ခွေးလှေးထက် သေးသည့် ကမ္ဘာ့အသေးဆုံး လမ်းလျှောက်နိုင်သည့် စက်ရုပ်ငယ်

Innovation Tech

Illinois အနောက်မြောက်ပိုင်း တက္ကသိုလ်မှ အင်ဂျင်နီယာများဟာ သေးငယ်ပြီး ချစ်စဖွယ်ကောင်းတဲ့ peekytoe ကဏန်းပုံစံ စက်ရုပ်ငယ်တခုကို တီထွင်ခဲ့ပါတယ်။

ထိုစက်ရုပ်ဟာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်ပြီး ကမ္ဘာ့ အသေးငယ်ဆုံး လမ်းလျှောက်နိုင်သည့် စက်ရုပ် ဖြစ်လာခဲ့တာပါ။

အကျယ်အားဖြင့် တမီလီမီတာ၏ တဝက်လောက်သာ ရှိသည့် ကဏန်း စက်ရုပ်ငယ်လေးဟာ ဟိုက်ဒရောလစ် စနစ်နှင့် လျှပ်စစ်ဓာတ်အား မလိုဘဲ ကွေးနိုင်၊ လိမ်နိုင်၊ တွားသွားနိုင်၊ လမ်းလျှောက်နိုင်၊ လှည့်နိုင်ပြီး ခုန်နိုင်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့ သုတေသန အဖွဲ့က ကျောင်းသားများကို သေချာ ဖွဲ့စည်းခဲ့တာပါ။

Image: Courtesy of Northwestern University

၎င်းတို့ဟာ ကဏန်းများ၊ ပုရစ်များနှင့် ပိုးကောင်ငယ်များကဲ့သို့ တိရိစ္ဆာန်များကို တုပကာ ဒီဇိုင်းထုတ်ရန်အတွက် ဝေဖန်ပိုင်းခြားမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှု စွမ်းရည်များကို ပေါင်းစပ်နိုင်သည့် ပညာရပ်ဆိုင်ရာ အဆင့် အသီးသီးမှ ကျောင်းသားများဖြစ်ပါတယ်။

သုတေသနဟာ စူးစမ်းလေ့လာဆဲ အဆင့်သို့ ရောက်ရှိနေသေးသော်လည်း ဒီနည်းပညာကို တင်းကျပ်စွာ ကန့်သတ်ထားသည့် နေရာများတွင် လက်တွေ့လုပ်ဆောင်နိုင်သည့် အသေးစားစက်ရုပ်များ ပေါ်ထွက်လာဖို့ ပိုမို နီးစပ်လာစေမယ်လို့ သုတေသီများက ယုံကြည်ကြပါတယ်။

ခွေးလှေးများထက် သေးငယ်သည့် စက်ရုပ် ကဏန်းတွင် ရှုပ်ထွေးသည့် ဖိအားသုံး ဟိုက်ဒရောလစ် စနစ်များ သို့မဟုတ် လျှပ်စစ်ဖြင့် စွမ်းအင်ပေးထားခြင်းများ မပါဝင်ပါဘူး။

အဲဒီ့အစား စက်ရုပ်ကို ကျုံ့နိုင် ဆန့်နိုင်သည့် ခန္ဓာကိုယ် ဖြင့် တည်ဆောက်ထားပါတယ်။

ထို့နောက် အဆိုပါ ခန္ဓာကိုယ်ကို အပူပေးသည့်အခါ ပုံသဏ္ဍာန်ပြောင်းပြီးနောက် မူလပုံစံ ပြန်ဖြစ်နိုင်သည့် သတ္တုစပ်ပစ္စည်းဖြင့် ပြုလုပ်ထားပါတယ်။

Image: Courtesy of Northwestern University

သုတေသီများဟာ စက်ရုပ်ကို လှုပ်ရှားစေဖို့ လေဆာရောင်ခြည်ကို အသုံးပြုကာ လှုပ်ရှားလိုသည့် ခန္ဓာကိုယ် နေရာများကို စကင်န် ဖတ်ပြီး အပူပေးစေပါတယ်။

စက်ရုပ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပါးလွှာသည့် ဖန်သားအလွှာဟာ အေးသွားတာနှင့် ၎င်းနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံ အစိတ် အ ပိုင်း ပုံစံအတိုင်း ပြန်ဖြစ်စေပါတယ်။

ထိုနည်းဖြင့် စက်ရုပ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ ပုံစံအမျိုးမျိုးသို့ လှုပ်ရှားလာပြီး သွားလာ ခုန်ပေါက်မှုတွေကို လုပ်နိုင်လာပါတယ်။

လေဆာ စနစ်ဟာ အဝေးထိန်းစနစ်ဖြင့် စက်ရုပ်ကို အသက်သွင်းဖို့ လုပ်ဆောင်ပြီး စက်ရုပ်၏ လှုပ်ရှားသွားလာမှု လမ်း ကြောင်း များကို ဆောင်ရွက်ပေးပါတယ်။

ထိုကဲ့သို့ လေဆာဖြင့် အပူပေးရာတွင် စက်ရုပ်၏ ခန္ဓာကိုယ်နေရာမှ ချက်ချင်း ပြန်လည် အေးသွားသည့် အဓိက အကြောင်းကတော့ ထို ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ အလွန် သေးငယ်လို့ ဖြစ်ပါတယ်။

Image: Courtesy of Northwestern University

သုတေသီများ အဆိုအရ ယခု စက်ရုပ်ကို ဒီထက် အရွယ်အစား လျှော့ချပါက လှုပ်ရှားမှု ပိုမို မြန်ဆန်လာအောင်တောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူ John A. Rogers ကတော့ ဒီလို မိုက်ခရိုစကေး အရွယ်အစားရှိ စက်ရုပ်များ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စူးစမ်းလေ့လာမှုဟာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ပြောပါတယ်။

ဒီစက်ရုပ်များဟာ လူ့ ခန္ဓာကိုယ်အတွင်း ပိတ်နေသော သွေးကြောများကို ရှင်းလင်းရန်၊ ကင်ဆာကျိတ်များကို ဖယ်ရှားရန်နှင့် ခွဲစိတ်မှုဆိုင်ရာ အကူအညီများ အဖြစ်တောင် အနာဂါတ်မှာ အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 26/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *