အလင်းဟာ အလွန်မြန်ပါတယ်။
အမှန်တော့ အလင်းဟာ အရာအားလုံးထဲမှာ အမြန်ဆုံးဖြစ်ပြီး စကြာဝဠာရဲ့ နိယာမတစ်ခုအရ အလင်းထက် ဘယ်အရာမှ ပိုမြန်အောင် မရွေ့လျားနိုင်ပါဘူး။
အလင်းဟာ တစ်စက္ကန့်လျှင် မိုင် ၁၈၆,၀၀၀ (ကီလိုမီတာ ၃၀၀,၀၀၀) ဖြင့် သွားနိုင်ပြီး ကမ္ဘာကနေ လဆီကို တစ်စက္ကန့်ကျော် အတွင်း ဖြတ် သန်းသွားနိုင်ပါတယ်။
အလင်းဟာ လော့စ်အိန်ဂျလိစ်ကနေ နယူးယောက်မြို့ကို မျက်စိတစ်မှိတ် အတွင်း အရောက်သွားနိုင်ပါတယ်။
အလင်းအမြန်နှုန်းရဲ့ ၁ ရာခိုင်နှုန်းဟာ တစ်နာရီကို မိုင် ၇ သန်းနီးပါး မြန်ပါတယ်။
အလင်းအမြန်နှုန်းရဲ့ ၁ ရာခိုင်နှုန်း နဲ့ လော့စ်အိန်ဂျလိစ်ကနေ နယူးယောက်မြို့ကို သွားမယ်ဆိုရင် တစ်စက္ကန့်ကျော်ပဲ ကြာပါတယ်။ ဒါဟာ စီးပွားရေးသုံး ဂျက်လေယာဥ်ထက် အဆ တစ်သောင်း ပိုမြန်ပါတယ်။
အလျင်မြန်ဆုံးအရာများ
အမြန်ဆုံးကျည်ဆန်ဟာ တစ်နာရီ မိုင် ၂၆၀၀ (၄၂၀၀ ကီလိုမီတာ) နှုန်းသွားနိုင်ပြီး ဒါဟာ အသံရဲ့အမြန်နှုန်းထက် သုံးဆပိုများပါတယ်။
အမြန်ဆုံး လေယာဉ်ကတော့ NASA ရဲ့ X3 ဂျက်လေယာဉ်ဖြစ်ပြီး အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ မိုင် ၇၀၀၀ (၁၁၂၀၀ ကီလိုမီတာ) ဖြစ်ပါတယ်။ ဒါတွေဟာ အထင်ကြီးလောက်စရာ ကောင်းပေမယ့် အလင်း အမြန်နှုန်းရဲ့ 0.001% ပဲ ရှိပါသေးတယ်။

အလျင်မြန်ဆုံး လူလုပ် အရာဝတ္ထုကတော့ အာကာသယာဉ် ဖြစ်ပါတယ်။ အာကာသယာဥ်တွေဟာ တစ်နာရီ မိုင် ၂၅၀၀၀ ( ၄၀၀၀၀ ကီလိုမီတာ) နှုန်းဖြင့် ကမ္ဘာမြေဆွဲအားမှ လွတ်မြောက်ဖို့ ဒုံးပျံတွေကို အသုံးပြုကြပါတယ်။
အလျင်မြန်ဆုံး သွားလာနေတဲ့ အာကာသယာဉ်က NASA ရဲ့ Parker Solar Probe ဖြစ်ပါတယ်။
၎င်းကို ၂၀၁၈တုန်းက ကမ္ဘာကနေ လွှတ်တင်ပြီးတဲ့နောက် နေရဲ့လောင်မြိုက်နေတဲ့ လေထုကို ဖြတ်ဖို့ တစ်နာရီ မိုင် ၃၃၀၀၀၀ ( ၅၃၅၀၀၀ ကီလိုမီတာ) အရှိန်ကို အသုံးပြုခဲ့ပါတယ်။
အဲ့ဒါဟာ မျက်စိကွယ်လောက်အောင် မြန်ပါတယ်။ သို့ပေမယ့် အလင်းရဲ့ ၀.၀၅ ရာခိုင်နှုန်း ပဲ ရှိတာပါ။
အလင်းအမြန်နှုန်းရဲ့ ၁ ရာခိုင်နှုန်းရောက်ဖို့တောင် ဘာလို ခက်ရတာလဲ။
အလင်းအလျင်ရဲ့ ၁ ရာခိုင်နှုန်းကို မရောက်စေဖို့ လူသားများကို ဘယ်အရာက ထိန်းထားတာလဲ။ ပြောရရင်တော့ စွမ်းအင်ပါပဲ။
ရွေ့လျားနေတဲ့ အရာဝတ္ထုတိုင်းမှာ ၎င်းတို့ရဲ့ ရွေ့လျားမှုကြောင့် စွမ်းအင်ရှိပါတယ်။ ပိုမိုမြန်ဆန်သွားလာနိုင်ဖို့ဆိုရင် ကျွနိုပ်တို့လူသားတွေအနေနဲ့ အရွေ့စွမ်းအင်ကို တိုးမြှင့်ဖို့ လိုအပ်ပါတယ်။
ပြဿနာက အမြန်နှုန်းကို မြှင့်တင်ဖို့ အရွေ့စွမ်းအင်များစွာ လိုအပ်တာပဲ ဖြစ်ပါတယ်။ တစ်ခုခုကို နှစ်ဆမြန်အောင်လုပ်ဖို့ စွမ်းအင်လေးဆလိုပါတယ်။ ဒီလိုပဲ သုံးဆ မြန်အောင် လုပ်ဖို့ဆိုရင် စွမ်းအင်ကိုးဆ လိုအပ်မှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အလေးချိန် ပေါင် ၁၁၀ (၅၀ ကီလိုဂရမ်) ရှိတဲ့ ဆယ်ကျော်သက်တစ်ဦးကို အလင်းအလျင်ရဲ့ ၁ ရာခိုင်နှုန်းအထိ မြန်ဖို့ဆိုရင် စွမ်းအင်၂၀၀ ထရီလီယံဂျိုးလ် ကုန်မှာ ဖြစ်ပါတယ် ။
ဒါဟာ အကြမ်းဖျင်းအားဖြင့် US မှာ လူ ၂ သန်းခန့် တစ်နေ့လျှင် အသုံးပြုနေတဲ့ စွမ်းအင်ပမာဏနှင့် ညီမျှပါတယ်။
ကျွန်ုပ်တို့လူသားတွေဟာ ဘယ်လောက်မြန်မြန်သွားနိုင်ကြမလဲ။
အလင်းအမြန်နှုန်းရဲ့ ၁ ရာခိုင်နှုန်းကို ရောက်နိုင်ပေမည့်လည်း ကြီးမားတဲ့ စွမ်းအင်ပမာဏရှိဖို့တော့ လိုပါတယ်။ လူသားတွေက တစ်ခုခုကို ပိုမြန်အောင် လုပ်ပေးနိုင်မလား။
လုပ်နိုင်ပါတယ်။ သို့သော်လည်း သိပ္ပံပညာရှင်တွေအနေနဲ့ အာကာသယာဥ်တွေကို လျင်မြန်စွာ ရွေ့လျားစေမည့် နည်းလမ်းသစ်များကို ရှာဖွေဖို့တော့ လိုအပ်ပါတယ်။
SpaceX နှင့် Blue Origins မှအသုံးပြုတဲ့ ပြောင်လက်တောက်ပတဲ့ ဒုံးပျံအသစ်တွေအပါအဝင် ဒုံးပျံအားလုံးဟာ ကားတစ်စီးရှိ ဓာတ်ဆီနှင့် အလွန်ကွာခြားမှုမရှိတဲ့ ဒုံးပျံလောင်စာများကို အသုံးပြုကြပါတယ်။
ပြဿနာက အဆိုပါ လောင်စာတွေဟာ အလင်းအလျင်ရဲ့ ၁ ရာခိုင်နှုန်းကိုရောက်ဖို့ ထိရောက်မှု မရှိတာကြောင့် ဖြစ်ပါတယ်။
အာကာသယာဉ်ကို လွှတ်တင်ဖို့ အခြားနည်းလမ်းတွေထဲမှာ လျှပ်စစ် ဒါမှမဟုတ် သံလိုက်စွမ်းအားတွေကို အသုံးပြုခြင်းတို့လည်း ပါဝင်ပါတယ်။
နျူးကလီးယားစွမ်းအင်ကတော့ တခြားလောင်စာတွေထက် များစွာပိုထိရောက်ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ လူကြိုက်များတဲ့ Star Trek ရုပ်ရှင်ကားထဲကလို အလင်းထက် ပိုမြန်တဲ့ အခြားခရီးသွား နည်းလမ်းများစွာကို သုတေသနပြုလုပ်နေပါတယ်။
အလွန်လျင်မြန်စွာ ရွေ့လျားနေတဲ့ အရာတစ်ခုကို ရရှိဖို့ အလားအလာရှိတဲ့ နည်းလမ်းတစ်ခုကတော့ နေရောင်ခြည်ရဲ့အကူအညီနဲ့ solar sail ကို အသုံးပြုခြင်းဖြစ်ပါတယ်။
solar sail တွေက ကြီးမားပြီး ပါးလွှာတဲ့ ပလတ်စတစ်ရောင် ပြန်အခင်းများ ဖြစ်သည့်အပြင် အာကာသယာဉ်ပေါ်မှာ တပ်ဆင်ထားပြီး နေ ရောင်ခြည်ရဲ့ စွမ်းအင်နဲ့ အပေါ်သို့ တွန်းပို့နိုင်အောင် ဒီဇိုင်းထုတ်ထားခြင်းပဲ ဖြစ်ပါတယ်။
solar sail တွေက အာကာသယာဉ်တွေကို အလင်းအမြန်နှုန်းရဲ့ ၁၀ ရာခိုင်နှုန်းအထိ တွန်းပို့ပေးနိုင်တယ်ဟု သိပ္ပံပညာရှင်များက ယူဆကြပါတယ်။
တစ်နေ့မှာ ကျွန်ုပ်တို့ လူသားတွေဟာ အလင်း၏ အမြန်နှုန်းနဲ့ သိပ်မကွာတဲ့ အမြန်နှုန်းဖြင့် ကြယ်တွေဆီကို အကန့်အသတ်မရှိ ခရီးသွားနိုင်တော့မှာ ဖြစ်တယ်ဟု သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Original article was written by Chris Impey, University Distinguished Professor of Astronomy, University of Arizona
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။