တူရကီ၏ ရဟတ်ယာဉ်သစ်တွင် ယူကရိန်းလုပ် အင်ဂျင်သုံးမည်

News

တူရကီ လေကြောင်းထုတ်လုပ်ရေးမှ ၎င်းတို့ထုတ်လုပ်နေတဲ့ အကြီးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ် ATAK-2 အတွက် အင်ဂျင်များ ဝယ်ယူရန်အတွက် ယူကရိန်းကုမ္ပဏီတခုဖြစ်တဲ့ Motor Sich နှင့် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ယခင် T129 ရဟတ်ယာဉ်များထက် ပိုမို ကြီးမားတဲ့ ၁၁ တန် အလေးချိန်ရှိတဲ့ T929 ရဟတ်ယာဉ်သစ်အတွက် အင်ဂျင် ၁၄ လုံးကို ဝယ်ယူဖို့ရာ Mortor Sich နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ တူရကီ လေကြောင်းထုတ်လုပ်ရေး အင်္ဂါနေ့က ပြောခဲ့တာပါ။

အဲဒီ့ထဲက ပထမဆုံး အင်ဂျင် ၂ လုံးကို စက်တင်ဘာ ၂၀၂၂ မှာ လက်ခံရရှိဖွယ်ရှိပြီး ၂၀၂၅ ခုနှစ်မှာ အားလုံး ရရှိမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေငြာချက်အရ သိရပါတယ်။

တူရကီ လေကြောင်းထုတ်လုပ်ရေးမှ CEO ဖြစ်တဲ့ Temel Kotil က

“ကျွန်တော်တို့ ပေးထားတဲ့ ဂတိအတိုင်း ၂၀၂၃ ခုနှစ်မှာ စတင်ပျံသန်းမယ့် အကြီးစား တိုက်ခိုက်ရေးနဲ့ ပတ်သက်လို့ နောက်ထပ် အရေးကြီးပြီး အရေးပါတဲ့ သမိုင်းမှတ်တိုင် တခု တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

“၂၀၁၉ ခုနှစ် ကျွန်တော်တို့ရဲ့ သမ္မတဦးဆောင်မှုအောက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်းကို ၂ နှစ်အကြာမှာ စာချုပ်အသစ်နဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။ “

“တူရကီ လေကြောင်းထုတ်လုပ်ရေးအနေဖြင့် နိုင်ငံ နှစ် ၁၀၀ ပြည့်နှစ်ဖြစ်တဲ့ ၂၀၂၃ ကို ရည်မှန်းချက်ကြီးမားစွာ ဝင်ရောက်နိုင်လိမ့်မယ် မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

T929 ဟာ T129 ပြီးလျှင် တူရကီ၏ ဒုတိယမြောက် ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အဆိုပါ ရဟတ်ယာဉ်ကို မြင်းကောင်ရေ ၂၅၀၀ ရှိတဲ့ ယူကရိန်းလုပ် twin turboshaft အင်ဂျင်ဖြင့် မောင်းနှင်မှာ ဖြစ်ပါတယ်။

ဒီ ရဟတ်ယာဉ်သစ်ဟာ ခြေမှုန်းရေး၊ အနီးကပ်ပစ်ကူ၊ ဝေဟင်မှ မြေပြင်၊ ဝေဟင်မှ ဝေဟင်၊ ပူးတွဲထိုးစစ်ဆင်သည့် စစ်ဆင်ရေးများ၊ လက်နက်တပ်ဆင်ကာ ကင်းထောက်ခြင်းနှင့် စောင့်ကြည့်ခြင်း စသည့် စစ်ဆင်ရေးမျိုးစုံနှင့် သင့်လျော်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

လက်နက် အလေးချိန် ၁၅၀၀ ကီလိုဂရမ်လောက် တင်ဆောင်စစ်ဆင်နိုင်မယ့် ဒီရဟတ်ယာဉ်သစ်ဟာ စိန်ခေါ်မှုတွေရှိတဲ့ နယ်မြေမှာ ကောင်းစွာ လှုပ်ရှား စစ်ကစားနိုင်မှာဖြစ်ပြီး

အဆင့်မြင့် ပစ်မှတ်ရှာဖွေ ပုံဖော်စနစ်တွေ၊ အီလက်ထရောနစ် တန်ပြန်စနစ်တွေ၊ လမ်းကြောင်းရှာစနစ်တွေ နှင့်အတူအဆင့်မြှင့်တင်ထားတဲ့ ဆက်သွယ်ရေးနှင့် လက်နက်စနစ်တွေ ပါဝင်ပါတယ်။

လက်နက်များအနေဖြင့် caliber မြင့် စက်အမြောက်၊ မျိုးဆက်သစ် ရော့ကတ်များ၊ တာဝေးပစ် တင့်ဖျက် ဒုံးကျည်များနှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို တင်ဆောင်စစ်ဆင် နိုင်ပါတယ်။

ဒီရဟတ်ယာဉ်ဟာ စစ်ကစားပျံသန်းမှုနှင့် စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ထိပ်တန်း ရဟတ်ယာဉ်တစီး ဖြစ်လာဦးမှာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com