အနီးဆုံး ကြယ်ဆီသို့ နှစ် ၂၀ အတွင်း ရောက်အောင် သွားနိုင်ဖွယ်ရှိသည့် စီမံကိန်း အကြောင်း

Knowledge Science

Breakthrough Startshot ဟာ Breakthrough Initiatives ၏ နိုင်ငံတကာ သုတေသနနှင့် အင်ဂျင်နီယာ စီမံကိန်းတခုဖြစ်ပြီး အာကာသအတွင်း အလင်းမှုန်ကို အသုံးပြုပြီး ရွက်လွှင့် ခရီးသွားခြင်းကို သုတေသန ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုတော့ ကျွန်တော်တို့နေအဖွဲ့အစည်းနှင့် အနီးဆုံးဖြစ်သည့် Alpha Centauri ကြယ်ရှိရာသို့ နှစ် ၂၀ အတွင်းမှာ ရောက်နိုင်အောင် လုပ်ဆောင်နေပါပြီ။

စီမံကိန်းဟာ အာကာသယာဉ် တွန်းကန်စနစ်သစ်ကို အလင်းမှုန်များနှင့် လေဆာရောင်ခြည်တန်းများကို အသုံးပြုပြီး လိုအပ်သည့် ကြီးမားလှတဲ့ အမြန်နှုန်းကို ဖန်တီးဖို့ရာ ဒီဇိုင်းဆွဲ စမ်းသပ်မှာပါ။

ဒီအကြောင်းကို ဩစတေးလျ အမျိုးသား တက္ကသိုလ် (ANU) ၏ သတင်းများမှ သိရပြီး စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

Starshot ၏ အလွန်ပေါ့ပါးစွာ တည်ဆောက်ထားမယ့် အာကာသယာဉ်ဟာ Alpha Centauri ကြယ်သို့ရောက်ရှိဖို့ အလင်းနှစ် ၄ နှစ်လောက် ခရီးနှင် ရမှာ ဖြစ်ပါတယ်။

Star image

အလင်းနှစ် အကြောင်းကို “အလင်းနှစ် ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် အသေးစိတ် ဖော်ပြပြီး ဖြစ်ပါတယ်။

ဒါဟာ မိုင်အားဖြင့် ဖော်ပြပါက ၄၀ တြီလီယံ မိုင် သို့မဟုတ် ၄၀,၂၀၈,၀၀၀,၀၀၀,၀၀၀ မိုင် လောက် ကွာဝေးတဲ့ နေရာတခု ဖြစ်ပါတယ်။

NASA ၏ ဂြိုဟ်သိမ် တခုကို ဝင်တိုက်မည့် DART မစ်ရှင်တွင် အသုံးပြုထားသည့် အာကာသယာဉ်ဟာ တနာရီလျှင် မိုင် ၁၅,၀၀၀ နှုန်းဖြင့် သာ သွားလာနိုင်ပါတယ်။

အထက်ပါ အမြန်နှုန်းဟာ လက်ရှိ အချိန်အထိ ကမ္ဘာပေါ်ရှိ လူသားများမှ ဖန်တီးနိုင်တဲ့ အမြန်ဆုံး အမြန်နှုန်းပဲ ဖြစ်ပါတယ်။

NASA အဆိုအရ ion thruster ဖြင့် Alpha Centauri ရှိရာသို့ ရောက်ရှိ နိုင်ရန် နှစ်ပေါင်း ၁၈,၀၀၀ လောက် သို့မဟုတ် လူ သား မျိုး ဆက် ၂,၇၀၀ လောက်အထိ ကြာမြင့်နိုင်မယ်လို့ ဆိုပါတယ်။

အခု Breakthrough Starshot အဖွဲ့ကတော့ ၎င်းတို့ရဲ့ အာကာသယာဉ်ဟာ Alpha Centauri ကို နှစ် ၂၀ လောက်နဲ့ ကမ္ဘာမှ လေဆာ အကူအညီဖြင့် ရောက်ရှိနိုင်မယ်လို့ ပြောပါတယ်။

လေဆာများဖြင့် ထောက်ကာ တွန်းကန်အားရယူခြင်း သရုပ်ပြပုံ

အဆိုပါ အာကာသယာဉ်ဟာ တကယ်လို့ အခြား နေအဖွဲ့အစည်းသို့ ရောက်ရှိနိုင်ပါက ကမ္ဘာ၏ အဝေးမှ အခြား ပုံစံဆင်တူသည့် နေရာတခုမှ ပထမဆုံး ဓာတ်ပုံကို ရရှိနိုင်မှာဖြစ်ပါတယ်။

အဖွဲ့ဟာ ၎င်းတို့၏ သေးငယ်တဲ့ ဒီအာကာသသွား ယာဉ်ငယ်လေးကို အလွန်လျှင်မြန်တဲ့ အမြန်နှုန်းဖြင့် သွားလာနိုင်ဖို့ ကမ္ဘာမှနေပြီး intergalactic laser ခေါ်သည့် လေဆာ ရောင်ခြည်တန်းပေါင်း သန်း ၁၀၀ လောက်ဖြင့် တွန်းအားပေးမှာပါ။

Lightsail နည်းပညာဟာ အာကာသအတွင်း ခရီးသွားနိုင်ဖို့ ဖြစ်နိုင်ခြေရှိသည့် နည်းပညာတခုအဖြစ် မကြာသေးမီက သရုပ် ပြသ နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က LightSail 2 အာကာသယာဉ်ကို ကမ္ဘာအထက် ၃.၂ ကီလိုမီတာ လောက်ရှိသည့် ပတ်လမ်းမှ အလင်းဖိုတွန်ကို အသုံးပြုသည့် lightsail သို့မဟုတ် solarsail နည်းဖြင့် စမ်းသပ်ခဲ့ပါတယ်။

လက်ရှိ ဒီနည်းပညာအတွက် အဓိက အတားအဆီးမှာ သန်းပေါင်းများစွာသော လေဆာရောင်ခြည်တန်းများ လိုအပ်တာဖြစ် တဲ့ အတွက် အဆိုပါ စနစ်ကို ဖြစ်ပေါ်လာအောင် အဆင့်မြင့်နည်းပညာတခု လိုအပ်နေပါတယ်။

Spacecraft demo

ဒီစီမံကိန်းအတွက် စွမ်းအင်ကို 100GW လောက် လိုအပ်ပြီး ဒါဟာ လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး ဘတ္တရီ၏ အဆ ၁၀၀ လောက်ရှိတယ်လို့ ANU ရူပဗေဒ ဆိုင်ရာ သုတေသန တက္ကသိုလ်မှ ဒေါက်တာ Ward က ပြောပါတယ်။

ANU ကတော့ ဒီလို လေဆာရောင်ခြည်ကို အဆက်မပြတ်စေဖို့ ကမ္ဘာ့ ပတ်လမ်းအတွင်းမှ လေဆာလှမ်းပြီး ထောက်ပံ့ပေးနိုင်သည့် ဂြိုဟ်တုတခု လိုအပ်မယ်လို့ အကြံပြုထားပါတယ်။

Lightsail အတွက် ရှေ့ပြေးပုံစံ အောင်မြင်သွားပါက လူသားတွေ အနေဖြင့် အနီးဆုံးကြယ်ကို ပထမဆုံး ရောက်ရှိနိုင်မှာ ဖြစ်ပြီး အာကာ နည်းပညာမှာ အဆင့်တခုကို ထပ်မံ ရောက်ရှိလာမှာဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 14/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *