နည်းပညာ ကုမ္ပဏီ Siemens နှင့် ဂျာမန် မီးရထားအော်ပရေတာ Deutsche Bahn (DB) တို့က ဟမ်းဘတ် မြို့မှာ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ မီးရထားကို အောက်တိုဘာ ၁၁ ၊ တနင်္လာနေ့ တုန်းက ထုတ်ဖော်ပြသခဲ့ပါတယ်။
DB ရဲ့ အမှုဆောင်အရာရှိချုပ် Richard Lutz ကသတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့တာက ” အလိုအလျောက် မီးရထားပြေးဆွဲမှုစနစ်ဟာ ကျွန်ုပ်တို့ရဲ့ ခရီးသည်တွေအတွက် သိသိသာသာ ပိုမိုယုံကြည် စိတ်ချရစေပြီး တိုးတက်လာတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ် ” ဟု ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်းက လေဆိပ်တွေမှာ မောင်းသူမဲ့ ရထားတွေ ရှိပြီး ပဲရစ် မှာလည်း မောင်းသူမဲ့ မြေအောက်ရထားများ ရှိပါတယ်။
Siemens နှင့် Deutsche Bahn တို့ရဲ့ မီးရထားအသစ်ဟာ ပထမဆုံးအပြည့်အဝ အလိုအလျောက် မောင်းနှင်နိုင်တဲ့ မီးရထားဖြစ်ပြီး ၎င်းဟာ ပုံမှန်လူလိုက်ပါမောင်းနှင်တဲ့ မီးရထားများနဲ့အတူ ရှိနှင့်ပြီးသား ရထားလမ်းတွေ ပေါ်မှာ လုံခြုံစွာ မောင်းနှင်နိုင်ပါတယ်။
Siemens ရဲ့ ထုတ်ပြန်ချက်မှာ မီးရထားအသစ်ဟာ အသိဥာဏ်တု (AI) ကို အသုံးပြုထားခြင်းကြောင့် ပိုမိုအားကောင်းစေတယ် ဟုဖော်ပြထားပြီး လူသားကိုယ်တိုင် လိုက်ပါမောင်းနှင်တဲ့ ရထားတွေထက် ခရီးသွားလိုအပ်ချက်ကို ပိုမိုထိရောက်စွာ ဖြည့်စည်းပေးနိုင်တယ်ဟု ဆိုပါတယ်။
အဆိုပါ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရထားလေးစင်းကို ဟမ်းဘတ်မြောက်ပိုင်း အမြန်မြို့ပြရထားကွန်ယက်တွင် စတင်ပြေးဆွဲမည် ဖြစ်ပြီး ဒီဇင်ဘာမှာ ခရီးသည်များကို စတင် တင်ဆောင်နိုင်မည်ဟု ဆိုပါတယ်။
အဆိုပါ ရထားကို ဒစ်ဂျစ်တယ် မီးရထားဂျာမနီစီမံကိန်း ဟုခေါ်သော DB မှ ဦးဆောင်ပြီး ယူရိုသန်း ၆၀ (ဒေါ်လာသန်း ၇၀) ခေတ်မီအဆင့်မြှင့်တင်ရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်ခဲ့ကြပါတယ်။
မီးရထားလမ်းပို့ဆောင်ရေးကို ပိုမိုဆန်းသစ်အောင် ပြုလုပ်ခြင်း
မီးရထားအသစ်ဟာ အပြည့်အဝအလိုအလျောက်မောင်းနှင်နိုင်သော်လည်း ခရီးသည်များ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ရထားပေါ်မှာ လူသားစက်မောင်းတစ်ဦး ပါရှိပါ လိမ့်မည်။
ရထားဟာ ပြန်ကွေ့ ခြင်း ကဲ့သို့ ဆန့်ကျင့်ဘက် လှုပ်ရှားမှုတွေကို ရထားပေါ်မှာ ဘယ်သူမှ မပါဘဲ လုပ်ဆောင်နိုင်ပါတယ်။

Siemens ရဲ့ အမှုဆောင်အရာရှိချုပ် Roland Busch က“ ကျွန်ုပ်တို့အနေနဲ့ မီးရထားပို့ဆောင်ရေးကို ပိုမိုတိုးတက်အောင်လုပ်နေပါတယ်။
အဆိုပါ မီးရထားဟာ ခရီးသည် ၃၀ ရာခိုင်နှုန်း ပိုမိုတင်ဆောင်နိုင်သည် သာမကာ စွမ်းအင်ကိုလည်း ၃၀ ရာခိုင်နှုန်းပိုမို သက်သာစေပါတယ်” ဟု ဆိုပါတယ်။
Siemens ရဲ့ ထုတ်ပြန်ချက်မှာ ဆယ်စုနှစ်အကုန်မှာ ဟမ်းဘတ် အမြန်မြို့ပြရထားကွန်ယက်တစ်ခုလုံးကို အလိုအလျောက်ရထားများပြေးဆွဲနိုင်ဖို့ အစီအစဥ်များ ပြုလုပ်နေတယ် ဟုဆိုပါတယ်။
အဆိုပါ အလိုအလျောက် ရထား နည်းပညာသစ်ကို ဒေသတွင်း နှင့် အဓိက ရထားလမ်းစနစ်များအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်နောက်ဆုံးမှာ အသုံးပြုနိုင်ဖို့ ခန့်မှန်းထားကြပါတယ်။
မီးရထားသယ်ယူပို့ဆောင်ရေးစနစ်ဟာ ယုံကြည်စိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးပုံစံတစ်ခု ဖြစ်တာကြောင့် မကြာမီ လတွေ ၊နှစ်တွေမှာ ပိုမိုတိုးတက်လာနိုင်ပါတယ်။
မီးရထားသယ်ယူ ပို့ဆောင်ရေးရဲ့ တစ်မိုင်ခရီးက ကာဗွန်ထုတ်လွှတ်မှုဟာ ကုန်းလမ်းတခြားယာဥ်တွေ တစ်မိုင်ခရီး ကာဗွန်ထုတ်လွှတ်မှုထက် ပျမ်းမျှ ၈၀ ရာခိုင်နှုန်းထိ နည်းပါးပါတယ်။
ကပ်ရောဂါကြောင့် ပင််လယ် နဲ့ လေကြောင်းကုန်တင်သင်္ဘောများအနှောင့်အယှက် အမြင့်ဆုံးကာလရောက်နေချိန်အတွင်းမှာ ကုန်တင်ရထားလုပ်ငန်းစဥ်တွေဟာ ဆက်လက်လည်ပတ်နေပါတယ်။
အလိုအလျောက် မောင်းနှင် နိုင်တဲ့ ရထားတွေ နဲ့ မြန်နှုန်းမြင့် မီးရထားလမ်း စတဲ့ တီထွင် ဆန်းသစ်မှု အသစ်တွေဟာ မီးရထားသယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ အဆက်မပြတ် လုပ်ဆောင်နိုင်ဖို့ ပြန်လည် အားဖြည့်ပေးနေပါလိမ့်မယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။