Google ကို ကျော်တက်လာတဲ့ TikTok အကြောင်း

News Tech

ကျွန်တော်တို့ဟာ အချက်အလက်တွေ ရှာချင်တာဖြစ်ဖြစ်၊ နည်းလမ်းတွေ ရှာချင်တာဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ် ဘာတွေပဲ ရှာချင်တာပဲ ဖြစ် စေ လက်ရှိ ကမ္ဘာပေါ်မှာ အမြန်ဆုံး နှင့် အစုံလင်စွာ ပြပေးနိုင်တဲ့ Google search engine ကို အသုံးပြုကြတာ များပါတယ်။

၂၀၂၁ ကုန်ခါနီးမှာတော့ Google ဟာ ကျွန်တော်တို့အတွက် “Year in Search” လို့ခေါ်တဲ့ စိတ်ဝင်စားစရာ feature တခုကို ဆောင်ယူလာခဲ့ပါတယ်။

အဲဒီ့ feature မှာတော့ ကျွန်တော်တို့ဟာ တနှစ်အတွင်း ခေတ်စား ရေပန်းစားနေတဲ့ အားကစား၊ ဇာတ်ကား၊ သီချင်း၊ ဂိမ်း၊ လူများ၊ ရှိုးပွဲများ အပါအဝင် အလားတူ အကြောင်းအရာ အများအပြားကို အမျိုးအစားအလိုက် ခွဲပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ကံကောင်းတဲ့ အချက်ကတော့ Google ဟာ ရေပန်းအစားဆုံး website များစာရင်းကို မထည့်သွင်းထားခဲ့တာပါ။

အကြောင်းကတော့ ဒီနှစ်မှာ Google ဟာ ပုံမှန် ဝင်ရောက်သူဦးရေ အများဆုံး website နေရာကနေ ဆင်းပေးလိုက်ရပြီး ဒုတိယနေရာကို ရောက်သွားလို့ပဲ ဖြစ်ပါတယ်။

Cloudflare ကုမ္ပဏီ၏ အချက်အလက်များအရ TikTok ဟာ Google ကို ကျော်တက်ပြီး ၂၀၂၁ ၏ ကမ္ဘာ့ ရေပန်းအစားဆုံး website နေ ရာကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

Google ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြေပုံ တွေ၊ ဘာသာပြန်မှု တွေ၊ လေယာဉ်လက်မှတ် မှာယူမှုတွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေနှင့် ၎င်း၏ အခြား ဝန်ဆောင်မှုများလည်း ပါဝင်တာဖြစ်ပြီး အဲဒါတွေ အားလုံးပေါင်းကို ‌TikTok က ကျော်တက်သွားတာ ဖြစ်ပါတယ်။

TikTok ဟာ အသုံးပြုသူများအား ၃ မိနစ်လောက်အထိ ဗီဒီယိုများ တင်ခွင့်ပြုထားသည့် တရုတ် ကုမ္ပဏီပိုင် လူမှုကွန်ယက် မီဒီယာ ပလက် ဖောင်းတခု ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ ByteDance က ပိုင်ဆိုင်တဲ့ ဒီ လူမှုကွန်ယက်ဟာ ၂၀၁၆ ခုနှစ်က တရုတ်ဈေးကွက်အတွက် ဖန်တီးခဲ့တဲ့ Douyin ၏ နိုင်ငံတကာ ဗားရှင်း app တခု ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ TikTok ဟာ အခြား တရုတ် လူမှုကွန်ယက် ပလက်ဖောင်းတခုဖြစ်တဲ့ Music .ly နှင့် ပေါင်းစည်းခဲ့ပါတယ်။

အသုံးပြုသူများဟာ နောက်ပြောင်မှု များမှသည့် စတန့် ပြုလုပ်ခြင်းများ၊ ဟာသများ၊ လှည့်ကွက်များ၊ သီချင်း နောက်ခံဖြင့် အဆို သရုပ် ဆောင် ခြင်းများ နှင့် အကများကိုပင် ဖန်တီးလေ့ရှိတာကို တော်တော်များများ သိရှိကြပြီး ဖြစ်ပါတယ်။

အစောပိုင်း ကာလအတွင်းမှာ လူငယ်များကိုသာ စွဲဆောင်နိုင်ခဲ့ပေမယ့် အထူးသဖြင့် ကပ်ရောဂါကာလ နောက်ပိုင်းမှာ အသက်အရွယ်မျိုးစုံကို စွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Cloudflare အဆိုအရ TikTok ဟာ ယခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး မတ်လ နှင့် ဇွန်လ အတွင်းမှာတော့ အတက်အကျ ရှိခဲ့ပါတယ်။

သို့ပေမယ့် ဩဂုတ်လ နှောင်းပိုင်းမှစတင်ကာ ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ထိုအချိန်မှစကာ ထိပ်ဆုံးမှာ ဆက်တိုက် ရှိနေခဲ့ပါတယ်။

Cloudflare ၏ စာရင်းဟာ အချက်အလက် အကြမ်းဖျင်းကိုသာ အခြေခံထားပြီး အသေးစိတ် ခွဲခြမ်း စိတ်ဖြာမှုများ မပါဝင်ကြောင်း Gizmodo ၏ အစီရင်ခံစာအရ သိရှိရပါတယ်။

W3 lab ၏ အဆိုအရ TikTok ပေါ်မှ ထိပ်တန်း နာမည်ကျော် ဖန်တီးသူများဟာ အမှတ်တံဆိပ်တခုကို ကြော်ငြာရန်အတွက် ဒေါ်လာ ၁ သိန်းခွဲလောက်အထိ ဝင်ငွေရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Twitter နှင့် Facebook ကဲ့သို့ အခြားသော လူမှု ကွန်ယက် ပလက်ဖောင်းများတွင်လည်း ၎င်းတို့၏ website များတွင် ထိုကဲ့သို့ အကြောင်း အရာ ပုံစံများကို ဖန်တီးနိုင်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က လူမှုကွန်ယက်တခုဖြစ်တဲ့ Reddit ဟာ TikTok အား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက “အခြေခံအားဖြင့် ကပ်ပါးကောင်သာ ဖြစ်တယ်” လို့ ဆိုခဲ့ပေမယ့် ဩဂုတ်လမှာတော့ TikTok နှင့် ပုံစံတူသည့် ဝန်ဆောင်မှုတခုကို စတင်ခဲ့ပါတယ်။

Gizmodo ၏ ထောက်ပြချက်အရ TikTok ဟာ ထိပ်တန်း Website ၁၀ ခုထဲမှာ တခုထဲသော အမေရိကန် မဟုတ်သည့် website ဖြစ်ပြီး ဒါဟာ ခေတ်ကာလတွေ မည်သို့ ပြောင်းလဲသွားနိုင်တယ်ဆိုတာ ပြသနေတဲ့ အဓိက လက္ခဏာတခု ဖြစ်ပါတယ်။

မှတ်ချက်- ယခု အကြောင်းအရာသည် Gizmodo မှ သတင်းကို ဖော်ပြခဲ့တာဖြစ်ပြီး ကျွန်တော်တို့ Knowledgewroms ဟာ TikTok ပေါ်မှာ တင်ဆက် နေခြင်း မရှိပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *