ငရဲတံခါးဝ လို့ခေါ်တဲ့ တွင်းကြီးကို ပိတ်ပစ်တော့မယ့် တာမင်နစ္စတန်

News Travel

၂၀၂၂ ခုနှစ်မှာတော့ ကပ်ရောဂါ ဆိုက်ကပ်ထားတဲ့ ကမ္ဘာကြီး အတွက် စိတ်ဝင်စားစရာ သတင်းလေးတွေ တခုပြီး တခု ရှိလာနေပါတယ်။

မကြာသေးမီကပဲ တာမင်နစ္စတန် နိုင်ငံတွင် တည်ရှိနေတဲ့ ဓာတ်ငွေ့တွေ လောင်ကျွမ်းနေတဲ့ “ငရဲ တံခါး” လို့ ခေါ်တွင်ကြတဲ့ နာမည်ကျော် Darvaza တွင်းဝကြီးကို ပိတ်ပစ်ဖို့ အတွက် ကြေငြာခဲ့ပါတယ်။

ဒီလို ကြေငြာမှုကို တာမင်နစ္စတန် နိုင်ငံရဲ့ သမ္မတ Gurbanguly Berdymukhamedov ဟာ ရုပ်မြင်သံကြားကနေ တဆင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Karakum ကန္တာရအတွင်းမှာ တည်ရှိနေတဲ့ ဒီ တွင်းကြီး အတွင်းမှာ ဓာတ်ငွေ့များဟာ ယိုစိမ့်နေခဲ့ပြီး ဆယ်စုနှစ်တခု မက အဆက်မပြတ် လောင်ကျွမ်းနေခဲ့တာပါ။

“ငရဲ တံခါး” “ငရဲ ပါးစပ်” နှင့် အခြား ကမ္ဘာပျက်သုဉ်းခြင်း နှင့် သက်ဆိုင်သည့် နာမည်များ ပေးထားတဲ့ Darvaza တွင်းကြီးဟာ ၁၉၇၁ ခုနှစ်လောက် ကတည်းက လောင်ကျွမ်းနေခဲ့တာ ဖြစ်ပါတယ်။

ယခင် တာမင်နစ္စတန် နိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုအောက် ရှိနေစဉ်အတွင်း ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းတခု၌ အမှားအယွင်းကြောင့် ဒီတွင်းကြီး ဖြစ်လာတယ်လို့ အများက ယုံကြည် ခဲ့ပါတယ်။

ဒါပေမယ့် ကနေဒါနိုင်ငံသား တယောက်၏ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ဒီလောင်ကျွမ်းမှုဟာ ဘယ်ကဖြစ်လာတယ်ဆိုတာ အတိအကျ မသိကြဘူလို့ သိရပါတယ်။

ဒေသတွင်း ဘူမိဗေဒပညာရှင်များကတော့ တွင်းကြီးဟာ ၁၉၆၀ ခုနှစ်မှာ စတင်ပေါ်ပေါက်လာပြီး ၁၉၈၀ မှာ စတင် လောင်ကျွမ်းခဲ့တာလို့ ပြောကြပါတယ်။

အကြမ်းဖျင်းအားဖြင့် အကျယ် ပေ ၂၀၀ (မီတာ ၇၀) နှင့် အနက် အနည်းဆုံး ၆၅ ပေ (မီတာ ၂၀) လောက် ရှီတဲ့ ဒီတွင်းကြီးဟာ ရုတ်တရက်ကြည့်လိုက်ပါက တခြား ကမ္ဘာတခုကို ချိတ်ဆက် ပေးထားသည့် သဖွယ် ဖြစ်နေပါတယ်။

လောင်ကျွမ်းနေတဲ့ နှစ်ကာလ ကြာမြင့်လာတဲ့နဲ့ အမျှ တွင်းကြီးဟာ တာမင်နစ္စတန် နိုင်ငံရဲ့ ခရီးသွားများအတွက် အဆွဲဆောင်နိုင်ဆုံး နေရာတခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီတွင်းကြီးဟာ စိတ်ဝင်စားဖွယ်ရာ ကောင်းသလို ကြောက်စရာလည်း ကောင်းပါတယ်။

ဒါပေမယ့် ယခုလို အဆက်မပြတ် လောင်ကျွမ်းနေတဲ့ အတွက် ကြောင့် ပတ်ဝန်းကျင် ဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ စိုးရိမ်စရာများ ဖြစ်ပေါ် လာရပါတယ်။

AFP သတင်းဌာန၏ အဆိုအရ သမ္မတဟာ အစိုးရ အရာရှိများကို ဒီတွင်းကြီး၏ လောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နိုင်ဖို့အတွက် နည်းလမ်း ရှာခိုင်းခဲ့တယ်လို့ သိရပါတယ်။

၎င်းမှ “ဒီအရာဟာ အနီးအနားမှာ နေထိုင်တဲ့ လူများရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် နှစ်ခုလုံးကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ပေးနေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် “ကျွန်တော်တို့ဟာ အကျိုးအမြတ် သိသိသာသာ ရရှိနိုင်ပြီး လူတွေ ဘဝကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် တန်ဖိုးရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ဆုံးရှုံးနေရတယ်” လို့ ပြောပါသေးတယ်။

ဒါဟာ ၎င်းရဲ့ ပထမဆုံး ကြိုးစားမှုတော့ မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ် တုန်းကလည်း ၎င်းဟာ အဆိုပါ တွင်းကို ငြှိမ်းသတ်ဖို့ ညွှန်ကြားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တာမင်နစ္စတန် နိုင်ငံဟာ ကမ္ဘာပေါ်တွင် သဘာဝ ဓာတ်ငွေ့ စတုတ္ထ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.