TikTok ဟာ အမေရိကန်၏ Apple ပိုင် App Store နှင့် Google ပိုင် Play Store တို့မှ ဖယ်ရှားခံရနိုင်ဖွယ် ရှိနေပါတယ်။
အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင်မှ အကြီးအကဲ Brendan Carr မှ Apple နှင့် Google ကို မကြာသေးမီက တရုတ် App တခုဖြစ်တဲ့ TikTok ကို ၎င်းတို့၏ Application Store များမှ ဖယ်ရှားဖို့ တောင်းဆိုခဲ့တာပါ။
ဒီလို လုပ်ဆောင်ရတာဟာ TikTok ၏ လျှို့ဝှက်ထားတဲ့ အချက်အလက်ဆိုင်ရာ ကျင့်ထုံး ကိစ္စကြောင့် ဖြစ်တယ် လို့လည်း သိရပါတယ်။
Apple နှင့် Google သို့ ပေးပို့ခဲ့သည့် Carr ၏ စာထဲတွင် ဘေဂျင်းမှ TikTok မှတဆင့် အရေးကြီးသည့် အချက်အလက် အများအပြားကို ရရှိနေသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။
စာထဲတွင် “သင်တို့ သိတဲ့အတိုင်း TikTok ဟာ သင်တို့ရဲ့ App Store များမှ တဆင့် အမေရိကန် သန်းပေါင်းများစွာအတွက် ရနိုင်တဲ့ App တခုဖြစ်ပြီး အဲဒါဟာ အမေရိကန်သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ စုဆောင်းနေတယ်” လို့ Tim Cook နှင့် Sundar Pichai အား အကြောင်းကြားခဲ့ပါတယ်။

လူမှုကွန်ယက်များတွင် နာမည်ကြီးလာသည့် TikTok ဟာ ဘေဂျင်း အခြေစိုက် နည်းပညာကုမ္ပဏီ တခုဖြစ်တဲ့ ByteDance က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
လွန်ခဲ့သည့် တပတ်က BuzzFeed သတင်းမှာလည်း ByteDance ၏ တရုတ်နိုင်ငံတွင်း အခြေစိုက်သည့် ဝန်ထမ်းများဟာ အမေရိကန် TikTok သုံးစွဲသူများ၏ အချက်အလက်များကို အကြိမ်ကြိမ် ရယူခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဒီအစီရင်ခံစာဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအကြား အမေရိကန် အချက်အလက်များကို တ ရုတ်နိုင်ငံရှိ အင်ဂျင်နီယာများမှ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ ၎င်းတို့၏ အစည်းအဝေးများမှ အသံဖိုင် ၈၀ ကျော်ကို ကိုးကားပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။
ယခုအချိန်ထိတော့ Apple နှင့် Google ဟာ Carr ၏ အကြောင်းကြားစာကို တုန့်ပြန်တဲ့ သတင်းတွေ ထွက်လာခြင်း မရှိသေးပါဘူး။
TikTok ၏ သုံးစွဲသူများနှင့် ပတ်သက်တဲ့ အချက်အလက်များကို ကိုင်တွယ်မှုဟာ အကြိမ်ပေါင်းများစွာ သံသယ ဖြစ်စရာတွေလည်း ရှိခဲ့ပါတယ်။

နောက်ဆုံး အငြင်းပွားမှုကို တုန့်ပြန်သည့် အနေဖြင့် ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူက အမေရိကန် သုံးစွဲသူများ၏ အချက်အ လက် လုံခြုံရေးနှင့် ပတ်သက်ပြီး သံသယများကို ဖယ်ရှားဖို့ ရည်ရွယ်ထားတာတွေ ရှိကြောင်း ပြောခဲ့ပါတယ်။
“ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကျွမ်းကျင်သူတွေကို ငှားရမ်းပြီး လုံခြုံရေး စံနှုန်းတွေ တရားဝင်အောင် အဆက်မပြတ်လုပ် ဆောင်နေကာ ကျွန်တော်တို့ရဲ့ လုံခြုံမှုကို စမ်းသပ်ဖို့ ဂုဏ်သိက္ခာရှိတဲ့ တတိယ အဖွဲ့အစည်းတွေ ခေါ်ယူနေပါတယ်” လို့ ပြောခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ ၎င်း၏ နိုင်ငံ လုံခြုံရေး စိုးရိမ်မှုများကြောင့် နိုင်ငံတဝှမ်းတွင် TikTok အသုံးပြုခြင်းကို ပိတ်ပင်ခဲ့ပါတယ်။
အိန္ဒိယဟာ အမျိုးသားလုံခြုံရေး စိုးရိမ်မှုကို ကိုးကားပြီး အဆိုပါ ဗီဒီယို အတိုများတင်သည့် App အပြင် အခြား တရုတ်ပိုင် App များစွာကို ပိတ်ပင်ခဲ့တာပါ။

အမေရိကန် သမ္မတဟောင်း ဖြစ်သည့် ထရမ့်နှင့် လက်ရှိ သမ္မတ ဘိုင်ဒင်တို့ကလည်း ထို App ၏ အမေရိကန် အသုံးပြု သူ များ၏ အချက်အလက်များအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုတွေ ရှိမလဲဆိုတာ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
မကြာသေးခင်က TikTok ဟာ အမေရိကန် သုံးစွဲသူများ၏ အချက်အလက်များကို အမေရိကန် နိုင်ငံအတွင်းရှိ Oracle servers များဆီသို့ ရွှေ့ပြောင်းထားတယ်လို့တော့ ကြေညာထားပါတယ်။
ဒါပေမယ့် ယခုလို ဖြစ်ရပ်ကြောင့် TikTok ဟာ အမေရိကန် နိုင်ငံအတွင်းမှာ ဆက်လက် ရှိနေမလား မရှိဘူးလား ဆိုတာ မသေချာပါဘူး။
ထို့အပြင် ကမ္ဘာတဝှမ်းရှိ အသုံးပြုနေသည့် Apple နှင့် Android OS များ အသုံးပြုနေသည့် ဖုန်းများ၏ application store များမှာလည်း အကန့်အသတ်တွေ ရှိလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။