သိပ္ပံပညာရှင်တွေရဲ့ ကျွန်ုပ်တို့နှင့် မတူညီတဲ့ GPS ကို အသုံးချပုံများ

Article Science

သင်ဟာနေ့စဉ် Google Maps အပါအဝင် GPS စနစ်သုံး အခြား App များကို သွားလာရေး အတွက် အသုံးပြုနေပါက GPS ဟာ ဘယ် လောက် အရေးပါမလဲ နားလည်မှာပါ။

GPS ဟာ သိပ္ပံပညာရှင်များအတွက် တိရိစ္ဆာန်တွေကို ခြေရာကောက်ခြင်းကဲ့သို့ သင်မျှော်လင့်မထားတဲ့ နည်းလမ်းတွေ အသုံးပြုနိုင်တဲ့ အသုံးဝင်မှုတွေ ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆူနာမီ လှိုင်းကြီးတွေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်မလဲ ဆိုတာ လူတွေကို သတိပေးဖို့နှင့် မိုးခေါင်နေတဲ့အချိန်မှာ သစ်တောတွေဟာ ဘယ်လိုခြောက်သွေ့သလဲဆိုတာ တိုင်းတာမှုများ ပြုလုပ်တာတွေ ကိုလည်း GPS ကို အသုံးပြုပြီး ခန့် မှန်း နိုင်ပါတယ်။

Image: Courtesy of Balkam.files

ကမ္ဘာ့မြေကြီးရဲ့ အထက် ကီလိုမီတာပေါင်း ၂ သောင်းကျော်လောက်မှာ GPS ဂြိုဟ်တု စုစုပေါင်း ၃၁ လုံးလောက်ဟာ ကမ္ဘာ့ကို လှည့်ပတ်နေတာပါ။

အဲဒီ့ ဂြိုဟ်တုတွေဟာ အချက်ပြ လှိုင်းတွေကို မြေပြင်ပေါ်သို့ ပေးပို့ပြီး ကားတွေ၊ ဖုန်းတွေ နှင့် အခြား စက်ပစ္စည်းတွေဟာ ဒီလှိုင်းတွေကို အသုံးပြုပြီး ဂြိုဟ်တုနှင့် ဘယ်လောက် ကွာဝေးသလဲ တွက်ချက်ပါတယ်။

အဲဒီ့နောက်မှာတော့ တြိဂံဖွဲ့ တိုင်းတာနည်းဖြင့် ဂြိုဟ်တု ၄ မှ ထို့ထက်ပိုသည့် ဂြိုဟ်တု အရေအတွက်ကို အသုံးပြုပြီး ကမ္ဘာရဲ့ ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ၁ မီတာကနေ ၁၀ မီတာအတွင်း အတိအကျ ရရှိပါတယ်။

သိပ္ပံအတွက် အသုံးပြုတဲ့ Scientific receiver တွေကတော့ ပိုမို ကောင်းမွန်အောင် တည်ဆောက်ထားပြီး ၎င်းတို့၏ တည်နေရာကို မီလီ မီတာ အနည်းငယ် လောက်အထိ တိကျအောင် တိုင်းတာနိုင်ပါတယ်။

ငလျင်များ နှင့် ဆူနာမီများ တိုင်းတာခြင်း

GPS receiver များဟာ ဘယ်နေရာမှာရှိသလဲ ဆိုတာကို တိုင်းတာပေးသလို မြေပြင် ဘယ်လောက် ရွေ့နေသလဲ ဆိုတာကိုလည်း ကောင်း ကောင်း တိုင်းတာနိုင်တဲ့အတွက် ငလျင်များကိုပါ တိုင်းတာနိုင်စွမ်း ရှိပါတယ်။

ယနေ့ ကျွန်တော်တို့ဟာ ငလျင်ကို တိုင်းတာဖို့ ယနေ့ခေတ်အထိ seismometer တွေကို အသုံးပြုနေပါတယ်။

ဒါပေမယ့် seismometer ဟာ မဂ္ဂနီကျု ၈ အထက် အလွန်ပြင်းထန်တဲ့ ငလျင်များကို တိုင်းတာနိုင်ဖို့တော့ အကန့်အသတ်တွေ ရှိလာပါတယ်။

ထို့ကြောင့် ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ ဆူနာမီလှိုင်းလုံးကြီး များကို တိုင်းတာနိုင်ဖို့ရာအတွက် အခက်အခဲတွေ ရှိလာပါတယ်။

သိပ္ပံပညာရှင်တွေဟာ ငလျင် ဘယ်လောက်ပြင်းထန်စွာ လှုပ်သလဲဆိုတာကို တိုင်းတာပြီး ဆူနာမီလှိုင်းများ ကမ်းခြေသို့ ဘယ် အချိန် ရောက်လာမလဲ ဆိုတာကို ခန့်မှန်းနိုင်ကြပါတယ်။

ဆူနာမီ သရုပ်ပြ

တကယ်လို့ seismometer ဟာ ၎င်းတိုင်းတာနိုင်တဲ့ အခြေအနေကို ကျော်လွန်သွားပါက သိပ္ပံပညာရှင်များအနေဖြင့် တိကျတဲ့ အချက် အလက်ရအောင် စောင့်ဆိုင်းရသဖြင့် လူတွေကို ကူညီကယ်ဆယ်ဖို့အတွက် အချိန်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါ့ကြောင့် သိပ္ပံပညာရှင်များဟာ Scientific GPS receiver တွေကို ဆူနာမီလှိုင်းတွေကို တိုင်းတာနိုင်အောင် လုပ်ဆောင်နေပြီး ဒါဟာ အလုပ်ဖြစ်ပုံ ရပါတယ်။

သုတေသန စာတမ်းတခုအရ သိပ္ပံပညာရှင် အဖွဲ့တဖွဲ့ဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဆူမတြား ငလျင် လှုပ်ခဲ့စဉ်က ၎င်းတို့ဟာ GPS ကို အသုံးပြုပြီး ငလျင်ရဲ့ အတိုင်းအတာကို ၁၅ မိနစ်အတွင်း အတိအကျ အဖြေထုတ်နိုင်ခဲ့ပါတယ်။

ဒီရလဒ်ဟာ သိပ္ပံပညာရှင်တွေ ယခင်က အသုံးပြုနေသည့် နည်းလမ်းထက် နာရီပေါင်းများစွာ မြန်ဆန်ပါတယ်။

ရေပမာဏများကို တိုင်းတာခြင်း

GPS ကို အသုံးပြုခဲ့တဲ့ မြေပြင် လှုပ်ရှားမှုကို တိုင်းတာခြင်းကရဲ့ အကြံဟာ သိပ္ပံပညာရှင်များအတွက် မြေပြင်ပေါ်ရှိ ရေထုတွေကိုပါ တိုင်းတာနိုင်စေခဲ့ပါတယ်။

ဒီရေတက်လို့ ပဲဖြစ်ဖြစ်၊ ဆီးနှင်း ထူထပ်လို့ပဲ ဖြစ်ဖြစ် ရေတွေအများကြီး ရှိလာပါက မြေမျက်နှာပြင်ကို ပြောင်းလဲစေပြီး ကျွန်တော်တို့အတွက် အဲဒါက သတိမထားမိပေမယ့် GPS တွေကတော့ ကောင်းကောင်း တိုင်းတာနိုင်ပါတယ်။

ရေပြင်တခု

အခုလို မြေမျက်နှာပြင် ပြောင်းလဲမှုတွေ အပေါ် မူတည်ပြီး သိပ္ပံ ပညာရှင်များဟာ တောင်တန်းတွေ ပေါ်မှာ ရေတွေ ဘယ် လောက်ရှိသလဲ ဆိုတာကို တိုင်းတာနိုင်ပါတယ်။

ဒါဟာ ရာသီဥတု ပြောင်းလဲမှုကို ကောင်းကောင်း တိုင်းတာနိုင်ကာ မိုခေါင်ခြင်းဟာ ဘယ်လောက်အထိ ဆိုးနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

သိပ္ပံပညာရှင်များ တိုင်းတာသည့် နောက်ထပ် နည်းလမ်းများ

သိပ္ပံပညာရှင်များအနေဖြင့် ဆူနာမီနှင့် ရာသီဥတု ပြောင်းလဲခြင်းများကို GPS ကို အသုံးပြုကာ မြေပြင် လှုပ်ရှားမှုနှင့် ပြောင်း လဲမှုကို ကြည့်ပြီး တိုင်းတာခြင်း အပြင် အခြား နည်းလမ်းလည်း ရှိပါသေးတယ်။

အဲဒါကတော့ လုံးဝကွဲပြားတဲ့ နည်းဖြစ်ပြီး တိုင်းတာသည့် ပုံစံကတော့ GPS အချက်ပြလှိုင်းတွေကို နှောင့်ယှက်မှုတွေကနေ တိုင်းတာခြင်း ဖြစ်ပါတယ်။

