ဂျပန်မှ တီထွင်ထားတဲ့ လျှာနဲ့ လျှက်ပြီး အရသာခံနိုင်တဲ့ TV ဖန်သားပြင်

Innovation Tech

အနာဂါတ်မှာ Video call က ဖြစ်စေ အင်တာနက်ပေါ် ကတဆင့် စားစရာ တခုခုကို “စားပါဦး” ဆိုပြီး အရသာ မြည်းခိုင်းလို့ ရတော့မယ် ထင်ပါတယ်။

အကြောင်းကတော့ ဂျပန်မှ ပါမောက္ခတဦးဟာ အစားသောက် အရသာများကို တုပနိုင်တဲ့ TV ဖန်သားပြင် တခုကို တီထွင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

ဒါဟာ တီဗွီမှာ လာတာတဲ့ ရုပ်သံအစီအစဉ်မှာ အရသာ ထည့်ထားတာပဲ ဖြစ်ဖြစ် အခြား ဆက်သွယ်ရေး ကဏ္ဍမှာပဲ ဖြစ်ဖြစ် အရသာခံနိုင်တဲ့ အတွေ့အကြုံကို ဖန်တီးနိုင်ဖို့အတွက် ခြေလှမ်းသစ်တခုပဲ ဖြစ်ပါတယ်။

Taste the TV (TTTV) လို့ခေါ်တဲ့ အဲဒီ့ ကိရိယာဟာ အစားအစာ တခု၏ အရသာကို ဖန်တီးဖို့အတွက် ပေါင်းစပ် ထုတ်လုပ်ထားတဲ့ အနံ့ အရသာဘူးပေါင်း ၁၀ ဘူးပါတဲ့ ပုံးတခုကို အသုံးပြုထားပါတယ်။

Image: Courtesy of Reuters/Kim Kyung-Hoon

အဲဒီ့နောက်မှာတော့ အရသာရဲ့ နမူနာကို ကြည့်ရှုသူမှ စမ်းသပ်နိုင်ရန် တီဗွီ ဖန်သားပြင်ပေါ်တွင်ရှိသည့် ပိုးသတ်သန့်ရှင်းထားသည့် အပြားပေါ်တွင် ပျံ့နှံ့ထားစေမှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ ကပ်ရောဂါကာလ တွေမှာ ပြင်ပကမ္ဘာနှင့် လူတို့အကြား ဆက်ဆံပုံကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ Meiji တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Homei Miyashita က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ အိမ်မှာ နေချိန်မှာတောင် ကမ္ဘာ့ အခြား တဖက်က စားသောက်ဆိုင်မှာ စားသောက်ရတဲ့ အတွေ့အကြုံမျိုး ရရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

Image: Courtesy of Лампа знаний

Miyashita ဟာ ဒီလို အရသာမျိုးစုံ ထုတ်ပေးနိုင်တဲ့ ပစ္စည်းကို ၎င်း၏ ကျောင်းသား ၃၀ ပါဝင်တဲ့ အဖွဲ့နှင့် အတူတူ ပြုလုပ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ ကျောင်းသားများ အဖွဲ့ဟာ အရသာကို ပိုမိုကောင်းမွန်စေတဲ့ ခရင်း အပါအဝင် အခြား အရသာနှင့် ဆက်နွယ်တဲ့ ပစ္စည်းပေါင်း မြောက်များစွာ ထုတ်လုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

၎င်းအဆိုအရ သူဟာ TTTV ရဲ့ ရှေ့ပြေး ပုံစံကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူ့အတွက် ဖန်တီးခဲ့ပြီး ဖြစ်ကာ စီးပွားဖြစ် ထုတ်လုပ်ဖို့ဆိုရင် ယန်း ၁ သိန်း (၈၇၅ ဒေါ်လာ) လောက် ကျသင့်မယ်လို့ သိရပါတယ်။

လက်တလော ဖြစ်နိုင်ချေရှိသည့် ဒီပစ္စည်းကို အသုံးချမည့် နေရာများတွင် ဝိုင်အရသာနှင့် ပတ်သက်သည့် သင်ယူခြင်းများ၊ ချက်ပြုတ်ခြင်း နှင့် အရသာခံသည့် ဂိမ်းများ နှင့် ပဟေဠိများ ပါဝင်ပါတယ်။

Image: Courtesy of Лампа знаний

Miyashita ဟာ ဒီနည်းပညာတင် မကဘဲ အခြား အရသာ ပြောင်းလဲစေတဲ့ spray technology လို့ခေါ်တဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အရသာဖျန်းစက်ကိုလဲ ဖန်တီးထားပါသေးတယ်။

သူဟာ ပေါင်မုန့်ချပ်တွေကို ပီဇာ သို့မဟုတ် ချောကလတ်အရသာ ဖြစ်အောင် ပြောင်းလဲပေးမယ့် ၎င်း၏ အရသာဖျန်းစက်နှင့် ပတ်သက်ပြီး ကုမ္ပဏီများနှင့် ပြောဆိုထားမှုများ ရှိနေပါတယ်။

ကမ္ဘာတဝှမ်းမှ အရသာများကို သီချင်း ဂီတ များကဲ့သို့ download လုပ်နိုင်ပြီး အသုံးပြုသူများ နှစ်သက် ခံစား နိုင်သည့် အ နေ အထားတခု အထိရောက်အောင် ဖန်တီးဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

Meiji တက္ကသိုလ်မှ ကျောင်းသူတဦးဟာ TTTV ကို ချောကလတ် အရသာ လိုချင်တယ်လို့ ပြောကာ သတင်းထောက်များရှေ့တွင် သရုပ်ပြသမှုများ ပြုလုပ်ခဲ့ပါတယ်။

Image: Courtesy of Reuters/Kim Kyung-Hoon

အဲဒီနောက် အလိုအလျှောက် ထွက်လာတဲ့ အသံဟာ မှာယူတဲ့ အကြောင်းကို ထပ်ခါထပ်ခါ ပြောဆိုပြီး ပလတ်စတစ်ပြားပေါ်သို့ ရသာရည်များ ပတ်ဖျန်းပေးလိုက်ပါတယ်။

“နို့ချော့ကလက်နဲ့ တူပါတယ်” “ချိုတာကလည်း ချောကလက် အနှစ်အတိုင်းပါပဲ” လို့ သူမက ပြောပြခဲ့ပါတယ်။

အနာဂါတ်အတွက် ဒီလိုအောင်မြင်မှုဟာ ခြေလှမ်းသစ်တခု ဖြစ်ပြီး လူမှု ဆက်ဆံရေး နှင့် လေ့လာရေး ကဏ္ဍများတွင် အင်တာနက်မှ တဆင့် ပိုမို တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *