NATO အခေါ် Severodvinsk အတန်းအစား ရုရှားနိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်တဲ့ Project 885 မှာဆင့် Tsirkon ဟိုက်ပါဆိုးနစ် ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မယ်လို့ သိရပါတယ်။
အဆိုပါ သတင်းကို ရုရှားမီဒီယာ တခုဖြစ်တဲ့ TASS သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Tsirkon Zircon ဟာ ရုရှားလုပ် ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်ပြီး သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ကာ အသံ ထက် ၆ ဆ မှ ၈ ဆ အထိ ရောက်ရှိ နိုင်ပါတယ်။

“Severodvinsk ရေငုပ်သင်္ဘောမှ Tsirkon ဒုံးကျည် စမ်းသပ်မှုကို ဩဂုတ်လ နှောင်းပိုင်းမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။”
“ပင်လယ်ဖြူတွင် ရေခဲတော့မည့် ကာလတိုင်ခင်မှာ ဒီ ဒုံးကျည်တွေကို စမ်းသပ်မှာ ဖြစ်ပြီး အများအပြား ပစ်ခတ်စမ်းသပ်သွားမယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဟိုက်ပါဆိုးနစ် ဒုံးကျည် ဖြစ်တဲ့ Tsirkon ကို ထုတ်လုပ်တဲ့ စက်ပစ္စည်း တည်ဆောက်မှု သုတေသနနှင့် ထုတ်လုပ်ရေး အဖွဲ့အစည်း (NPO Mashinostroeniya) ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရန် ငြင်းဆို ခဲ့ပါတယ်။
Tsirkon ဒုံးကျည်များ၏ အစောပိုင်း စမ်းသပ်မှုများကို Admiral Gorshkov အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများတွင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Knowledgeworms မှ Admiral Golovko ဖရီးဂိတ်ပေါ်တွင် Tsirkon ဒုံးကျည်များကို ပထမဆုံး တပ်ဆင်တော့မည့် အကြောင်းကို ဇူလိုင် လ ၁၃ ရက်နေ့က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ ဒုံးကျည်ကို အသုံးပြုပြီး ရေပြင်နှင့် မြေပြင် ပစ်မှတ်များကို ပစ်ခတ် စမ်းသပ်မှုများကို လုပ်ဆောင်ပြီး ဖြစ်ပါတယ်.

3M22 Tsirkon ဟာ ရုရှားတို့ လက်ရှိမှာ စမ်းသပ်နေဆဲ ဖြစ်တဲ့ Scremjet အင်ဂျင်သုံး သင်္ဘောဖျက် ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်ပါတယ်။
ဒီ ဒုံးကျည်ဟာမြေပြင် နှင့် ရေပြင်ရှိ ပစ်မှတ် ၂ ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိပြီး ရုရှား စစ်ဘက်ဆိုင်ရာ သတင်းများအရ ခန့်မှန်း ၄၀၀ ကီလို မီတာမှ ၉၆၅ ကီလိုမီတာ လောက်အထိ ရောက်ရှိနိုင်စွမ်း ရှိမယ်လို့ သိရပါတယ်။
ဒုံးကျည်ကို ခရူဇာ သင်္ဘောများဖြစ်တဲ့ Admiral Nakhimov နှင့် Pyotr Veliky၊ Project-20380 ကော်ဗက်၊ Project 885 Yasen အတန်းအစား ရေငုပ်သင်္ဘောများတွင်ပါ တင်ဆောင် စစ်ဆင်နိုင်မယ်လို့ သိရပါတယ်။
ဖရီးဂိတ် စစ်သင်္ဘောများတွင် Tsirkon များကို စမ်းသပ်အောင်မြင်ပြီး နောက် ရေငုပ်သင်္ဘောတွင် စမ်းသပ် လာမှုကြောင့် ရုရှားဟာ Tsirkon ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ အစီအစဉ်ရှိပုံရပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။