ဗြိတိန် Challenger 3 တင့်ကားသစ်များတွင် အစ္စရေးလုပ် Trophy APS ကို သုံးမည်

News

အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ Rafael Advanced Defense Systems Ltd မှ ၎င်းတို့၏ တင့်ကားများ အ တွက် ကာကွယ်ရေးစနစ် Trophy Active Protection System (APS) ကို ဗြိတိန်တို့၏ ပင်မတိုက်ပွဲဝင် တင့်ကား ဖြစ်တဲ့ Challenger 3 တွင် တပ်ဆင်ဖို့ ရွေးချယ်ခံခဲ့ရတယ် ဆိုတာကို ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုရွေးချယ်မှုဟာ ဗြိတိန်ရဲ့ အဓိက ကန်ထရိုက်တာ ကုမ္ပဏီဖြစ်တဲ့ Rheinmetall BAE Systems Land (RBSL) ဦးဆောင်တဲ့ အဆင့်မြှင့်တင်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေ့လာမှုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Rafael က ထုတ်လုပ်တဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ဒီ တင့်ဖျက်ကာကွယ်ရေး စနစ်ဟာ ရော့ကတ်တွေ၊ ဒုံးကျည်တွေ ရန်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ပြီး ပစ်ခတ်သည့်နေရာကို ချက်ချင်း ရှာဖွေ နိုင်ပါတယ်။

ဒီစနစ်ဟာ စစ်မြေပြင် သက်သေပြပြီးဖြစ်တဲ့ ကမ္ဘာပေါ်ရှိ အကောင်းဆုံး APS များထဲမှ တခုဖြစ်ပြီး လက်ရှိ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့၏ Merkava ပင်မတိုက်ပွဲဝင် တင့်ကားများမှာ ၂၀၁၀ ခုနှစ်ကတည်းက အသုံးပြုနေတဲ့အပြင် Namer လူသယ် သံချပ်ကာကားများတွင်ပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

Tropy APS ဟာ တင့်ကားများကို ကြားဖြတ် ကာကွယ်မှုပေါင်း များစွာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ပထမဆုံး ကြားဖြတ်ကာကွယ်မှု ပြလုပ်နိုင်ခဲ့တဲ့ ၂၀၁၁ မှစပြီး ယခု အချိန်ထိ စစ်သည် နှင့် ယာဉ်အဖွဲ့သားများကို ထိခိုက်မှု လုံးဝမရှိအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

Tropy စနစ်ကို စစ်ဆင်ရေး နာရီပေါင်း ၁ သန်းကျော် အသုံးပြုပြီးဖြစ်ကာ စစ်မြေပြင်စမ်းသပ်မှုပေါင်း ၅၄၀၀ ကျော် အောင်မြင်ခဲ့ပါတယ်။ ထိုကဲ့သို့ အစွမ်းပြနိုင်မှုတွေကြောင့် ယခု အခါမှာတော့ စနစ်ပေါင်း ၁၈၀၀ ကျော်ကို မှာယူခြင်း ခံထားရပါတယ်။

ဗြိတိန် ကြည်းတပ်ဟာ ၂၀၂၁ ခုနှစ် မေလ ထဲမှာ ယူရို သန်း ၈၀၀ ဖိုးလောက်ရှိတဲ့ Challenger 3 ပေါင်း ၁၄၈ စီးကို Rheinmetall BAE Systems Land (RBSL) မှ လက်ခံ ရရှိထားပါတယ်။

ဒီ Challenger 3 တွေဟာ ဗြိတိန်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Challenger မျိုးကွဲတွေဖြစ်ပြီး သံချပ်ကာ စနစ်အသစ်တွေ၊ မြင်ကွင်းရှာစနစ် အသစ်တွေ ပါဝင်လာသည့် အပြင် မော်ကျူလာ ဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြင်ပနိုင်ငံများအနေဖြင့် Tropy စနစ်ကို အမေရိကန် ပင်မတိုက်ပွဲဝင် တင့်ကား ဖြစ်တဲ့ Abrams တင့်ကား တပ်မဟာ ၄ ခုမှာ အသုံးပြုနေတာ ဖြစ်ပြီး မကြာသေးမီကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားများတွင် အသုံးပြုရန် အမှာစာများ ရရှိထားပါသေးတယ်။

Active Protection System ဆိုသည်မှာ တင့်ကားတွင် ပါရှိသည့် ရေဒါမှ တင့်ကားဆီ ပစ်ခတ်လိုက်တဲ့ တင့်ဖျက် စနစ်များကို အာရုံခံပြီး တင့်ကားကို မထိခင် အလိုအလျှောက် တုန့်ပြန် ဖျက်ဆီးသည့် စနစ်ဖြစ်ပါတယ်။

စစ်မြေပြင် သက်သေပြပြီးဖြစ်ကာ အောင်မြင်မှုများစွာရှိနေတဲ့ ဒီ Trophy APS စနစ်ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ အတွက် ယုံကြည် စိတ်ချရတဲ့ တင့်ကား ကာကွယ်ရေး စနစ်တခု ဖြစ်လာနေပါတယ်။

ဒါ့ကြောင့် အစ္စရေးလုပ် Trophy စနစ် အနေဖြင့် အနာဂါတ် APS ဈေးကွက်မှာ ဒီ့ထက် ပိုမို အမှာစာများ ရရှိသွားဖွယ် ရှိနေပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.