ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ကျော် တင့်ကား ၁၀ စီး

Knowledge Military

ဒုတိယကမ္ဘာစစ်အတွင်း တင့်ကားပေါင်း များစွာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ့ တင့်ကားများထဲမှ နာမည်ကျော်ကြားခဲ့သော တင့်ကားများကို အမှတ်ရနေစေရန် ဖော်ပြပေးလိုက်ပါတယ်။

၁၀။ M4 Sherman

ဒီတင့်ကားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ဒုတိယ အများဆုံးထုတ်လုပ်ခဲ့တဲ့ တင့်ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ ရှားမင်း M4 တွေကို အမေရိကန် အပါအဝင် အချို့ အနောက် မဟာမိတ်နိုင်ငံများမှ ထုတ်လုပ်ခဲ့ပါတယ်။

ရှားမင်း M4 တင့်ကားတွေဟာ အရွယ်အစားအားဖြင့် အလတ်စား တင့်ကားများဖြစ်ပြီး သံချပ်ကာ ဟာ တခြားတင့်ကားများထက် များစွာ ပါးလွှာပါတယ်။

၇၅ မီလီမီတာ အမြောက်ကို တပ်ဆင်ထားပြီး ကျည် ၉၀ တင်ဆောင်နိုင်ပါတယ်။ ဒီတင့်ကားကို အမေရိကန် ပြည်တွင်းစစ်မှာ ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဝီလီယံ တီ ရှားမင်းကို အစွဲပြုပြီး အမည်ပေးခဲ့တာဖြစ်ပြီး ၁၉၄၁ မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။

ရှားမင်း M4 တင့်ကားတွေဟာ ၁၉၄၂ မှ ၁၉၄၅ အတွင်း စစ်ဆင်ရေးနှင့် စစ်ပွဲပေါင်းများစွာမှာ ပါဝင် အသုံးတော်ခံ ခဲ့ကြပါတယ်။ ပစ်အားနည်းတဲ့အတွက် အရေအတွက်ကို ပိုမိုထုတ်လုပ်ခဲ့ကြီးပြီး ဒုတိယကမ္ဘာစစ်အတွင်း ရှားမင်း M4 တင့်ကားပေါင်း ၅ သောင်းခန့် ထုတ်လုပ်ခဲ့ပါတယ်။

၉။ Sherman Firefly

ဒီတင့်ကားကတော့ အမေရိကန် ရှားမင်းတင့်ကားရဲ့ အင်္ဂလိပ် ဗားရှင်းပဲ ဖြစ်ပါတယ်။ ဒီတင့်ကားမှာ အမေရိကန်တို့ရဲ့ ပစ်အားသိပ်မကောင်းတဲ့ ၇၅ မီလီမီတာ အမြောက်အစား ၁၇ ပေါင်ဒါ အမြောက်ကို ပြောင်းလဲတပ်ဆင်ထားပါတယ်။

ဒီတင့်ကားဟာ ၁၇ ပေါင်ဒါ ပင်မ အမြောက်ကြောင့် ဂျာမန်တို့ရဲ့ ပန်ဇာတင့်ကားများကို ကောင်းကောင်း အနိုင်ယူ နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဝန်ရိုးတန်း နိုင်ငံများက ကြောက်ရတဲ့ မဟာမိတ် တင့်ကားများထဲက တစီး ဖြစ်ခဲ့ပါတယ်။

၁၉၄၅ ဒုတိယ ကမ္ဘာစစ် အပြီးအထိ အစီးရေ ၂ ထောင် ကျော် ထုတ်လုပ်ခဲ့ပါတယ်။

၈။ Panzer 4 (ဂျာမနီ)

ပန်ဇာ ၄ ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ ထုတ်လုပ်မှု အများဆုံး တင့်ကားဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကာ ဥရောပရဲ့ ဒုတိယကမ္ဘာစစ် နောက်ဆုံး နေ့များအထိကို ထုတ်လုပ်နေဆဲ ဖြစ်ခဲ့ပါတယ်။

ဒီတင့်ကားဟာ ဆိုဗီယက်တင့်ကားတစီးကို မီတာ ၁၂၀၀ လောက်ကနေ ဖျက်ဆီးနိုင်မယ့် ၇၅ မီလီမီတာ ပင်မ အမြောက်ကို တပ်ဆင်ထားပါတယ်။

