆရာ အဖြစ် အရွယ်အိုသည်ထိ ဖာရော်အင်ဘာ့ဂ် (Frauenburg) ဘုရားကျောင်းတွင် နေထိုင်သွားခဲ့ပါတယ်။
ဒါဟာ နောင်တွင် သူ့အား နာမည်ကြီးစေမည့်ထို နေဗဟိုပြု သီအိုရီ အမည်ရကျမ်းကို သူ၏အားလပ်ချိန်များမှ အချိန်ယူရေး သားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုအယူအဆသစ်ကို ကော်ပါးနိကပ်စ် တစ်ယောက်လည်း မှန်ကန် မည်ဟု လက်ခံယုံကြည်ခဲ့တာပါ။
အသက် ၄၀ ကျော်မှ သူ၏ အယူအဆများကို ရေးမှတ်ထားသည့် မှတ်စု စာအုပ်ကို ရင်းနှီးသူတစ်ချို့အား ပေးဖတ်ခဲ့ပါတယ်။
ထိုစာအုပ်မှာ ဘဝတစ်လျှောက် လေ့လာတွက်ချက် မှုများကိုအခြေခံကာ ပြုစုထားသည့် အာကာသအတွင်းရှိ စက်လုံးများ ၏ လှည့်ပတ်ခြင်းအကြောင်း (On the Revolution of the Celestial Spheres) ပင်ဖြစ်ပါတယ်။
ထိုစာအုပ်တွင် မိမိ၏ လေ့လာတွေ့ရှိချက်များ၊ တွက်ချက်ပုံများ၊ သီအိုရီများကို ပြည့်စုံစွာ ဖော်ပြထားခဲ့ပါတယ်။
တဖန် အသက် ၆၀ တွင် ရောမသို့ သွားရောက်ပြီး မိမိ၏ အယူအဆကို အစဉ်တစိုက် ဟောပြောခဲ့ပြန်ပါတယ်။
ရောမတွင် မိမိ၏ အယူအဆများကို အစဉ်တစိုက် ဟောပြောမှုများ ပြုလုပ်ခဲ့သဖြင့် ပုပ်ရဟန်းမင်းကြီး၏ မနှစ်သက်၊ မလို လားမှုတို့ကို ရင်ဆိုင်ခဲ့ရသော်လည်း သူ၏ အယူအဆများကို ရဲဝံ့စွာ ရင်ဆိုင်ပြီး တင်ပြခဲ့ပါတယ်။
အသက် ၇၀ နားနီးမှ မိမိ၏ ကျမ်းကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ပုံနှိပ်သူထံမှ ပထမဆုံးစာအုပ်ကို သူကွယ်လွန်သည့် ၁၅၄၃ ခုနှစ် မေလ ၂၄ ရက်နေ့ တွင်မှ ရရှိသွားရှာတာပါ။
သူ၏ ယူဆချက်များသည် ကမ္ဘာကြီးကို ရှု့မြင်ပုံပြောင်းလဲမှု၏ အစ ၊ သိပ္ပံတော်လှန်ရေး အတွေးအခေါ်တွေကို ဥရောပမှာ ပြန်လည် မွေးဖွားစေခဲ့ပါတယ်။

ဂယ်လီလီယို
နောင်ပိုင်းတွင်မှ ကော့ပါးနိကပ်စ်၏ ကမ္ဘာလုံးအယူအဆကို လက်ခံယုံကြည်ပြီး ဆက်လက်လေ့လာသူများတွင် အီတလီနိုင်ငံသား ဂယ်လီလီယို သည် ထင်ရှားသူဖြစ်ပါတယ်။
ဂယ်လီလီယိုသည် ကော့ပါးနိကပ်စ်၏ အယူအဆ မှန်ကန်ကြောင်းကို သက်သေ အထင်အရှား တင်ပြနိုင်သူ တယောက်ပါ။
ကြယ်တာရာတို့ကို နီးနီးကပ်ကပ်မြင်ရပါက ကောင်းလေစွဟု တောင့်တာကာ အလွန်အားကောင်းသည့် မှန်ပြောင်းကို ဖန် တီးပြီး ထိုမှန်ပြောင်းဖြင့် ကောင်းကင်မှာ ကြယ်တာရာတို့ကို လေ့လာခဲ့ပါတယ်။
နှစ်အနည်းငယ် စောင့်ကြည့်လေ့လာပြီး ကမ္ဘာဂြိုလ်နှင့် အခြားဂြိုလ်တို့ နေကို လှည့်ပတ်နေသည် ဟူသော အယူအဆကို ကြေငြနိုင်ခဲ့ပါတယ်။
ဂယ်လီလီယိုသည် တွေ့မြင်သမျှ တွေးတော ခဲ့သမျှတို့ကို တင်ပြလိုသဖြင့် ကျမ်းတစ်ကျမ်း ရေးခဲ့ပြန်ပါသေးတယ်။
ကော့ပါးနိကပ်စ် နှင့် ဂယ်လီလီယို တို့ကြောင့်ပင် ကမ္ဘာကြီး လုံးဝန်းကြောင်း အယူအဆဟာ မှန်ကန်ကြောင်း ဝန်ခံလာကြခြင်းဖြစ်ပါတယ်။
ရေးသားသူ – Zaw Gyi (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။