Tupolev Tu-160 နေတိုးအခေါ် Blackjack လေယာဉ်များဟာ ရုရှားနိုင်ငံရဲ့ အသံထက် ၂ ဆကျော်မြန်ပြီး တောင်ပံကိုအရှင်ကွေးနိုင် ဖြန့်နိုင်တဲ့ ဗျူဟာမြောက် ဗုံးကျဲလေယာဉ်များဖြစ်ပါတယ်။
Tu-160 တွေကို ၁၉၇၀ ခုနှစ်ကာလများမှာ ဆိုဗီယက်ယူနီယံမှာ ဒီဇိုင်းဆွဲခဲ့ပြီး ၂၀၂၀ မှတ်တမ်းများအရ အကြီးဆုံး၊ အလေးလံဆုံး နဲ့ အမြန်ဆုံး ဗုံးကြဲလေယာဉ်အဖြစ် တကမ္ဘာလုံးက သတ်မှတ်ထားတာပါ။
အမေရိကန်မှာလဲ ဒီလိုဗုံးကြဲလေယာဉ်မျိုးထုတ်လုပ်ဖို့ အစီအစဉ်ရှိခဲ့ပြီး ၁၉၆၀နှစ်များမှာ XB-70 Valkyrie လေယာဉ် များကို စမ်းသပ်လေယာဉ်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။
အဆိုပါ XB-70 Valkyrie များဟာ Mach number 3 အထက် အသံထက် ၃ ဆကျော် ပျံသန်းနိုင်ပါတယ်။
XB-70 Valkyrie များကို ရပ်တန့်လိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့ ဆိုဗီယက်တို့က ဒုံးပျံများဖြင့် ပစ်ချနိုင်ခြေရှိခြင်း၊ ထိုအချိန်တွင် ICBM (Intercontinental ballistic missile) ခေါ်တိုက်ချင်းပစ်ဒုံးပျံများ ပေါ်ပေါက်ပြီဖြစ်တဲ့အတွက် ဘတ်ဂျက်အရ ဖြုန်းတီးမှုဟု သမ္မတအိုင်စင်ဟောင်ဝါက ထင်မြင်သောကြောင့် ရှေ့ပြေးပုံစံ တစ်စီးသာထုတ်လုပ်ရန်ညွှန်ကြားခဲ့ပါတယ်။
သမ္မတကနေဒီလက်ထက်တွင် စိတ်ဝင်စားမှုရှိသော်လည်း နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ဘဲ ရပ်နားခဲ့ပါတယ်။

ရုရှားကတော့ ၁၉၇၀ ခုနှစ်ကာလများကတည်းက ထုတ်လုပ်တာတဲ့ ဒီ Tu-160 တွေကို လက်ရှိမှာတော့ အဆင့်မြှင့်တင်မှုတွေအများကြီး ထပ်မံပြုလုပ်ထားပါတယ်။
၂၀၁၅ မှာတော့ Tu-160 တွေကိုအဆင့်မြှင့်ထားတဲ့ Tu-160M တွေကို ထုတ်လုပ်ရေးပြန်စဖို့ ဆုံးဖြတ်ခဲ့ပြီး အပြီးသတ် အဆင့်မြှင့်တင်ထားတဲ့ Tu-160M တွေထဲက ပထမဆုံးတစ်စီးကို ၂၀၂၁ နှောင်းပိုင်း ကာလမှာစတင်စမ်းသပ်မယ်လို့သိရပါတယ်။
၂၀၂၀ ဖေဖော်ဝါရီလ အတွင်းက ပုံမှန် Tu-160 မှ အခြေခံအဆင့်မြှင့်ထားတဲ့ Tu-160M ကိုပထမဆုံးပျံသန်းခဲ့ပါတယ်။ အဆိုပါပျံသန်းမှုမှာ ရေဒါနှင့်ရေဒီယီု အီလက်ထရောနစ်ခံနိုင်ရည်များ၊ ပျံသန်းမှုနှင့်လမ်းညွှန်ကိရိယာအသစ်များ နှင့် onboard ဆက်သွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ်များတပ်ဆင်ပျံသန်းခဲ့တာဖြစ်ပါတယ်။

ထို့နောက် ၂၀၂၀၊ နိုဝင်ဘာလအစတွင် NK-32-02 အင်ဂျင်သစ်များတပ်ဆင်ထားတဲ့ Tu-160M ကို ကာဇန်ရှိ Gorbunov လေယာဉ်စက်ရုံမှာထုတ်လုပ်ခဲ့ပြီး စမ်းသပ်ပျံသန်းခဲ့ပါတယ်။
ယူနိုက်တက် လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ပျံသန်းနေစဉ် အတွင်းမှာ အဆင့်မြှင့်ထားတဲ့ အထွေထွေစနစ်များ၊ ရေဒီယို အီလက်တရောနစ်ပစ္စည်းများကို စမ်းသပ်ခဲ့ကာ အင်ဂျင်အသစ်တွေဖြစ်တဲ့ NK-32 ရဲ့စွမ်းဆောင်ရည်များကိုပါ အကဲဖြတ်ခဲ့ကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။