ရေဒါပျောက်နည်းပညာနှင့် ပတ်သက်လာရင် F-117 ကို လူသိများပြီး ကိုဆိုဗိုတွင် ဖြစ်ပွားခဲ့သည့် F-117 ဆုံးရှုံးခဲ့ရမှုဟာ အမေရိကန်ရဲ့ ရေဒါပျောက် လေယာဉ်တစင်း အတွက် လူရယ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်စဉ်ကို နားလည်ဖို့အတွက် ရေဒါပျောက် နည်းပညာရဲ့ အားသာချက် အားနည်းချက်တွေ သိရှိဖို့ လိုအပ်ပါတယ်။
F-117 ဟာ Lockheed Martin ၏ Skunk Works ဌာနမှ ဆင်းသက်လာတဲ့ စိန်ပုံစံ ဒီဇိုင်းဖြစ်ကာ အဆိုပါ ဒီဇိုင်းဟာ ရေဒါဖြင့် ဖမ်းယူဖို့ရာ ခက်ခဲတာကို တွေ့ရှိခဲ့ရပြီး ၎င်းကို Hopless Diamond လို့ အမည်ပေးထားပါတယ်။

F-117 ၏ ရှေ့မြင်ကွင်း
ဒါ့ကြောင့် ပင်တဂွန်ဟာ Lockheed Martin ကို ချက်ချင်းပဲ စာချုပ် ချုပ်ဆိုခဲ့ပြီး Have Blue လို့ခေါ်တဲ့ Experimental Survivable Testbed (XST) စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်လာစေပါတယ်။
၁၉၇၇ ခုနှစ်မှာ စတင် ပျံသန်းခဲ့တဲ့ ရှေ့ပြေး ပုံစံ ၂ စင်းဟာ ပျက်စီးခဲ့ပေမယ့် အံ့မခန်း အောင်မြင်မှုများ ရရှိခဲ့တဲ့အတွက် F-117 စီမံကိန်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
F-117 တိုက်ခိုက်ရေး လေယာဉ်ဟာ စိတ်ပုံစံ ဒီဇိုင်းကြောင့် ရေဒါမှ ဖမ်းယူဖို့ရာ ခက်ခဲပေမယ့် ၎င်းမှာ အားနည်းချက်တွေ ပေးဆပ်လိုက်ရတာတွေတော့ ရှိပါတယ်။
မတည်ငြိမ်တဲ့ ဒီဇိုင်း
ပထမဆုံး အနေဖြင့် ပျံသန်းဖို့ရာအတွက် မတည်ငြိမ်တဲ့ ဒီဇိုင်းပါ။
ဒီလို မတည်ငြိမ်တဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် F-117 ဟာ တခြား ဂျက်တိုက်လေယာဉ်တွေလို manoeuvre လို့ခေါ်တဲ့ လိုသလို လှုပ်ရှားပျံသန်းခြင်းမျိုးမှာ အကန့်အသတ်တွေရှိပါတယ်။
ဒါ့အပြင် လေယာဉ်ကို တည်ငြိမ်စွာ ပုံမှန် ပျံသန်း နိုင်စေဖို့အတွက် fly-by-wire စနစ်က အဓိက လုပ်ဆောင်ပေးရပါတယ်။

ကောင်းကင်ယံမှ F-117 တစင်း
ဒီစနစ်သာ မပါရင် လေယာဉ်ဟာ ပျံသန်းဖို့ မဖြစ်နိုင်ပါဘူး။
fly-by-wire ဆိုတာကတော့ လေယာဉ် ထိန်းချုပ်မှုစနစ်ကို လေယာဉ်မှူးမှ အပြည့်အဝ ထိန်းချုပ်စရာ မလိုဘဲ ကွန်ပျူတာ မှတစိတ်တပိုင်း ထိန်းချုပ်ပေးတဲ့စနစ် ဖြစ်ပါတယ်။
နောက်တချက်က F-117 ဟာ အသံအလျှင်အောက်သာ ပျံသန်းနိုင်ပါတယ်။
အကြောင်းကတော့ အသံထက် မြန်သည့် အမြန်နှုန်းနှင့် ပျံသန်းပါက အသံ အတားအဆီးကို ဖြတ်ကျော်ရာမှာ shock wave များ ထွက်ပေါ် လာတတ်သည့်အပြင် အနီအောက်ရောင်ခြည်မှာ တောက်ပစွာ မြင်ရနိုင်လို့ ဖြစ်ပါတယ်။
F-117 ကို အမေရိကန်၏ တိုက်လေယာဉ် အသုံးအနှုန်းဖြစ်တဲ့ “F” လို့ သုံးနှုံးထားပေမယ့် ၎င်းဟာ ဗုံးကြဲလေယာဉ် အသေးစားလို့ ပြောနိုင်ပါတယ်။
အမေရိကန်ဟာ ဗုံးကြဲလေယာဉ် ကန့်သတ်မှု စာချုပ်များ ရှိနေတဲ့အတွက် F-117 ကို ဗုံးကြဲလေယာဉ်အစား တိုက်လေယာဉ်အဖြစ် အမည်ပေးခဲ့ပုံရပါတယ်။
၎င်း၏ နည်းပညာအရ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို ပစ်ခတ် နိုင်ပေမယ့် တကယ်တော့ မြေပြင် တိုက်ခိုက်ရေး အ တွက် သာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အုပ်စုလိုက် လေ့ကျင့် ပျံသန်းနေသည့် F-117 များ
ဒီ အကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် F-117 ဟာ ရေဒါမှ ဖမ်းယူရ ခက်ခဲတဲ့ ရေဒါပျောက် နည်းပညာ တခုထဲကိုသာ လုံးလုံးလျားလျား အားကိုးထားတယ်ဆိုတာ မြင်သာပါတယ်။
အံ့အားသင့်စရာ မကောင်းတဲ့ F-117 ၏ တည်ဆောက်ပုံ
F-117 ဟာ ပထမဆုံးနေဖြင့် ၁၉၈၁ ခုနှစ်မှာ စတင် ပျံသန်းခဲ့တာဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ စတင် တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါဟာ Lockheed Martin အနေဖြင့် လက်ဝယ်ရှိပြီးသား လေယာဉ် အစိတ်အပိုင်းများနှင့် အသုံးချလို့ရတဲ့ လေယာဉ်တစင်းကို အချိန်တိုအတွင်းဆောင်ရွက်နိုင်ခဲ့တာပါ။
လေယာဉ်၏ fly-by-wire စနစ်ဟာ F-16 မှ စနစ်ကို တပ်ဆင် ထားတာ ဖြစ်ပြီး အင်ဂျင်တွေ ကတော့ F/A-18A တိုက်လေ ယာဉ်မှ General Electric F404 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။
ဒါ့အပြင် လေယာဉ်ကို ယနေ့ခေတ် ရေဒါပျောက် လေယာဉ်များနှင့်မတူဘဲ ထုတ်လုပ်ဖို့ လွယ်ကူစေရန် သာမန်လေယာဉ်များတွင် အသုံးပြုသည့် အလူမီနီယံများဖြင့်သာ ပြုလုပ်ထားပါတတယ်။
ဒီလိုနဲ့ Lockheed Martin ဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးပုံစံ YF-117A ၅ စင်းနှင့် F-117A ၅၉ စင်း တည်ဆောက်ခဲ့ပါတယ်။

မြင်သာသည့် စိန်ပုံစံ ခေါင်းပိုင်း
စစ်ဆင်ရေးများ
F-117 ဟာ ၁၉၈၉ ခုနှစ် ပနားမားတွင် လျှို့ဝှက် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပြီး သိပ်မပေါ်လွင် ခဲ့ပေမယ့် ၁၉၉၁ ခုနှစ် ပင် လယ်ကွေ့စစ်ပွဲ အတွင်း အီရတ်နှင့် ရင်ဆိုင်ရာမှာတော့ အံ့မခန်း အောင်မြင်မှုတွေ စတင်ရရှိခဲ့ပါတယ်။
၎င်းဟာ ၂၀၀၃ ဒုတိယ ပင်လယ်ကွေ့စစ်ပွဲ Operation Iraqi Freedom မှာလည်း ကောင်းကောင်း အသုံးတော်ခံခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ အမေရိကန်လေတပ်ဟာ F-22 Raptor အတွက် ကုန်ကျစရိတ်များ ရှိလာတဲ့အတွက် F-117 များကို အနားပေးလိုက်ပါတယ်။
ယူဂိုဆလားဗီယားတွင် ဆုံးရှုံးမှု
ဒုတိယ ဗိုလ်မှူးကြီး Dale Zelko ပျံသန်းတဲ့ F-117 တစင်းဟာ ၁၉၉၉ ခုနှစ် မတ်လ အတွင်းမှာ ယူဂိုဆလားဗီးယားတွင် ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုဖြစ်စဉ်ကြောင့် “Stealth” လို့ ခေါင်းစဉ် တပ်ထားတဲ့ လေယာဉ်များဟာ ရေဒါ သို့မဟုတ် အနီအောက် ရောင်ခြည်နှင့် ဖမ်းယူလို့ မရတာ ဒါမှမဟုတ် လုံးဝ တိုက်ခိုက်ဖို့ မဖြစ်နိုင်မျိုး မဟုတ်ဘူးဆိုတာ လူအများက သိလာကြပါတယ်။
စစ်ဘက်နှင့် အမျိုးသား လုံခြုံရေး ကျွမ်းကျင် ပညာရှင်များဟာ “Stealth” ဆိုတဲ့ လှည့်စားမှုမျိုး တခါမှ မကြုံဖူးပေမယ့် ၁၉၉၀ ခုနှစ်များအတွင်းက F-117 ၏ စွမ်းဆောင်ရည်များကြောင့် ယုံကြည်မှု လွန်ကဲ့လာတာပါ။

ဆားဗီးယားတွင် ဆုံးရှုံးခဲ့သည့် F-117 Image: Courtesy of Ausairpower
တခြားတဖက်မှာလည်း F-117 ၏ စွမ်းဆောင်ရည်ကို မယုံကြည်နိုင်လောက်သည့် နည်းပညာသဖွယ် ပြောဆို ခဲ့မှုများကြောင့် F-117 များကို အလွန်အမင်း အထင်ကြီး ခဲ့ကြပုံ ပေါ်ပါတယ်။
တကယ်တော့ ရေဒါပျောက်နည်းပညာဟာ လေယာဉ်ကို ခြေရာကောက်ဖို့နှင့် သိရှိနိုင်ဖို့ နှောင့်နှေးစေရုံသာဖြစ်ပြီး အဲဒီ့ နှောင့်နှေးတဲ့အချိန် အတွင်းမှာ လက်ဦးမှု ရယူတာပဲ ဖြစ်ပါတယ်။
လေယာဉ်ကို မြင်ရမယ့် အချိန်ရောက်လာတဲ့အခါ စခန်းဟာ ဖျက်ဆီးခံရပြီးသား ဖြစ်သွားတာမျိုးပါ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ
တကယ်တော့ အမေရိကန် လေတပ်ဟာ ဒီလို ၎င်းတို့ရဲ့ ရေဒါပျောက် လေယာဉ်တွေရဲ့ အားနည်းချက် အကြောင်းကို ကောင်းကောင်း သိပါတယ်။
ပင်လယ်ကွေ့ စစ်ပွဲအတွင်းမှာ အမေရိကန်ဟာ ကြည်းတပ်၏ AH-64 Apache ရဟတ်ယာဉ်များနှင့် ပထမဆုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး F-117 တွေနဲ့ အစပြုခဲ့တာ မဟုတ်ပါဘူး။
Apache ရဟတ်ယာဉ်များဟာ အီရတ်ရှိ VHF နှင့် UHF-bands များတွင် လုပ်ဆောင်နေသည့် ကြိမ်နှုန်းနိမ့် ကြိုတင် သတိ ပေး ရေဒါများကို အရင်ဆုံး ရှင်းလင်းခဲ့တာပါ။

AH-64 Apache ရဟတ်ယာဉ်
အဆိုပါ ရေဒါများဟာ C၊ X နှင့် Ku-band ကြိမ်နှုန်းများနှင့် အလုပ်လုပ်ပြီး F-117 များကို တွေ့နိုင် ခြေရာခံ နိုင်စွမ်း ရှိပါတယ်။
ဒါ့ကြောင့် Apache ရဟတ်ယာဉ်များဟာ F-117 များအတွက် လမ်းကြောင်း ရှင်းလင်းပြီးနောက် F-117 များက လိုသလို မွှေနှောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုဆိုဗိုမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ ဒီသဘောတရားကို နားလည်တဲ့ လေကြောင်းကာကွယ်ရေး အရာရှိ နှင့် နိုင်ငံငယ်လေးကို အထင်သေးမိသည့် အမေရိကန်တို့ရဲ့ ဗျူဟာ ဟာကွက်ကြောင့် F-117 ရဲ့ ကံကြမ္မာဟာ မလှမပ ဖြစ်ခဲ့တာပါ။
လက်နက် သိုလှောင်ခန်းကို ဖွင့်သည့်အချိန် ရေဒါမှ ခဏတာ မြင်လိုက်ရတဲ့ အချိန်အတွင်းမှာ လေယာဉ်ကို tracking လုပ် နိုင်ဖို့ဆိုတာ လေကြောင်းကာကွယ်ရေး အဖွဲ့မှာ ကြိုတင် ပြင်ဆင်မှု လုံလုံလောက်လောက် ရှိထားတယ်ဆိုတာ သက်သေ ပါပဲ။
ယနေ့ခေတ် ပဥ္စမျိုးဆက် တိုက်လေယာဉ်များ
F-22 နှင့် F-35 များဟာ ကြိမ်နှုန်းမြင့် ပစ်ခတ်ထိန်းချုပ်မှု ရေဒါများကို တိုက်ခိုက်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး ယခုအခါမှာ အဆင့်မြင့်လှတဲ့ ရေဒါတွေကို တိုက်ခိုက်နိုင်တဲ့ AARGM-ER လို Anti-Radiation ဒုံးကျည်များလည်း ရှိနေပါပြီ။
ဒီအကြောင်းကို “လေကြောင်း ကာကွယ်ရေး စနစ်များ ကြောက်ရမယ့် AARGM-ER ဒုံးကျည်သစ်” ခေါင်းစဉ်ဖြင့် ဖော်ပြ ခဲ့ပြီး ဖြစ်ပါတယ်။
F-117 နည်းဗျူဟာမြောက် ရေဒါပျောက်လေယာဉ်ကို တိုက်ရိုက် ဆက်ခံတဲ့ ဒီ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဟာ ယ ခင်နှင့်မတူဘဲ ၎င်းတို့၏ လေပိုင်နက်အတွင်းမှာ ဘာတွေရှိနေလဲဆိုတာ သိနိုင်သည့် ရန်သူများနှင့် ရင်ဆိုင်ဖို့ ဖန်တီးထားတာပါ။
ရန်သူအနေဖြင့် ဒီလိုလေယာဉ်တွေ ရှိနေတာ သိပေမယ့် ဘာမှမ လုပ်နိုင်အောင် နည်းပညာအမျိုးမျိုးနှင့် အားဖြည့် ကူညီပေးထားတာပါ။

Northrop Grumman ၏ EA-6B Prowler
လက်ရှိမှာ အမေရိကန်လေတပ်ဟာ ရေတပ်သုံး အီလက်ထရွန်းနစ် စစ်ပွဲသုံး လေယာဉ် Prowler များ သို့မဟုတ် ရေဒါဖိဖျက် စနစ်များ အကူအညီမပါဘဲ ၎င်းတို့၏ ရေဒါပျောက် တိုက်လေယာဉ်များကို အသုံးပြုခြင်း မရှိပါဘူး။
ဒါ့ကြောင့် F-117 ခေတ်ကလို မဟုတ်ဘဲ အဆင့်မြင့် နည်းပညာပိုင်ဆိုင်တဲ့ ပြိုင်ဖက်များကို F-22 နှင့် F-35 များက အတိုင်း အတာ တခုအထိ ရင်ဆိုင်နိုင်စွမ်းရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 1/2/2022