အမေရိကန်၏ ပိတ်ဆို့မှုကြောင့် မူလ ဝယ်ယူရေး အစီအစဉ်များ ပျက်ပြားသွားသည့်အတွက် တူရကီ ကာကွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Roketsan ဟာ နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ဖရီးဂိတ်သင်္ဘောပေါ်မှာ တပ်ဆင်ဖို့ လိုအပ်နေတဲ့ ဒေါင်လိုက် ဒုံးကျည်ပစ်လွှတ်စနစ်ကို ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဝယ်ယူရေးအကြီးအကဲ Alper Kose က ပြောပါတယ်။
ဒီ တူရကီတို့၏ ပြည်တွင်းဖြစ် ဒေါင်လိုက် ဒုံးကျည်ပစ်လွှတ် စနစ်ကို ပြည်တွင်းထုတ် I-class ဖရီးဂိတ်သင်္ဘောများ၏ ဦးဆောင် သင်္ဘော TCG Istanbul မှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်.
တူရကီနိုင်ငံ၏ ထိပ်တန်းကာကွယ်ရေး ပစ္စည်း ဝယ်ယူရေး အရာရှိ Ismail Demir က အဆိုပါသင်္ဘော တပ်တော်ဝင်သည့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြည်တွင်းဖြစ် ဒေါင်လိုက်ပစ်စင်များ တပ်ဆင်သွားမယ်လို့ ကြေငြာခဲ့တာပါ။
အဲဒီ့အချိန်တုန်းက မည်သည့် ကုမ္ပဏီမှ ဒီ ပစ်လွှတ်စနစ်ကို ထုတ်လုပ်မယ်ဆိုတာ မသိခဲ့ရသလို အသေးစိတ် အချက်အလက်များ ကိုလည်း မသိရှိခဲ့ရပါဘူး။

တူရကီ အစိုးရဟာ အစောပိုင်းကာလတုန်းက အမေရိကန်ကုမ္ပဏီ Lockheed Martin မှ ထုတ်လုပ်ထားသည့် Mk 41 ဒေါင်လိုက်ပစ်လွှတ်စနစ်များ တပ်ဆင်ဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့် တူရကီဟာ ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်များကို ဝယ်ယူခဲ့တဲ့အတွက် အဆိုပါ Mk 41 ဒုံးကျည်ပစ်လွှတ်စနစ်များကို ရောင်းချဖို့ရာ ပိတ်ပင်ခံခဲ့ပါတယ်။
ယခုအခါမှာတော့ ရေတပ် ဝယ်ယူမှုများကို ဦးဆောင်တဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းများ ဥက္ကဌဖြစ်တဲ့ Kose က တူရကီ အစိုးရအနေဖြင့် ဒေါင်လိုက်ဒုံးကျည် ပစ်လွှတ်စနစ်များအတွက် ဒုံးကျည်များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Roketsan ကို ခေါ်ယူပြီးပြီးလို့ ဆိုပါတယ်။
“အမေရိကန် နိုင်ငံခြား လက်နက်ရောင်းချမှု ဌာနမှ Mk 41 ဒေါင်လိုက်ပစ်စင်များကို Milgem စီမံကိန်း၏ ပဥ္စမမြောက် သင်္ဘောအတွက် ဝယ်ယူခွင့်မပြုခဲ့ပါဘူး။
ဒါ့ကြောင့် ကျွန်တော်တို့ဟာ Roketsan ကုမ္ပဏီနှင့် လိုအပ်သည့် ဒေါင်လိုက်ပစ်လွှတ် စနစ်များထုတ်လုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ” လို့ Kose မှ တူရကီ မီဒီယာတခုကို ပြောပါတယ်။
ပူးပေါင်း ထုတ်လုပ်မည့် ကုမ္ပဏီ တခု၏ အဆိုအရ အဆိုပါ ပစ်လွှတ်စနစ်ဟာ အမေရိကန်ထုတ် Mk 41 နှင့် ဆင်တူမှာဖြစ်တယ်လို့ သိရပါတယ်။
“Mk 41 နှင့် ဆင်တူတယ် ဆိုပေမယ့် တည်ဆောက်ပုံပိုင်း ဆိုင်ရာ ကွဲပြားမှု အနည်းငယ်တော့ ရှိပါမယ်။
ဥပမာ ပစ်လွှတ်စနစ်ရဲ့ အမြင့်လိုမျိုုးပေါ့။ ယခု ပစ်လွှတ်စင်ဟာ ၈ မီတာ အရှည်ရှိတဲ့အတွက် Mk 41 ထက် ၃၀ စင်တီမီတာလောက် ပိုရှည်ပါမယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီစနစ်ဟာ ပြည်တွင်း ထုတ် HISAR မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ATMACA သင်္ဘောဖျက် ဒုံးကျည်များကို ထည့်သွင်း ပစ်ခတ်နိုင်မယ်လို့လည်း ပြောပါတယ်။

“တူရကီဟာ ပြည်တွင်းထုတ် ဒုံးကျည်ပစ်လွှတ်စင်များကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက မည်သို့ ထုတ်လုပ်ရမည်ကို သိပြီး အတွေ့အကြုံရှိပြီးဖြစ်ပါတယ်”
“TCG Istanbul ဖရီးဂိတ်သင်္ဘော စမ်းသပ်တဲ့အခါမှာ ဒီ ပစ်လွှတ်စနစ်တွေကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေပါပြီ” လို့ သတင်းရင်းမြစ်မှ ပြောပါတယ်။
ဒါပေမယ့် အဆိုပါ စီမံကိန်းများအတွက် ကုန်ကျစရိတ် မည်မျှရှိသည်ကိုတော့ သတင်းရင်းမြစ်မှ ပြောပြရန် ငြင်းဆိုခဲ့ပါတယ်။
တူရကီနိုင်ငံဟာ အမေရိကန်မှ ဝယ်ယူမည့် ဒေါင်လိုက်ပစ်လွှတ်စင်များကို အစောပိုင်းက ၂၀၂၇ ခုနှစ်တွင် တပ်တော်ဝင်မည့် TF-2000 အတန်းအစား လေကြောင်းရန် ကာကွယ်ရေး ဖျက်သင်္ဘောမှာ တပ်ဆင်ဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ဒီ ပစ်လွှတ်စနစ် စီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ တပ်တော်ဝင်မယ့် I-class ဖရီးဂိတ်သင်္ဘောများမှာ တပ်ဆင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဒီ ပြည်တွင်းဖြစ် ဒေါင်လိုက်ပစ်လွှတ်စနစ်ကို လက်ရှိ တူရကီတို့ စမ်းသပ်နေတဲ့ တာဝေးပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည် Siper သို့မဟုတ် Hisar-U နှင့် ဗျူဟာမြောက် မြေပြင် တိုက်ခိုက်ရေး စစ်ဆင်ရေးသုံး ခရုဇ် ဒုံးကျည် Gezgin များကို ထည့်သွင်း ပစ်ခတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။
Knowledgeworms Copyright © 2021