Tesla ကားပေါ်မှာ အလိုအလျှောက် မောင်းနှင်စနစ် ဖွင့်ပြီး ကလေး မီးဖွားနိုင်ခဲ့တဲ့ အကြောင်း

News Tech

မကြာသေးမီကပဲ ကမ္ဘာပေါ်မှာ ပထမဆုံးအနေဖြင့် Tesla လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားပေါ်မှာ အမျိုးသမီးတယောက် မီးဖွားခဲ့ပါတယ်။

Tesla baby လို့ ခေါ်ဆိုရမယ့် အဆိုပါ ကလေးကို လျှပ်စစ်စွမ်းအင်သုံး စမတ် မော်တော်ကားရဲ့ ခေါင်းခန်းထဲမှာ အလိုအလျှောက် မောင်းနှင်စနစ်ကို ဖွင့်ထားရင် မွေးဖွားနိုင်ခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ အသက် ၃၄ နှစ်အရွယ် အမျိုးသား Keating Sherry နှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီး Yiran Sherry တို့ဟာ ၎င်းတို့၏ ၃ နှစ်အရွယ် သားငယ် Rafa ကို မူကြိုသို့ ပို့ဆောင်ရင်း လမ်းမှာ ဖြစ်ပျက်ခဲ့တာပါ။

Image: Courtesy of Yiran Sherry via Facebook

မိသားစုဟာ ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေရချိန်မှာပဲ Yiran Sherry ရဲ့ ရေမွှာဟာ စတင်ပေါက်ကာ ကားတွေ ရွေ့ရုံသာ ရွေ့နိုင်လောက်တဲ့ အနေအထားမှာ ဗိုက်ဟာ အဆက်မပြတ်နာလာတာကြောင့် ဆေးရုံသို့ အမှီမရောက်နိုင်ဘူး ဆိုတာကို ၂ ယောက်လုံးက သဘောပေါက်ခဲ့ ကြပါတယ်။

ဒါ့ကြောင့် အမျိုးသား ဖြစ်တဲ့ Keating Sherry ဟာ ကား၏ အလိုအလျှောက် မောင်းနှင်သည့်စနစ်ကို မိနစ် ၂၀ လောက် အကွာအဝေးမှာရှိတဲ့ Paoli အနောက်ဘက်ရှိ ဆေးရုံသို့ မောင်းနှင်စေရန် လုပ်ဆောင်ခဲ့ပါတယ်။

ထို့နောက် ကားစတီယာရင်မှာ လက်တဖက်ကိုသာ ညင်သာစွာ တင်ထားပြီး ၎င်း၏ ဇနီးဖြစ်သူထံ ချဉ်းကပ် ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဆေးရုံရောက်တဲ့အထိ ကလေးမွေးဖို့ စောင့်ရမလား ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တုန်လှုပ်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အမျိုး သမီးဖြစ်သူ Yiran Sherry က ပြန်လည် ပြောပါတယ်။

Image: Courtesy of Keating Sherry

ဆေးရုံသို့ရောက်ရှိ သွားပြီး ကားကို ရပ်တန့်လိုက်တဲ့ အချိန်မှာတော့ ကလေးဟာ မွေးဖွားနေပြီး အနေအထားကို ရောက်ရှိသွားပါတယ်။

အဲဒီ့အချိန်မှာ သူနာပြုများဟာ ကားရှိရာသို့ အလျှင်အမြန် ရောက်လာခဲ့ကြပြီး ကားရှေ့ခန်းမှ ခုံပေါ်မှာ ရှိနေတဲ့ ကလေးရဲ့ ချက်ကြိုးကို ဖြတ်တောက်ပေးကြပါတယ်။

Yiran ၏ အဆိုအရ သူမဟာ ဆေးရုံမှာ ရှိနေစဉ်အတွင်း သူနာပြုများဟာ သူမရဲ့ ကလေးဖြစ်တဲ့ “Tesla baby” လေးကို မကြာခဏ လာကြည့်ကြတယ်လို့ သိရပါတယ်။

သူတို့အနေဖြင့် အထူးအဆန်းအနေနဲ့ “ဒီကလေးက ကားထဲမှာ မွေးလာတဲ့ ကလေးလေးလား” ဆိုပြီး မေးကြပုံ ပေါ်ပါတယ်။

Keating Sherry ကတော့ “ပြောင်မြောက်လှတဲ့ အလိုအလျှောက် မော်တော်ယာဉ်မောင်းနှင်မှုစနစ်ကို တီထွင်ခဲ့တဲ့ Tesla မှ ဥာဏ်ကြီးရှင် အင်ဂျင်နီယာများကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

Photograph: Michael Reynolds/EPA

Keating Sherry နှင့် Yiran Sherry တို့ စုံတွဲဟာ ၎င်းတို့ ကလေး၏ middle name ကို “Tess” အဖြစ် ကနဦး စဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “Lily” ကိုသာ အသုံးပြုပြီး Maeve Lily လို့ အမည်ပေးခဲ့ပါတယ်။

လုပ်ငန်းခွင် မတရားမှုများနှင့် ဘေးကင်းလုံခြုံရေး စိုးရိမ်မှုများနှင့် ပတ်သက်ပြီး လူသိရှင်ကြား ဆိုးရွားနေတဲ့ Tesla ကုမ္ပဏီအတွက်တော့ ဒီ ကလေးမွေးဖွားနိုင်မှုဟာ သတင်းကောင်းတခု ဖြစ်ပါတယ်။

ယခု တပတ်အတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ တက္ကစီ ကုမ္ပဏီ တခုဟာ Tesla Model 3 ကားများ ဆိုးရွားစွာ ပျက်စီးပြီး နောက်မှာ အသုံးမပြုတော့ဘဲ ရပ်ဆိုင်းခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *