တနာရီ ၁၂၀၀ ကီလိုမီတာနှုန်းဖြင့် သွားနိုင်မည့် ကနေဒါ၏ TransPod FluxJet ရထား

Innovation Tech

ကနေဒါနိုင်ငံမှ TransPod FluxJet ဟာ ဂျက်လေယာဉ်ထက် ပိုမြန်ပြီး စျေးထက်ဝက်ခန့်သက်သာစေမည့် hyperloop ပုံစံ လေဟာနယ်ပြွန်ရထားပဲ ဖြစ်ပါတယ်။

၎င်းဟာ Calgary မှ Edmonton သို့ ၄၅ မိနစ် အတွင်း ရောက်နိုင်ပြီး ပြွန်တစ်ခုဖြင့် တည်ဆောက်မှာ ဖြစ်တဲ့ အကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က Toronto တွင်ထုတ်ဖော်ပြသခဲ့သော TransPod FluxJet ဟာ လွန်ကဲသော မြန်နှုန်းမြင့် မြေပြင်သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပြီး တွန်းကန်အား အတွက် ဆန်းသစ်တီထွင်မှုများ၊ သန့်ရှင်းသော စွမ်းအင်နှင့် လိုက်ဖက်ညီမှုများ နှင့် ထိတွေ့မှုမဲ့ စွမ်းအင် ပို့လွှတ်ခြင်း အတွက် နည်းပညာဆိုင်ရာ တိုးတက်မှုများ အပြင် ရုပ်ပိုင်းဆိုင်ရာ နယ်ပယ် အသစ် တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Hyperlooop၊ Hyperloop TT၊ Hyperloop One၊ ET3၊ HyperPort နှင့် အခြားထိုကဲ့သို့သော ဒီဇိုင်းများကဲ့သို့ပင်၊ FluxJet ဟာလည်း mag-lev နည်းပညာကို အသုံးပြုထားပါတယ်။

Image: Courtesy of TransPod

သမားရိုးကျ ရထားများနှင့် မတူသည့် အချက်ကတော့ maglev (သို့မဟုတ်) လျှပ်စစ်သံလိုက် စွမ်းအင်ဖြင့် ကြွတက်သည့် စနစ်ကြောင့် ရထားဟာ မောင်းနှင်နေသည့် အခါတွင် ပြေးလမ်းနှင့် မထိဘဲ ကြွတက်ကာ အရှိန်ဖြင့် သွားနိုင်ပါတယ်။

အဆိုပါရထားဟာ အမြန်နှုန်း တစ်နာရီ ၁၀၀၀ ကီလိုမီတာ သို့မဟုတ် အမြင့်ဆုံးမြန်နှုန်းတစ်နာရီ ၁၂၀၀ ကီလိုမီတာအထိ အရှိန်မြှင့်နိုင်ပါတယ်။

ကုမ္ပဏီက ၎င်းတို့ရဲ့ “ထူးခြားဆန်းသစ်သော ဆန်းသစ်တီထွင်မှုများ” အကြောင်းကို အနည်းငယ် ဖော်ပြထားပါတယ်။

အချိန်နဲ့တပြေးညီစောင့်ကြည့်ဖို့အတွက် ရှေ့ပြွန်ကို စကင်န်ဖတ်ပြီး ပြွန်အတွင်းရှိ podရဲ့ အနေအထားကို ချိန်ညှိပေးသည့် အထူး အမြင်အာရုံစနစ်ဖြင့် ဆက်သွယ်ထားကြောင်း သိရပါတယ်။

Image: Courtesy of TransPod

အရှည် ၂၅ မီတာ (၈၂ ပေ) ရှည်သော pod တစ်ခုစီတွင် ခရီးသည် ၅၄ ဦးအထိ ဆံ့ပြီး ကုန်စည် ပမာဏ အချို့ကို တင်ဆောင်နိုင်ပါတယ်။

၎င်းမှာဆိုရင် အပေါ်နှင့် အောက် ထောင့်ဖြတ်မှ အပြင်သို့ ဆန့်ထုတ်ထားသော အင်ဂျင် လေးခု ပါရှိပြီး ရလဒ်က လုံးဝကို အ မိုက်စား ဖြစ်တယ်ဟု ဆိုပါတယ်။

ဒါ့အပြင် အရန် ဘတ္ထရီအချို့လည်း ပါရှိမှာဖြစ်ပြီး အမှန်တကယ် မြန်ဆန်စွာ လည်ပတ်ဖို့ အချိန်ကျတဲ့အခါ၊ ၎င်းတို့ဟာ ပိုက်မှ တဆင့် ပါဝါရရှိဖို့အတွက် ထိတွေ့မှုမဲ့ ပါဝါယူနစ်ကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၅၀ ရရှိထားပြီး Calgary နှင့် Edmonton အကြား ကီလိုမီတာ ၃၀၀ ကျော်ကို ဖြတ်ကျော်မည့် ပရောဂျက်တစ်ခုအတွက် နောက်တစ်ဆင့်သို့ ဆက်လက် လုပ်​ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

Image: Courtesy of TransPod

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကို တိုင်းတာခြင်း အပါအဝင် ပဏာမ ဆောက်လုပ်ရေး လုပ်ငန်းကို စတင်နေပါပြီ ဟု TransPod ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိသော အဆိုပါ hyperloop ဟာ မြို့နှစ်မြို့ကြား ၄၅ မိနစ်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၇၅ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပြီး သုံးနာရီထက်ပိုသော ကားမောင်းခြင်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၂၅ ခန့်တန်ဖိုးရှိသော လေယာဉ်လက်မှတ် စတဲ့ အချိန်ကုန် ၊ ငွေကုန် ကိစ္စတွေနဲ့ ကင်းဝေးစေမှာပဲ ဖြစ်ပါတယ်။

TransPod ဟာ ကာဗွန်များစွာခြွေတာနိုင်မှာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၆ သိန်းကျော် လျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်ဟု ဆိုပါတယ်။

​သို့ပေမည့်လည်း FluxJet ဟာ ကြိုးပမ်းခဲ့ဖူးသမျှ အခြားသော လေဟာနယ်ပြွန် သယ်ယူပို့ဆောင်ရေး စနစ်တိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည့် အလားတူပြဿနာများကို ကြုံတွေ့ရနိုင်ချေရှိပါတယ်။

Image: Courtesy of TransPod

၎င်းတို့ရဲ့ Mag-lev ရထားလမ်းဟာ မယုံနိုင်လောက်အောင် ဈေးကြီးပြီး စီးပွားရေးအရ အဆင်မပြေဖြစ်တတ်ပါတယ်။

ဒါ့အပြင် မိုင်ရာနှင့်ချီရှိတဲ့ လေဟာနယ်ပြွန်ထဲမှာ ထားရှိဖို့ လိုအပ်တဲ့ နောက်ဆုံးမျိုးဆက် mag-lev စနစ်များကလည်း ပိုစျေးကြီးပါတယ်။

တစ်စုံတစ်ရာ အန္တရာယ်ရှိပါက ပြွန်များမှ ကယ်ထုတ်ဖို့ကလည်း ခက်ခဲပြီး စွမ်းအင် သုံးစွဲမှု အလွန်များပြားပါတယ်။

ယိုစိမ့်မှု၊ လေပြွန်ဖောက်ထွင်းမှု၊ ငလျင်လှုပ်ရှားမှု၊ ချွတ်ယွင်းချက်များ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကြောင့် လုံးဝဆိုးရွားသော ရလဒ်များလည်း ကြုံတွေ့ရနိုင်ပါတယ်။

Image: Courtesy of TransPod

နောက်ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀၀ နှုန်းဖြင့် လမ်းကြောင်းမှ အနည်းငယ် တိမ်း​စောင်းသွားပါက ခရီးသည်များကို အန္တရယ်ဖြစ်စေနိုင်ပါတယ်။

TransPod ရဲ့ ဒေါ်လာ ၁၈ ဘီလီယံတန် ပရောဂျက်ဟာ တစ်ကီလိုမီတာကို အမေရိကန်ဒေါ်လာ သန်း ၆၀ ကုန်ကျမှာ ဖြစ်တယ်ဟု သိရပါတယ်။

နောက်ဆုံးအနေနဲ့ ကနေဒါနိုင်ငံဟာ အမြန်ရထားခရီးအတွက် အဆိုပြုချက်များစွာကို ထည့်သွင်းစဉ်းစားထားသော်လည်း G7 နိုင်ငံတွေထဲမှာ တစ်ခါမှ အမြန်ရထားလမ်း မတည်ဆောက်ရသေးသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေသေးတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 7/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *