ကော်ဖီ၏ အကျိုးကျေးဇူးများကို အပြည့်အဝ ရနိုင်သည့် သောက်သုံးချိန်များ အကြောင်း

Health Knowledge

သင့်အနေဖြင့် ကော်ဖီကို အရမ်း ကြိုက်နှစ်သက်ပြီး နေ့စဉ် စိတ်ပျော်ရွှင်မှုအတွက်ပါ အားကိုးနေတယ်ဆိုရင် သင်တဦး ထဲတော့ မဟုတ်ပါဘူး။

၂၀၂၀ ခုနှစ်က စစ်တမ်းများအရ တကမ္ဘာလုံး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းလောက်ဟာ နေ့စဉ်ကော်ဖီ သောက်သုံးကြတယ်လို့ သိရပါတယ်။

ဒီအရေအတွက် တကမ္ဘာလုံး အတိုင်းအတာ ဖြစ်တဲ့ အတွက် အတော်လေး များပါတယ်။

လူ ၁၀ ဦးမှာ ၃ ဦး သို့မဟုတ် ၄ ဦးလောက်က ကော်ဖီနေ့စဉ် သောက်သုံးတယ်လို့ ပြောလို့ရပါတယ်။

၂၀၁၈ ခုနှစ်က စစ်တမ်းတခု အရတော့ အမေရိကန်နိုင်ငံရှိ ၆၄ ရာခိုင်နှုန်းသော သူများဟာ စစ်တမ်း မကောက်ခင် ရက်က ကော်ဖီ သောက်ခဲ့ကြကြောင်း ဖြေကြားခဲ့ကြပါတယ်။

ဒါဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ကော်ဖီသောက်သုံးသည့်နှုန်းတွင် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

ဒီလို သောက်သုံးသည့် ဦးရေ များပြားပေမယ့်လည်း ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီကို အကျိုးရှိရှိ အသုံးချနိုင်ဖို့တော့ လိုပါတယ်။

Inc. တွင် ဖော်ပြခဲ့သည့် သိပ္ပံလေ့လာမှု ၁၂၇ ခုကို ခွဲခြမ်းစိတ်ဖြာချက် အရ ကော်ဖီသောက်သုံးခြင်းဟာ ပျမ်းမျှ သက်တမ်း ပိုရှည်စေခြင်း၊ နှလုံးရောဂါ၊ ဆီးချို နှင့် ပါကင်ဆန် ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သိရှိရပါတယ်။

ဒါဟာ အလွန်ကောင်းတဲ့ တွေ့ရှိမှုတွေ ဖြစ်ပေမယ့် ဒီလို အကျိုးကျေးဇူးတွေ အပြည့်အဝ ရရှိဖို့ ဆိုတာ သောက်တဲ့အချိန်အပေါ် မူတည်ပါသေးတယ်။

သောက်သုံးတဲ့ အချိန်အပေါ် မူတည်ပြီး ကော်ဖီရဲ့ အကျိုးကျေးဇူးတွေဟာ လျော့နည်းသွားနိုင်လို့ပါ။

သုတေသီများ အဆိုအရ ကော်ဖီကို စတီရွိုက်ဟော်မုန်း cortisol ပမာဏ နည်းနေသည့် အချိန်တွင် သောက်သုံးတာ အ ကောင်းဆုံးလို့ သိရပါတယ်။

အကြောင်းကတော့ ကဖင်းဓာတ်နှင့် ကော်တီဆော နှစ်မျိုးလုံးဟာ ခန္ဓာကိုယ်ကို စိတ်ဖိစီးမှု ဖြစ်စေသောကြောင့်ပါ။

ဒါဟာ ရေရှည်မှာ လူကိုလည်း ပိုမို ပင်ပန်းလာစေနိုင်ပါတယ်။

Cortisol ခေါ် စိတ်ဖိစီးမှု ဖြစ်စေသည့် ဟိုမုန်းဟာ ကျွန်တော်တို့ နေ့စဉ် အိပ်စက် နိုးထသည့် စက်ဝန်းအတိုင်း စည်းချက်ကျကျ ထုတ်ပေးပါတယ်။

ဒီလို ထုတ်ပေးသည့် အချိန်ဟာ တယောက်နှင့် တယောက် မတူပေမယ့် မနက်ခင်း ၆ နာရီခွဲတွင် နိုးထလေ့ ရှိသူတွေအဖို့ မနက် ၈ နာရီမှ ၉ နာရီအထိ၊ မွန်းတည့်မှ မွန်းလွဲ ၁ နာရီနှင့် ညနေ ၅ ခွဲမှ ၆ ခွဲ ကြားတွင် အမြင့်ဆုံး ဖြစ်နေတတ်ပါတယ်။

မနက် ၁၀ နာရီလောက်မှ အိပ်ယာထတဲ့ သူတွေအတွက်တော့ နိုးပြီး ၃ နာရီလောက် အကြာမှာ ကော်တီဆောဟာ အမြင့်ဆုံး ဖြစ်တတ်ပါတယ်။

သို့မဟုတ် အရမ်းကို အစောကြီး အိပ်ယာထတဲ့ သူတွေ အတွက် ဒီ အချိန်ဇယားအတိုင်း ၃ နာရီဖြင့် တွက်ဆနိုင်ပါတယ်။

အိပ်ယာ နိုးထပြီး ခန္ဓာကိုယ်က လှုပ်ရှားလာပြီ ဆိုတာနှင့် ကော်တီဆော ပမာဏဟာ စတင် များပြားလာပါတယ်။

ဒါ့ကြောင့် အိပ်ယာ နိုးနိုးချင်းဟာ ကော်ဖီသောက်ဖို့ သင့်တော်တဲ့ အချိန် မဟုတ်ပါဘူး။

မွန်းလွဲချိန် သောက်သင့်လားဆိုတော့ မွန်းလွဲချိန်လဲ အဆင်မပြေပါဘူး။ အကြောင်းကတော့ ညဘက်မှာ အိပ်ပျော်ဖို့ ပိုမို ခက် ခဲတတ်လို့ ဖြစ်ပါတယ်။

ဒါဆို ဘယ်အချိန် အဆင်အပြေဆုံးလဲလို့ မေးရင် ကော်တီဆော အမြင့်ဆုံးအထိ တက်ပြီး ပြန်ကျလာတဲ့ အချိန်ဟာ သောက်သုံးဖို့ အဆင်ပြေဆုံးပါပဲ။

ဥပမာအားဖြင့် မနက်ခင်း ၆ နာရီခွဲလောက် နိုးတတ်သူဟာ ကော်တီဆော ပမာဏ စကျလာသည့် မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲလောက်အတွင်း အသင့်တော်ဆုံး ဖြစ်ပါတယ်။

အစားအသောက်ဆိုင်ရာ အာဟာရ ပညာရှင် တယောက်ဖြစ်တဲ့ Lisa Lisiewski ကလည်း အလားတူ အချိန်မျိုးဟာ သင့် တော်ကြောင်းကို CNBC သတင်းဌာနကို ပြောကြားဖူးပါတယ်။

ကျွန်တော်တို့ဟာ ကော်ဖီကို ကြိုက်နှစ်သက်သည့် အတွက် မည်သည့် အချိန်မဆို ကော်ဖီကို သောက်ဖြစ်မှာ ဖြစ်ပေမယ့် ကော်ဖီ၏ အစွမ်းကို အမြင့်ဆုံး လိုချင်သူများအတွက်တော့ ယခုလို သုတေသီများ၏ အကြံပြုချက်က အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.