အစောပိုင်းမှာ ခြေလျှင်တပ် ပစ်ကူအဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ယခင် မော်ဒယ်ဖြစ်တဲ့ Panzer 3 နေရာကို ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရပြီး လုံးဝ ပင်မတိုက်ပွဲဝင် တင်ကားတစ်စီးအဖြစ် စစ်ပွဲတွေမှာ တာဝန်ယူခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဆိုဗီယက်တင့်ကားတွေကို မယှဉ်နိုင်တော့ဘဲ မော်စကိုမှ ဘာလင် အကြားမှာ ဒီ ပန်ဇာ ၄ တင့်ကား ၆ ထောင်လောက် ဖျက်ဆီး ခံခဲ့ရပါတယ်။

၇။ T-34

ဒီ ဆိုဗီယက်လုပ် တင့်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်း အများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကား ဖြစ်သည့်အပြင် ထွက်ရှိသမျှ တင့်ကားများတွင် ဒုတိယအများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကားလည်း ဖြစ်ပါတယ်။

အစီးရေ ၈ သောင်း ၄ ထောင်ခန့် ထုတ်လုပ်ခဲ့ပြီး အာရှ နှင့် အာဖရိက ဒေသများမှာ ယခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်သဖြင့် ကြာရှည်အခံဆုံး တင့်ကားများထဲမှ တစီး အပါအဝင် ဖြစ်ပါတယ်။

ဒီတင့်ကားဟာ ပန်ဇာ ၄ တင့်ကားရဲ့ အမြောက်ဒဏ်ကို ခံနိုင်တဲ့ ၄၅ မီလီမီတာ အထူရှိတဲ့ သံချပ်ကာကြောင့် နာမည်ကြီးပါတယ်။

လျှင်မြန်စွာ စစ်ကစား လှုပ်ရှားနိုင်ပြီး ရင်ဆိုင်ဖို့ ခက်ခဲတာကြောင့် ဂျာမန် တင့်ကား တပ်မှူးတွေကို အတော်ခေါင်းခြောက် စေခဲ့တဲ့ တင့်ကား တစ်စီးပဲ ဖြစ်ပါတယ်။

၆။ MK V Panther

ဂျာမနီတို့ရဲ့ အလတ်စား တင့်ကားဖြစ်တဲ့ ဒီ တင့်ကားဟာ ၁၉၄၃ ခုနှစ် စစ်မြေပြင်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ပြီးသည့်အထိ အသုံးပြုခဲ့ပါတယ်။ စုစုပေါင်း ၆၃၃၄ စီး ထုတ်လုပ်ခဲ့ပါတယ်။

ဒီတင့်ကားဟာ တနာရီ ၃၄ မိုင်နှုန်းဖြင့် လျှင်မြန်စွာ စစ်ကစားနိုင်ပြီး သံချပ်ကာအထူ ၂၀ မီလီမီတာ ရှိပါတယ်။ ပင်မအမြောက်ဟာ ၇၅ မီလီမီတာရှိပြီး နည်းပညာအားဖြင့် ပန်ဇာ ၄ နှင့် တိုက်ဂါး တင့်ကားများထက် သာလွန်ကာ မည်သည့် မဟာမိတ် တင့်ကားကိုမဆို မှုစရာ မလိုဘဲ ကျည် ၇၉ တောင့်မှ ၈၂ တောင့်အထိ တင်ဆောင် စစ်ဆင် နိုင်ပါတယ်။

နောက်ပိုင်းမှာ အရေအတွက်သာလွန်တဲ့ T-34 များရဲ့ လက်ချက်ကြောင့် အနည်းငယ်သာ ကျန်ရှိခဲ့ပေမယ့် စစ်ကြီးပြီးတဲ့အထိ မဟာမိတ်တို့ ကြောက်ရတဲ့ တင့်ကားတစီး ဖြစ်ခဲ့ပါတယ်။

၅။ Comet IA 34

ဒုတိယကမ္ဘာစစ်တွင်း ဗြိတိန်တင့်ကားများထဲံမှ အကြမ်းဆုံး တင့်ကား တစ်စီးဖြစ်ပါတယ်။ ၁၇ ပေါင်ဒါအမြောက်ကို အနည်းငယ်တိုထားတဲ့ ၇၇ မီလီမီတာ ပင်မအမြောက်ကို အသုံးပြုထားပြီး ၁၀၁ မီလီမီတာအထိထူတဲ့ သံချပ်ကာရှိပါတယ်။

၁၉၄၄ ခုနှစ် ဂျာမန်တို့ တပ်ဆုတ်နေတဲ့အချိန်မှာ စတင်အသုံးပြုခဲ့တာဖြစ်လို့ ဒုတိယကမ္ဘာစစ်တွင်း အရေးပါတဲ့ သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။

ဒီတင့်ကားကို ရိုင်းမြစ်ကို ဖြတ်ကျော်အပြီးမှ စတင် အသုံးပြုခဲ့ပေမယ့် အသုံးပြုနေစဉ် ကာလအတွင်း စိတ်ချရပြီး အကျိုးရှိသည့် တင့်ကားတစ်စီး ဖြစ်ခဲ့ပါတယ်။

၄။ Tiger I

၁၉၄၂ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ ဒီတင့်ကားဟာ ၈၈ မီလီမီတာ ပင်မအမြောက်ကို တပ်ဆင်ထားပြီး ကျည် ၉၂ တောင့်မှ ၁၂၀ အထိ တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

ဒီတင့်ကားများဟာ မြေပြင်ပစ်မှတ်ရော ဝေဟင် ပစ်မှတ်များကိုပါ အောင်မြင်စွာ လက်စွမ်းပြခဲ့တာပါ။ ဂျာမန်အခေါ် Panzerkampfwagen Tiger Ausf.E ကို မဟာမိတ်များက အလွယ် Tiger လို့ပဲ ခေါ်ခဲ့ကြပါတယ်။

တနာရီကို ၃၈ ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး သံချပ်ကာအထူ အပါးဆုံး ၂၅ မီလီမီတာမှ အထူဆုံး ၁၂၅ မီလီမီတာအထိ ရှိပါတယ်။

စတင်အသုံးပြုတဲ့ ၁၉၄၂ ခုနှစ်အတွင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ အကြမ်းဆုံး တင့်ကားတစီး ဖြစ်လာခဲ့ပါတယ်။

၁၉၄၄ ခုနှစ် နှစ်လည်လောက်အထိ မည်သည့် မဟာမိတ်တင့်ကားမဆို Tiger နှင့် ခံနိုင်ရည်ရော ပစ်အားပါ ယှဉ်နိုင်သည့်တင်ကား မရှိခဲ့တဲ့အတွက် Tiger ဟာ ဂျာမန်တို့ရဲ့ နည်းပညာ အဆင့်မြင့်မှု ပြယုခ် ဖြစ်ခဲ့ပါတယ်။

ဒီတင့်ကားကြောင့် မဟာမိတ်တပ်များကို ပိုမို ကောင်းမွန်တဲ့ တင့်ကားများ တီထွင်နိုင်မှု တွန်းအားဖြစ်စေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Tiger များဟာ ဗြိတိန် ရှားမင်း Firefly များနှင့် ဆိုဗီယက် IS 2 တင့်ကားများရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။

၃။ lS 2

ဆိုဗီယက်တို့ရဲ့ lS အတန်းအစားမှာ ပါဝင်တဲ့ lS 2 မှာ ၁၂၂ မီလီမီတာ အမြောက်ကြီးကို တပ်ဆင်ထားပြီး သံချပ်ကာအထူ ၁၂၀ မီလီမီတာ ရှိပါတယ်။

ဒီ သံချပ်ကာဟာ ဂျာမန်တို့ရဲ့ နာမည်ကျော် ၈၈ မီလီမီတာ တင့်ဖျက် အမြောက်ရဲ့ ဒဏ်ကို မီတာ ၁၀၀၀ အကွာမှ ကောင်းကောင်း ခံနိုင်ရည်ရှိကာ ကျည်မဖောက်နိုင်ပါဘူး။

lS အတန်းအစား တင့်ကားများကို ၁၉၄၄ ခုနှစ်မှာ ထုတ်လုပ်မှုတွေ စတင်ခဲ့ပြီး ၂၂၅၂ စီး ထုတ်လုပ်ခဲ့ကာ အဲဒီ့အထဲမှ ၅၀% ဟာ lS 2 အမျိုးအစားတွေ ဖြစ်ပါတယ်။

ဘာလင်စစ်ပွဲမှာ lS 2 တွေကို အသုံးပြုခဲ့ပါတယ်။

၂။ M26 Pershing

အမေရိကန်တို့ရဲ့ ဒီ တင့်ကားဟာ ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်းလောက်မှာ အနည်းငယ် နောက်ကျပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး စုစုပေါင်း အစီး‌ရေ ၂၂၁၂ စီး ထုတ်လုပ်ခဲ့ပါတယ်။

ဒီတင့်ကားဟာ ရှားမင်းများထက် ပိုမို ခေတ်မှီကာ တင့်ကားအမြင့်ကို ပိုမို နှိမ့်ထားပြီး အနံ ကျယ်ပြန့် ထားခြင်းကြောင့် ပိုမို တည်ငြိမ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်.

ဒီတင့်ကားဟာ ဂျာမန်လုပ် Tiger I အပါအဝင် မည်သည့် ဂျာမန် သို့မဟုတ် ဂျပန် တင့်ကား ကို မဆို အနိုင်ယူ နိုင်သည့် ၉၀ မီလီမီတာ ပင်မအမြောက်ကို တပ်ဆင် ထားပြီး ကျည် ၇၀ တင်ဆောင်နိုင်ပါတယ်။

ဥရောပတွင် အစီး ၂၀ လောက်သာ အသုံးပြုခဲ့ပြီး အချို့ကို ဂျပန် အိုကီနာဝါသို့ ပို့ဆောင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကိုရီးယား စစ်မြေပြင်မှာလည်း အလွန်ကြမ်းတဲ့ တင့်ကား တစီးအဖြစ် အသုံးတော် ခံခဲ့ပါတယ်။

M26 ဟာ ဒုတိယ ကမ္ဘာစစ်တွင်း အနည်းငယ် စောပြီး မိတ်ဆက် နိုင်ခဲ့ရင် စစ်ရဲ့ အလှည့်အပြောင်း အနေဖြင့်တောင် စွမ်းဆောင်နိုင်ဖွယ် ရှိပါတယ်။

၁။ Jagdpanther

ဒီတင်ကားဟာလည်း ဂျာမန်တို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း အကြမ်းဆုံး တင့်ကားများထဲမှ တစီးဖြစ်ပါတယ်။ ဒီတင့်ကားကို ၁၉၄၃ ခုနှစ်မှာ ပန်သာ တင့်ကားရဲ့ အောက်ခြေကိုယ်ထည်ကို အသုံးပြုပြီး ထုတ်လုပ်ခဲ့ကာ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

၈၈ မီလီမီတာ ပင်မအမြောက်ကို တပ်ဆင်ထားပြီး ကျည် ၅၇ တောင့်ကို တင်ဆောင်နိုင်ကာ မီတာ ၃ ထောင် အကွာအဝေးမှ ပစ်မှတ်ကို တစ်စက္ကန့်လျှင့် မီတာ ၁ ထောင် ကျည်သွားနှုန်းဖြင့် မလွတ်တမ်း ပစ်ခတ်နိုင်ပါတယ်။

စစ်တွင်းမှာ အစီး‌ရေ ၄၁၅ စီးသာ တည်ဆောက်ခဲ့ပါတယ်။ ဒီတင့်ကားတွေကို ၁၉၄၄ ဇူလိုင် ၃၀ ရက်နေ့ ပြင်သစ်နိုင်ငံ စိန့်မာတင် ဒီ ဘွိုင် ဒေသမှာ စတင်တွေ့ရှိရပြီး ဗြိတိန် Churchill တင့်ကား ၁၁ စီးကို ၂ မိနစ်အတွင်း အစဖျောက်နိုင် ခဲ့ပါတယ်။

ဒီလိုနည်းပညာ သာလွန်ကာ အဆင့်မြင့်တဲ့ ပစ်အားရှိတဲ့ တင့်ကားဟာ စစ်ကြီး ပြီးခါနီးမှသာ ထုတ်လုပ် နိုင်ခဲ့တဲ့အတွက် သက်ရောက်မှု များစွာ မရှိခဲ့ပါဘူး။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.