ဆူနာမီလှိုင်းများဟာ အလွန်ကို ပြင်းထန်တဲ့ Signal လှိုင်းတွေ လေထုထဲကို ထုတ်လွှင့်တတ်ပါတယ်။

အဲဒီ့ လှိုင်းတွေဟာ ကမ္ဘာ့အထက် ၈၀ ကီလိုမီတာ အထက်လောက်မှာ ရှိတဲ့ ionosphere အလွှာ အထိတောင် ရောက်ရှိနိုင်ပါတယ်။

အဆိုပါ နေရာလောက်တွင် နေမှ ဓာတ်ရောင်ခြည်ဟာ အလွန်မြင့်မားပြီး မော်လီကျူးတွေရဲ့ အီလက်ထရွန်တွေကို ထွက်သွားစေကာ လျှပ် စစ်ဓာတ်ရှိတဲ့ လေထုကို ဖြစ်စေပါတယ်။

ဆူနာမီလှိုင်းကြီးများမှ ထုတ်လွှတ်လိုက်တဲ့ လှိုင်းများဟာ အဆိုပါနေရာ အရောက်မှာ လျှပ်စစ်ဓာတ်ရှိသည့် အမှုန်များနှင့် တွန်းတိုက်မိပါတယ်။

GPS လှိုင်းများဟာ အဆိုပါ အလွှာကို ဖြတ်သန်းသွားရသောကြောင့် ဆူနာမီမှ ဖန်တီးလိုက်တဲ့ အဆိုပါနေရာမှ အရှုပ်အထွေးဟာ GPS လှိုင်းများကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါ့ကြောင့် GPS စက်များဟာ GPS လှိုင်း ဖြတ်သန်းလာတဲ့ လေထု အနေအထားကို တိုင်းတာခြင်းအားဖြင့် ပင်လယ်ထဲမှာ ဖြစ်နေဆဲ ဆူနာမီလှိုင်းကို ကောင်းကောင်း သိရှိနိုင်စွမ်း ရှိပါတယ်။

GPS Sytem

ဒါ့အပြင် GPS ဖြင့် မြစ်ရေကြီးမှု အနေအထားများကိုပါ တိုင်းတာနိုင်ပါသေးတယ်။

ဒီလို တိုင်းတာတဲ့ ပုံစံကတော့ လေထုထဲရှိ ရေငွေ့ ပမာဏ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေ့ရည်စက်များဟာ GPS လှိုင်းများကို စုပ်ယူ ပြန့်ကျဲစေကာ ချွတ်ချော်မှုများ ဖြစ်ပေါ် စေတတ်ခြင်းကနေ သိရှိရတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းရှိ ရာသီဥတု တိုင်းတာရေးတွင် မြစ်ရေကြီးမှုများ ခန့်မှန်းရာ၌ အ သုံး ပြုနေပြီး ဖြစ်ပါတယ်။

နောက်ဆုံး အနေဖြင့် GPS လှိုင်း နှောင့်ယှက်မှုကနေ သိပ္ပံ ပညာရှင်များဟာ အနီးအနားမှာရှိတဲ့ သစ်ပင်တွေပေါ်မှာ ရေ ဘယ် လောက် ရှိသလဲဆိုတာကိုတောင် တိုင်းတာနိုင်ပါ သေးတယ်။

ရေငွေ့တွေလိုပဲ သစ်ပင်၊ သစ်ရွက်များပေါ်မှ ရေတွေဟာလည်း GPS လှိုင်းတွေကို စုပ်ယူခြင်းနှင့် ပြန့်ကျဲစေခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ် မိုးခေါင်မှုများမှ သစ်ပင်တွေ ဘယ်လောက် အထိ ခြောက်သွေ့ခဲ့သလဲ ဆိုတာကို သိပ္ပံပညာရှင်များဟာ တိုင်းတာ နိုင်ခဲ့ကြပါတယ်။

ဒါဟာ GPS လှိုင်းများကို အနှောင့်အယှက်တွေ ကြုံလာရခြင်းကနေ ၎င်းတို့ကို အသုံးဝင်တဲ့ အသုံးချမှုများ အဖြစ် သိပ္ပံပညာရှင် များက ဆွဲထုတ်နိုင်ခဲ့တာ ဖြစ်လို့ အတုယူရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 2/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *