သောမတ် ဘာဘင်တန် မကောလေး(သို့)မှတ်ဉာဏ်ကောင်းလွန်းသူ

History Knowledge

လူတစ်ဦး တစ်ယောက်သည် မှတ်ဉာဏ် အလွန်ကောင်းပါသည်ဟု ဆိုစေကာမူ ထိုသူသည် မကောလေးအား မီနိုင်မည်ဟု မထင်ပါ။ မကောလေးအား ထူးထူးချွန်ချွန် မှတ်ဉာဏ်ကောင်းတဲ့သူ ဖြစ်သောကြောင့် ကမ္ဘာကျော်ခဲ့တာပါ။

သူသည် စာအုပ်တစ်အုပ်ကို တစ်ခေါက်တည်း ဖတ်ရရုံနှင့် ထိုစာအုပ်အတိုင်း တစ်သွေမတိမ်း အလွတ် ပြန်ဆိုပြောပြနိုင်သည်ဟု ဆိုပါတယ်။

ဤမျှ မှတ်ဉာဏ်ကောင်းလှပါတယ်။ ထိုပုဂ္ဂိုလ်ကြီးကား အင်္ဂလိပ်စာပေ သမိုင်းနှင့် အင်္ဂလန် နိုင်ငံသမိုင်းတွင် စာရေးဆရာကြီး အဖြစ်ဖြင့် လည်းကောင်း၊ နိုင်ငံပြု သုခမိန်အဖြစ်ဖြင့် လည်းကောင်း ထင်ရှားကျော်စောခဲ့သော သောမတ် ဘာဘင်တန် မကောလေး ပဲဖြစ်ပါတယ်။

မကောလေးသည် ၁၈ဝဝ ပြည့်နှစ်တွင် ဖွားမြင်၍ ဖခင်မှာ ဇက်ခါရီမကောလေးဆိုသူ စကော့လူမျိုးဖြစ်ပါတယ်။

မကောလေး၏ ဖခင်သည် မကောလေးအား ငယ်ရွယ်စဉ်ကပင် အထူးဂရုစိုက်၍ ပညာသင်ကြားပေးခဲ့သဖြင့် မကောလေးသည် ၃ နှစ်သားအရွယ်ကပင် စာဖတ်ဝါသနာ ထုံခဲ့လျက်

လက်တစ်ဖက်မှ ပေါင်မုန့်ထောပတ် သုတ် တစ်ချက်ကိုကိုင်ရင်း စာဖတ်လေ့ရှိသော မကောလေး ကလေးအား ဧည့်သည်များက တွေ့မြင်ရသည့်အခါ ထိုကလေး၏ စာဖတ်ဝါသနာကြီးပုံကို အံ့ဩချီးမွမ်းကြတယ်လို့ဆိုပါတယ်။

စကားပြောရာတွင်လည်း ကလေးနှင့် မမျှအောင် ခမ်းနားသော စာပေစကားတို့ကို ပြောလေ့ရှိသဖြင့် မိခင် ဖခင်တို့သည် သားငယ်ကလေးအား အထူးပင် ချစ်ခင်ကြပါတယ်။

မကောလေးသည် အတန်ကြီးပြင်း လာသောအခါ ကိန်းဘရစ်တက္ကသိုလ်တွင် ပညာများ ဆည်းပူးခဲ့ရာ၌ သင်္ချာဘာသာမှတစ်ပါး ကျန်ဘာသာရပ် အားလုံးတွင် ထူးချွန်ခဲ့သူပါ။ သင်္ချာဘာသာကိုကား သူသည် ကလေး အရွယ်ကပင် ဝါသနာမပါခဲ့ပါဘူး။

တက္ကသိုလ်သို့မရောက်မီ မူလတန်းကျောင်း၌ နေရစဉ်ကပင် ကျောင်းတက်နေရသဖြင့် စာဖတ်ချင်တိုင်း မဖတ်ရသည့်အပြင် သူစိတ်မဝင်စားသော အတွက်အချက် ပုစ္ဆာများကို ဖြေနေရသဖြင့် ကျောင်းသွားရန်ကိုပင် ပျင်းရိခဲ့သူပါ။

သို့သော်လည်း ကျောင်းမှန်မှန် တက်ခဲ့သဖြင့် ကျောင်းတွင်သာမက တက္ကသိုလ်သို့ရောက်ခဲ့သည့်တိုင် ထူးချွန်ခဲ့၍ ဆုအမျိုးမျိုး ရခဲ့ပါတယ်။မကောလေးသည် ဂရိဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဒပ်ချဘာသာတို့ဖြင့် ရေးသားထားသော စာအုပ်များကိုလည်း ဖတ်ရှုနိုင်ပါတယ်။

မကောလေးသည် ဖခင်ကြီး၏ ဆန္ဒအတိုင်း ဥပဒေပညာရပ်များကို ဆည်းပူးလေ့လာခဲ့သဖြင့် ဥပဒေဘွဲ့ထူးကို ရရှိခဲ့သော်လည်း သူ၏အာရုံမှာ စာပေဖက်သို့သာ ညွတ်လျက်ရှိပါတယ်။

၁၈၂၅ ခုနှစ်တွင် မကောလေးသည် အက်ဒင်ဗာရာရီဗျူး စာစောင်အတွက် ကဗျာစာဆို မီလတန်အကြောင်း ဆောင်းပါး တစ်ခုကို ရေးသားခဲ့ရာ တွင် ၂၅ နှစ်သားအရွယ် မကောလေး၏ ဂုဏ်သတင်းမှာ တစ်မဟုတ်ချင်း လူသိများပြီးလျှင် ထင်ရှားခဲ့ပါတယ်။

ထိုအချိန်မှစ၍ မကောလေးသည် အက်ဒင်ဗာရာရီဗျူး စာစောင်ကြီး၏ ပထမတန်းစား စာရေးဆရာကြီးတစ်ဦး အဖြစ် အသိအမှတ်ပြုခြင်း ခံရပါတယ်။

မကောလေးသည် သူ၏ အသက်မွေးဝမ်းကျောင်းမှု အတွက် စာရေးခြင်းဖြင့် ရရှိသော ဝင်ငွေအပေါ်၌သာ အမီပြုခဲ့ရပါတယ်။

သူ၏ ဖခင်သည် မူလက ပစ္စည်းဥစ္စာ အတော်အတန် ချမ်းသာကြွယ်ဝသူ ဖြစ်သော်လည်း မကောလေး ငယ်စဉ်ကပင် စီးပွားပျက်ခဲ့သောကြောင့် မကောလေး ကြီးပြင်းလာသောအခါ ဖခင်နှင့် နှမများကိုပင် မကောလေးကထောက်ပံ့ခဲ့ရသူပါ။

သို့သော်လည်း မကောလေး ကဲ့သို့သော ပါရမီရှင် စာရေးဆရာ တစ်ယောက်အဖို့ဆင်းရဲခြင်းသည် တာရှည်တည်မြဲ နေလိမ့်မည် မဟုတ်ပေ။

မကောလေးသည် အခြားသော စာရေးဆရာများကဲ့သို့စာရေးခြင်း အလုပ်တစ်ခုကိုသာ မလုပ်ကိုင်ဘဲ နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့် ပါလီမန်အမတ်၏ တာဝန်များကိုလည်း တစ်ဖက်တစ်လမ်းမှ ထမ်းဆောင် ခဲ့ပါတယ်။

သူ့ခေတ်သူ့အခါက မကောလေးသည် ပထမတန်းစား ပြည်သူ့ကိုယ်စားလှယ် အမတ်တစ်ဦးပင် ဖြစ်ပြီး ပါလီမန်ထဲ၌ အချက်အလက်ကို ပိုင်ပိုင်နိုင်နိုင်နှင့် ပြတ်သားရှင်းလင်းစွာ စကားပြောဆိုရာတွင် မကောလေးကို မီသူမရှိဘူလို့ဆိုပါတယ်။

မကောလေးသည် ဝှစ်ဂ်ပါတီ၏ ဝါဒနှင့် သဘောထားကို ထောက်ခံသူလည်း ဖြစ်ပါတယ်။ သို့ရာတွင် သူ့ကို ပါတီနိုင်ငံရေးသမားဟူ၍ကား မခေါ်နိုင်ချေ။

သူ၏စိတ်၌ မှန်ကန်ဖြောင့်မတ်သည်ဟု မထင်လျှင် သူသည် မည်သည့်ကိစ္စကိုမျှ လိုက်‌လျောသည်မဟုတ်ပါ။ ပါလီမန် အမတ်ရာထူးကိုပင် စွန့်လွှတ်လိုက်ရန် ဝန်လေးမည် မဟုတ်သော လူဖြောင့်ကြီး တစ်ဦးပေပါ။

မကောလေး၏ နိုင်ငံပြု သုခမိန် တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သော ကိစ္စများတွင် အရေးပါ အရာရောက်ဆုံးသော ကိစ္စတစ်ခုကား အိန္ဒိယနိုင်ငံသို့ဥပဒေ အတိုင်ပင်ခံ အရာရှိအဖြစ် သွားရောက်ပြီးလျှင် ဗြိတိသျှ အုပ်ချုပ်ရေးစနစ်ကြီး တစ်ခုလုံးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။

သူ၏ လုပ်ငန်းတွင် သူသည် ပညာဉာဏ် အမြော်အမြင် ပြည့်စုံစွာဖြင့် တော်ဖြောင့်မှန်ကန်သော လမ်းစဉ်များအတိုင်း ပြုလုပ်ဆောင် ရွက်ခဲ့သည့် အတွက်လည်း နှောင်းကာ လတိုင်အောင် သူ၏ ဂုဏ်ကျေးဇူးများကို အိန္ဒိယနိုင်ငံက အစဉ်အောက်မေ့ လျက် ရှိကြပါတယ်။

မကောလေးသည် မိမိ၏ တာဝန်အလျောက် နိုင်ငံရေးလုပ်ငန်းများကို ထမ်းဆောင်လျက် နေရသော်လည်း သူအပျော်မွေ့ဆုံး အလုပ် သည်ကား စာရေးခြင်း အလုပ်သာဖြစ်၏။ ထိုစာရေးခြင်း အလုပ်ကပင် သူ၏ ကြီးပွားတိုးတက်ရေးကို ဖန်တီးခဲ့တာပါ။

ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာသောအခါ သူသည် နိုင်ငံရေးမှ ထွက်ပြီးလျှင် စာရေးခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မကောလေးသည် ကဗျာများကိုလည်း အများ အပြား ရေးသားခဲ့ပြီး အထင်ရှားဆုံး ကဗျာသည်ကား ၁၈၄၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော ရှေးခေတ် ရောမ နိုင်ငံ၏ တေးသံ မည်ရှိ ကဗျာပင် ဖြစ်ပါတယ်။

မကောလေးသည် ၁၈၄၁ ခုနှစ်တွင် သူ၏ ကမ္ဘာကျော် အင်္ဂလန်နိုင်ငံ သမိုင်း စာအုပ်ကြီးကို စတင် ရေးသားခဲ့ပါတယ်။ ၁၈၄၉ ခုနှစ်တွင် ပထမတွဲနှင့် ဒုတိယတွဲကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး ကျန်အတွဲများကိုလည်း တစ်တွဲပြီးတစ်တွဲ ထုတ်ဝေခဲ့လေသည်။

သို့ရာတွင် လုပ်ငန်းမှာ ကြီးမားလွန်းရကား မကေားလေး အနိစ္စရောက် သည့်တိုင်အောင် အပြီးမသတ်နိုင်ခဲ့ပါဘူး။ ထိုနိုင်ငံသမိုင်း စာအုပ်ကြီးမှာ ပေါ်ပေါက်ခဲ့သမျှသော နိုင်ငံသမိုင်း စာအုပ်များတွင် အထင်ရှားဆုံးသော စာအုပ်ဖြစ်ပါတယ်။

၁၈၅၇ ခုနှစ်တွင် မကောလေးသည် ဗဲရွန်ဘွဲ့ကို ရရှိခဲ့ပါတယ်။ ထိုသို့ချီးမြှင့်ခြင်း ခံရပြီးနောက် ၂ နှစ် အကြာ ၁၈၅၉ ခုနှစ်တွင် ကွယ်လွန် အနိစ္စရောက်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *