အမေရိကန် ကြည်းတပ်ဟာ လာမယ့် ၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒရုန်းငယ်များ အန္တရာယ်ကို တားဆီးနိုင်မယ့် စွမ်းအင်မြင့် မိုက်ခရိုဝေ့ဖ် လက်နက်ကို ထုတ်လုပ်တပ်ဆင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဘဏ္ဍာရေး တောင်းဆိုချက်နှင့်အတူ ထုတ်ပြန်ခဲ့တဲ့ ဘတ်ဂျက်မျှဝေမှု စာရွက်စာတမ်းများအရ သိရှိရပါတယ်။
ဒီစီမံကိန်းအရ ဒရုန်းငယ်များကို တန်ပြန်ဖို့ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့် ၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၅၀ ကျော် သုံးစွဲရန်နှင့် ဒရုန်းအန္တရာယ်ကို အဖြေရှာဖို့ရာ ကာကွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် စီစဉ် နေကြောင်း သိရပါတယ်။
ကာကွယ်ရေးဌာနဟာ ကြည်းတပ်က ဦးဆောင်တဲ့ အသေးစား မောင်းသူမဲ့လေယာဉ် တန်ပြန်ရေးရုံး Joint Counter-Small Unmanned Aircraft Office (JCO) ကို ဒရုန်းငယ်များ အန္တရာယ်ကို တန်ပြန်ဖို့ စနစ်တခု ထုတ်လုပ်နိုင်ဖို့နှင့် ကြားကာလသုံး စနစ်တည်ဆောက်နိုင်ရန် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ကြည်းတပ်ဟာ တစင်းစီ ဖြစ်စေ အစုလိုက်ဖြစ်စေ ရောက်ရှိလာနိုင်သည့် မောင်းသူမဲ့လေယာဉ်ငယ်များ အန္တရာယ်ကို ကာကွယ်ရန် စွမ်းအင်မြင့်သုံး မိုက်ခရိုဝေ့ဖ် (High-power microwaves) ပါဝင်တဲ့ နည်းပညာသစ်များ တီထွင် ဖန်တီး စမ်းသပ်ရန် ဖို့ရာ ဒေါ်လာ ၁၈.၇၃ သန်းအထိ အသုံးပြုဖို့ လျာထားပါတယ်။
လက်ရှိ ဒရုန်းများကို တန်ပြန်ဖို့ရာ low-collateral effects interceptors LCEI လို့ခေါ်တဲ့ အစအနများ လွင့်ထွက်ကာ ပတ်ဝန်းကျင်အား သက်ရောက်မှုများ မရှိနိုင်သည့် ကြားဖျက် လက်နက်များကို တီထွင်နေဆဲ ဖြစ်ကာ ၎င်းတို့ထဲမှ တချို့ အရာများကို ဒီ စနစ်သစ်မှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒီလို မိုက်ခရိုဝေ့ဖ် လက်နက်များကို ထွက်ပေါ်လာသည့် စာရွက်စာတမ်းများအရ ဘဏ္ဍာနှစ် ၂၀၂၂ မှ ၂၀၂၃ ဒုတိယ ၃ လပတ် အတွင်း ထုတ်လုပ်ဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ရှေ့ပြေးပုံစံကို ၂၀၂၂ တွင် တွေ့မြင်နိုင်ဖွယ်ရှိပြီး ၂၀၂၃ ပထမ ၃ လ ပတ်တွင် စမ်းသပ်ဖွယ်ရှိတာ ၂၀၂၃ တတိယ ၃ လပတ်မှာတော့ ဒီရှေ့ပြေးပုံစံကို အပြီးသတ် လက်ခံရရှိဖွယ် ရှိနေပါတယ်။
ကြည်းတပ်ဟာ တိုက်ရိုက်မဟုတ်တဲ့ ပစ်ခတ်မှု ကာကွယ်ရေးစနစ်မှ တခုအပါအဝင်ဖြစ်တဲ့ ဒီ မိုက်ခရိုဝေ့ဖ် စနစ်ကို ဒရုန်းတွေ၊ ခရုဇ် ဒုံးကျည်တွေ၊ ရော့ကတ်တွေ၊ အမြောက်ဆံနှင့် မော်တာကျည်တွေကိုပါ ကာကွယ်နိုင်အောင် တပ်ဆင်ဖို့ ဆန္ဒရှိနေပါတယ်။
ဒီ စနစ်ကို ကြည်းတပ် နှင့် လေတပ်ဟာ သုတေသန လုပ်ငန်း နှင့် ထုတ်လုပ်ရေး လုပ်ငန်းများမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နေပြီး ရှေ့ပြေးပုံစံ တည်ဆောက်နိုင်ဖို့ ကြည်းတပ်ဖက်က ဘတ်ဂျက် ထုတ်ပေးနေတာ ဖြစ်ပါတယ်။
THOR (Tatical High Power Operational Responder) လို့ ခေါ်တဲ့ ဒီ မိုက်ခရိုဝေ့ဖ် စနစ်ကို နယူးမက္ကစီကို ပြည်နယ် ကာ့လန် လေတပ်အခြေစိုက်စခန်းမှာ ဒီနှစ် ဖေဖော်ဝါရီလက သရုပ်ပြပြီး ဖြစ်ကာ ၂၀၂၄ လောက်မှာ မြေပြင်မှာ စမ်းသပ်ဖို့ ရှိနေပါတယ်။
low-collateral effects interceptor ကိုတော့ ယခုနှစ် စတုတ္ထ ၃ လပတ်မှာ စမ်းသပ်ပေါင်းစပ်မှုတွေ ပြုလုပ်မှာ ဖြစ်ကာ ၂၀၂၂ တတိယ ၃ လပတ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ဘတ်ဂျက် စာရွက်စာတမ်းများအရ ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်မှာ အစောဆုံး ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။
ယခုနှစ် အရီဇိုးနားပြည်နယ်မှာ ဘိုးအင်းပိုင် Aurora Flight Sciences၊ Elta North America နှင့် Xtend တို့ ကုမ္ပဏီ ၃ ခုဟာ low-collateral effects interceptor တွေကို သရုပ်ပြခဲ့ပါသေးတယ်။ ဒီလိုသရုပ်ပြမှုဟာ တစ်နှစ်ကို ၂ ကြိမ်ပြုလုပ်သည့်ထဲမှ ပထမအကြိမ် ပြသခဲ့တာ ဖြစ်ပါတယ်။
ပင်တဂွန်ဟာ နောက်ထပ်ပြုလုပ်မယ့် သရုပ်ပြပွဲကို လာမယ့် စက်တင်ဘာလလော်ကမှာ ပြုလုပ်ဖွယ်ရှိပါတယ်။
Knowledgeworms Copyright © 2021